Saturday, February 28, 2015

ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အားပေးစနစ်ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်



နေပြည်တော် ဖေဖော်ဝါရီ ၂၇
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ရှိ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့ရှိ ဂုန်းချွိန်ကျေးရွာ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ကျောက်ဖြူမြို့ GAS Engine များမှ ရခိုင်ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားစနစ်သို့ လျှပ်စစ် ဓာတ်အားပို့လွှတ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယနေ့ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးသည့် ရေအား၊ သဘာဝဓာတ်ငွေ့နှင့် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံ စုစုပေါင်း ၄၄ ရုံဖြစ်ပြီး၊ စုစုပေါင်း စက်တပ်ဆင်အား ၄၇၁၄ မဂ္ဂါဝပ်ရှိပါကြောင်း၊ ဓာတ်အားစနစ် ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ၂ဝ၁၄ ခုနှစ် အတွင်း အများဆုံး ၂၂၃၂ မဂ္ဂါဝပ် အထိရှိပါကြောင်း။
၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်က အိမ်ထောင် စုပေါင်း (၂ ဒသမ ၄၂)သန်း အတွက် သာ လျှပ်စစ်ဓာတ်အားပေးနိုင်ခဲ့ပြီး ယခု၂ဝ၁၅ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း (၃ ဒသမ ၁၅ )သန်း အထိ ဓာတ်အားပေးထားနိုင်သည့်အတွက် (၃၄ ဒသမ ၆) ရာခိုင်နှုန်းခန့် ဓာတ်အား သုံးစွဲလာနိုင်ပြီဖြစ်ပါ ကြောင်း၊ လျှပ်စစ်ဓာတ်အားမရသေး သည့် ပြည်သူ (၆၅ ဒသမ ၄) ရာခိုင် နှုန်းဖြစ်သည့် ကျန်အိမ်ထောင်စုပေါင်း (၆ ဒသမ ၁၃) သန်းကို ဓာတ်အား ဆက်သွယ်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် လက်ရှိ ဆောင်ရွက်မှုနှုန်း၏ သုံးဆ တိုးမြှင့်ပြီး ဆောင်ရွက်မည်ဆိုပါက အချိန် (၁၂) နှစ်ခန့် ဆက်တိုက် ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါ ကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း စွမ်းအင်အရင်းအမြစ် အမျိုးမျိုးဖြစ် သည့် ရေအား၊ သဘာဝဓာတ်ငွေ့၊ လေစွမ်းအင်၊ နေစွမ်းအင်၊ ကျောက်မီး သွေးစသည့် ဓာတ်အားထုတ်လုပ်ပေး နိုင်မည့် နည်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ရခိုင်ပြည်နယ်နေ့ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ရခိုင် ပြည်နယ်နှင့် နိုင်ငံတော် ဓာတ်အားပေး စနစ် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း ဖွံ့ဖြိုးတိုးတက် စေရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ်တွင် မဟာဓာတ်အား လိုင်းမချိတ်ဆက်နိုင်သေးမီ ကာလ တစ်လျှောက်လုံး ဒီဇယ်ဆီမီးစက်များမှ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်လျှင် အနည်းဆုံး ငွေကျပ် ၄၅ဝ ခန့်ပေးပြီး သုံးစွဲနေခဲ့ရသည်ကို နိုင်ငံတော်အစိုးရ အနေဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး နည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ သည်ကို ရှင်းလင်းတင်ပြလိုပါကြောင်း၊ ပထမအဆင့်တွင် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့စတင် သုံးစွဲနိုင်သည်နှင့် ဓာတ်အားအမြန် ထုတ်လုပ်နိုင်ရန် ကျောက်ဖြူတွင် (၄ ဒသမ ၄) မဂ္ဂါဝပ် ဓာတ်ငွေ့အင်ဂျင် စက်များ ငှားရမ်းပေးပြီး၊ ကျောက်ဖြူ မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ၂ဝ၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက် က စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်နှင့် အနီးဆုံးဖြစ်သည့် ဥသျှစ်ပင် ဓာတ်အားခွဲရုံမှ တစ်ဆင့် တောင်ကုတ်- မအီ-ကျောက်ဖြူတို့ကို မဟာ ဓာတ်အားလိုင်းများ သွယ်တန်း တည်ဆောက်ပြီး ဓာတ်အားစနစ်နှင့် ချိတ်ဆက်ပေးရန် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း စုစုပေါင်း (၄ဝ၈ ဒသမ ၂၅) မိုင်ကို တည်ဆောက်ရာတွင် ရခိုင်ရိုးမကို ဖြတ်ကျော်တည်ဆောက်ရခြင်း ဖြစ် သည့်အတွက် ပစ္စည်းများ လုပ်ငန်းခွင် ရောက်ရှိရန် သယ်ယူပို့ဆောင်ရေး အခက်အခဲများအပြင် မိုးများသည့် ဒေသဖြစ်သည့်အတွက် လိုင်းတည် ဆောက်ရေးဝန်ထမ်းများ မိုးထဲရေထဲ တွင် ဇွဲနပဲကြီးစွာ ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ယင်းကြိုးပမ်းချက် ရလဒ် အဖြစ် ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တောင်ကုတ်၊ သံတွဲ၊ ငပလီ၊ အမ်း၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့များကို ဓာတ်အားပေးစနစ်မှ ဓာတ်အားဖြင့် စတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ဝန်း လျှပ်စစ် ဓာတ်အားပေးနိုင်ရေး စီမံကိန်းများ အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၁ဝ၂ ဒသမ ၄၁၉) သန်းနှင့် ပြည်တွင်း ငွေကျပ် (၈၈ ဒသမ ၅ဝ၈) ဘီလီယံ သုံးစွဲခဲ့ရပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည် နယ်နှင့် တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ပြီး လူနေမှုအဆင့်အတန်းမြင့်မားလာရေး၊ စိုက်ပျိုးရေးအခြေခံ အသေးစားစက်မှု လက်မှုလုပ်ငန်းများ ထူထောင်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ များ တိုးတက်နိုင်ရေးတို့ကို အဓိက အလေးထားပြီး ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင်လည်း လျှပ်စစ်ဓာတ်အား ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ဖြစ်ထွန်းရေးအတွက် ရခိုင် ပြည်နယ်အပါအဝင် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍ အားလုံး မှာ ဖွံ့ဖြိုးတိုးတက်အောင်မြင်လာ တော့မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရနှင့်အတူ ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများက တစ်စိတ် တစ်ဝမ်း၊ တစ်သားတည်း အတူတကွ ကြိုးပမ်းဆောင်ရွက်သွားကြရေး ရှင်း လင်းပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း၊ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးထိန်လွင်နှင့် Zeya & Associates Co,..Ltd Managing Director ဦးဇေယျသူရမွန်တို့က လျှပ်စစ်ဓာတ်အားပေး စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းကGAS Engine အား စတင်မောင်းနှင်ပေးကာ လျှပ်စစ် ဓာတ်အားထုတ်လွှတ်မှုကို ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အခမ်းအနား သို့ တက်ရောက်လာကြသူများသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်း အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြ သည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း စီမံကိန်းများ ဆောင်ရွက်လျက်ရှိရာ လက်ရှိ ဓာတ်အားစနစ်ဖြင့် သံတွဲမြို့၊ ငပလီမြို့၊ တောင်ကုတ်မြို့၊ အမ်းမြို့၊ စစ်တွေမြို့၊ ပုဏ္ဏားကျွန်းမြို့၊ ကျောက်တော်မြို့၊ မြောက်ဦးမြို့၊ ကျောက်ဖြူမြို့နှင့် ရမ်းဗြဲမြို့များကို မီးလင်းစေခဲ့ပြီး ဖြစ် ကြောင်း၊ ၂ဝ၁၅ ခုနှစ်အတွင်း ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်း နိုင်ရန်အတွက် မင်းပြား၊ မဒေးကျွန်း၊ ပေါက်တော၊ မြေပုံ၊ မအီ၊ ဂွ၊ တပ်တောင်၊ ကမ်းထောင့်ကြီး စသည့် မြို့များကို ဓာတ်အားစနစ်ဖြင့် ဆက်လက် မီးလင်းနိုင်စေရန် ဆောင်ရွက်နေ ကြောင်း၊ အလားတူ ဓာတ်အားစနစ်ဖြင့် ဆက်လက်မီးလင်းနိုင်မည့် မြို့များ အဖြစ် ကျိန္တလီမြို့နယ်ခွဲ၊ ရသေ့ တောင်မြို့နယ်၊ ဘူးသီးတောင် မြို့နယ်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲများကို လျှပ်စစ်မီးရရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကွှ့The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာတွင် မှားယွင်းရေးသားဖော်ပြမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ စာတစ်စောင်ရေးသားပေးပို့




နေပြည်တော် ဖေဖော်ဝါရီ ၂၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)သို့ The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာ၌ မှားယွင်းရေးသား ဖော်ပြမှုအတွက် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် ယနေ့တွင် စာတစ်စောင်ရေးသားပေးပို့ခဲ့ကြောင်း သိရ သည်။
၂၅-၂-၂ဝ၁၅ ရက်နေ့ထုတ်The Daily ELEVEN နေ့စဉ်ထုတ်သတင်းစာ စာမျက်နှာ(၄)တွင် "အဂတိ လိုက်စားမှုတိုက်ဖျက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုပြန်လည်သုံးသပ်ရေး အလုပ်ရုံဆွေးနွေး"ဟူသော သတင်းကို ရေးသားဖော်ပြရာ ဓာတ်ပုံအောက် တွင် ဖော်ပြသောပုံစာမှာ "ဆေးသုတေသနဦးစီးဌာန (အောက် မြန်မာပြည်) သုတေသနဓာတ်ခွဲခန်းတစ်ခုအား တွေ့ရစဉ်"ဟု ဖော်ပြထားခြင်း၊ သတင်း၏ စတုတ္ထအပိုဒ် တွင် "မြန်မာနိုင်ငံ အဂတိလိုက်စားမှုကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက ..."ဟု ကော်မရှင်အမည် ပြည့်စုံမှန်ကန်စွာ မဖော်ပြဘဲ မှားယွင်းဖော်ပြခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဖြေရှင်းပေးရန် စာရေးသား ရခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန်စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ်လုံခြုံရေးနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး



နေပြည်တော် ဖေဖော်ဝါရီ ၂၇
သြစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် နှစ်ပေါင်း ၆ဝ ကျော်ကောင်းမွန် သော သံတမန်ဆက်ဆံရေးရှိခဲ့သည့်နိုင်ငံဖြစ်၍ မြန်မာနိုင်ငံ၊ မြန်မာ့တပ်မတော် အနေဖြင့် အလေးထားပါကြောင်း၊ သြစတြေးလျနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စစ်ဘက်သာမက နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်ရန် အခွင့်အရေးများ လည်း ရှိပါကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်အား လက်ခံတွေ့ဆုံရာတွင် ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာသြစတြေးလျ နိုင်ငံ သံအမတ်ကြီး မစ္စတာ နီကိုးလတ်ကော့ပယ်လ်နှင့် စစ်သံမှူး Captain Jonathan Dudley တို့ တက်ရောက်ကြသည်။
ဧည့်သည်တော်သံအမတ်ကြီးက မိမိတို့နှစ်နိုင်ငံသည် နွေးထွေးသည့် ဆက်ဆံရေးရှိသည်သာမက နှစ်နိုင်ငံလုံးမှာ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်လိုကြပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေးတိုးမြှင့်ရန်လည်း စိတ်အားထက်သန်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိစ္စရပ်များအား အပြည့်အဝ ထောက်ခံပါကြောင်း၊ ကိုးကန့်ဒေသတွင် နိုင်ငံတော်အတွက် အသက် စွန့်သွားရသော တပ်မတော်သားများအတွက်လည်း ဝမ်းနည်းပါကြောင်း၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများ အောင်မြင်ပြီး တစ်နိုင်ငံလုံးတည်ငြိမ် အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ နိုင်ငံတော် ကာကွယ်ရေးတွင် လိုအပ်လျှင် အသက်စွန့်လွှတ်ရပါကြောင်း၊ လျှောက်လှမ်း နေသည့် ဒီမိုကရေစီလမ်းကြောင်းကို မထိခိုက်စေရန် ကာကွယ်ခြင်းဖြစ်၍ လုပ်သင့်လုပ်ထိုက်သည့် အလုပ်ဟု ခံယူထားပါကြောင်း၊ ကိုးကန့်သောင်းကျန်း သူများက ¤င်းတို့သည် အစိုးရကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တပ်မတော်ကိုသာ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေသော်လည်း ကိုးကန့်ဒေသသည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်၍ နိုင်ငံတော်အစိုးရ၏ တစ်စိတ်တစ်ဒေသပင် ဖြစ်ကြောင်း၊ လောက်ကိုင်ဒေသတွင် အစိုးရရုံးဌာန အဆောက်အအုံ၊ လူပုဂ္ဂိုလ်၊ တပ်ဌာနချုပ် များကို တိုက်ခိုက်ခြင်းဖြစ်၍ တပ်မတော်အနေဖြင့် မဖြစ်မနေ ကာကွယ်ရမှာ ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုအမြန်ဆုံးရရှိနိုင်မည့် လမ်းကြောင်းမှာ စစ်အုပ်ချုပ်ရေးသာဖြစ်၍ ရွေးချယ်ဆောင်ရွက်ခဲ့ရခြင်းဖြစ် ကြောင်း၊ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ သြစတြေးလျနိုင်ငံ၏ အပြုသဘောဆောင်သည့် ကူညီလုပ်ဆောင်လိုမှုများ ကိုလည်း ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။
အလားတူ မြန်မာ-လာအိုနှစ်နိုင်ငံနှင့်တပ်မတော်နှစ်ရပ်အကြား ရှည်လျား သော သမိုင်းကြောင်းနှင့်ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးရှိခဲ့၍ ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပါကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်အား လက်ခံတွေ့ဆုံ ရာတွင် ထည့်သွင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်ရင်းဆိုင်ညဇန်နှင့်အတူ စစ်သံမှူး Colonel Daokai Lertlivanh နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်နိမိတ်ဆက်စပ်ရာ ရွှေတြိဂံနယ်မြေအတွင်း မူးယစ် ဆေးဝါးပြဿနာအချို့ရှိသဖြင့် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများနှင့်ပတ်သက်၍ အပြန်အလှန် ပူးပေါင်းတားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် နယ်စပ်ဒေသတိုင်းရင်းသား ဓလေ့စရိုက်တူညီမှုများ ရှိသဖြင့် ပြည်သူများ အပြန်အလှန်လည်ပတ်နိုင်ရေး လမ်းဖွင့်ပေးစေလိုပါကြောင်း၊ နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးနှင့် နယ်ပယ်စုံတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး အကြံပြုလိုပါကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။
ဧည့်သည်တော်သံအမတ်ကြီးက မြန်မာ-လာအို သံတမန်ဆက်ဆံရေး နှစ် ၆ဝ ပြည့်အထိမ်းအမှတ်အဖြစ် တပ်မတော်ယဉ်ကျေးမှုအဖွဲ့နှင့် ဘောလုံး အားကစားအဖွဲ့များကို စေလွှတ်သွားလိုပါကြောင်း၊ ရွှေတြိဂံဒေသ မူးယစ် ဆေးဝါးပြဿနာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသောကိစ္စဖြစ်၍ ပူးပေါင်း တိုက်ဖျက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် ဆက်ဆံရေး တိုးတက်မှုသာမက နှစ်နိုင်ငံအတွက် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် တပ်မတော်နှစ်ရပ်အကြား နှစ်နိုင်ငံဘာသာစကား အပြန်အလှန် စေလွှတ်သင်ကြားရေး၊ နယ်စပ်တည်ငြိမ်လုံခြုံရေးနှင့် ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးပြောကြားသည်။
မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် ၁၉၅၅ ခုနှစ်၊ ဇူလိုင် ၁၂ ရက်တွင် သံတမန်ဆက်ဆံရေးစတင်ထူထောင်ခဲ့ပြီး ရန်ကုန်မြို့တွင် လာအိုနိုင်ငံသံရုံးကို ၁၉၅၆ ခုနှစ်၊ သြဂုတ် ၉ ရက်တွင် စတင်ဖွင့်လှစ်ကာ မြန်မာသံရုံးကို လာအို နိုင်ငံ ဗီယင်ကျန်းမြို့၌ ၁၉၆၇ ခုနှစ်၊ ဧပြီ ၂၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
(မြဝတီ)


28.2.2015(ကြေးမုံ ကာတွန်း)

အင်အားရှိသော တပ်မတော်



တပ်မတော်(လေ)၏ အပေါ့စားတိုက်ခိုက်ရေး အမောင်းသင် ဂျက်လေယာဉ်များနှင့် အလတ်စားသယ်ယူပို့ဆောင်ရေး လေယာဉ်များ တပ်တော်ဝင်အခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က မိတ္ထီလာမြို့ ၌ ကျင်းပခဲ့ရာ မြန်မာ့တပ်မတော်၏ အင်အားရှိသော စွမ်းဆောင်မှုများကို မြင်တွေ့ခဲ့ရပါသည်။
နိုင်ငံတိုင်း နိုင်ငံတိုင်းသည် မိမိတို့တပ်မတော်ကို ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်အောင်၊ ကာကွယ်ရေးစွမ်းရည်များပြည့်ဝသည့် တပ်မတော် တစ်ရပ်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လေ့ရှိပါသည်။ ထိုသို့စွမ်းဆောင် ရာတွင် လူပုဂ္ဂိုလ်ပိုင်းဆိုင်ရာ စွမ်းရည်တိုးတက်ရေးနှင့် ကာကွယ်ရေးပစ္စည်း ပိုင်းဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ဖြည့်ဆည်းဆောင်ရွက်လေ့ရှိပါသည်။
လူသားစွမ်းရည်တိုးတက်မှုနှင့် ကာကွယ်ရေးစစ်လက်နက်ပစ္စည်းများ မြင့်မားခေတ်မီရေးသည် ခေတ်မီတပ်မတော်ဖြစ်ထွန်းရေးအတွက် ဆောင်ကြဉ်းပေးသည့်အရာများဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် စက်မှု ဖွံ့ဖြိုးသော နိုင်ငံမဟုတ်သည့်အတွက် အတတ်ပညာ၊ နည်းပညာမြင့်မား သည့် နိုင်ငံ၏အကူအညီကို ရယူဆောင်ရွက်ရသလို ကိုယ်ပိုင်စွမ်းရည်၊ ကိုယ်ပိုင်အင်အား၊ ကိုယ်ပိုင်စိတ်ဓာတ်တို့ဖြင့်လည်း ထူထောင်တည်ဆောက် ကြပါသည်။
စစ်၏သဘောတရားအရ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင် ရာတွင် မြေထု၊ ရေထု၊ လေထုကို အသုံးပြုဆင်နွှဲရပါသည်။ ထို့ကြောင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)တို့၏ စွမ်းအားကိုမြင့်မားအောင် ခေတ်နှင့်အညီ စစ်ရေးဆိုင်ရာလိုအပ်ချက်များကို အစဉ်အမြဲဖြည့်ဆည်းပေးနေရသည်မှာ မိမိ နိုင်ငံနှင့် မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးရေး ရည်ရွယ်ချက် ဖြစ်ပါသည်။
မကြာသေးမီက ကျင်းပခဲ့သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့နှင့် ဗိုလ်ရှုခံ အခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီးအား ချီတက်အလေးပြုကြသော တပ်မတော် ၏လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်၊ အမြောက်တပ်ဖွဲ့စွမ်းရည်၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့စွမ်းရည်၊ ဆက်သွယ်ရေးတပ်ဖွဲ့စွမ်းရည်၊ ကြည်း၊ ရေ၊ လေ တပ်မတော် သားများ၏အင်အားနှင့် စစ်လက်နက်ပစ္စည်းများ၊ ဝေဟင်တွင် အုပ်စုဖွဲ့ ပျံသန်း ပြခဲ့သည့် တပ်မတော်(လေ)၏ စွမ်းရည်များကို မြင်တွေ့ကြရသော ပြည်သူ အပေါင်း၏ စိတ်နှလုံးတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် မိမိနိုင်ငံ၊ မိမိလူမျိုးအား ကာကွယ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်ကြမည်မှာ အမှန်ဖြစ်သည်။
လွတ်လပ်ရေးရရှိပြီး ၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံ၏ပိုင်နက်နယ်မြေကို ကျူးကျော်လာသူတို့အား မြန်မာ့တပ်မတော်က ရဲဝံ့စွန့်စားစွာ တွန်းလှန်တိုက်ထုတ် ရာ၌ တပ်မတော်(လေ)မှ စက်စနာကင်းထောက်လေယာဉ်၊ ဆီးဖြူရီတိုက် လေယာဉ်တို့ဖြင့် ရဲဝံ့စွန့်စားစွာဖြင့် တိုက်ထုတ်နိုင်ခဲ့သည်။ တပ်မတော်(လေ) သည် ၁၉၆ဝ ဝန်းကျင်ကာလက အရှေ့တောင်အာရှတွင် ထိပ်တန်းမှ ရပ်တည် နိုင်ခဲ့သည်။
ထို့နောက် နှစ်ပေါင်း ၂ဝ ကျော်ကြာအောင် ပန်ကာတပ် တိုက် လေယာဉ်အဆင့်ဖြင့် အိမ်နီးချင်းနိုင်ငံများထက် နောက်ကျကျန်ခဲ့ရ သည်။
ယခုအခါ ပန်ကာတပ်လေယာဉ်အဆင့်မှ ဘက်စုံသုံးဂျက်တိုက် လေယာဉ်များကို အသုံးပြုပြီး ဒေသတွင်း နိုင်ငံများကို အမီလိုက်နိုင်ခဲ့သည်။ ထိုသို့အမီလိုက်နိုင်ရန်အတွက် တပ်မတော်၏စွမ်းရည်ဖြင့် လေယာဉ် မျိုးဆက်များကို ခုန်ပျံကျော်လွှားရသည်။ တပ်မတော်၏ လေကြောင်းစွမ်းအား သည် စစ်နည်းဗျူဟာမြောက် လေတပ်စွမ်းအင်ကို လက်ဝယ်ပိုင်ပိုင်ရရှိခဲ့သည်။ ပိုမိုပြည့်စုံသော စစ်နည်းဗျူဟာမြောက် လေတပ်တစ်ခုကို တက်လှမ်းနိုင်ရန် လက်တစ်ကမ်းအလိုသာရှိတော့သည်။
ထို့ကြောင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ၊ မြေထု၊ ရေထု၊ လေထု ပိုင်နက်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်နိုင်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အင်အားစုအဖြစ် အသင့်ရှိ နေပြီဖြစ်သည်။ ခေတ်စနစ်ပြောင်းလဲမှုနှင့်အတူ ခေတ်မီတပ်မတော်ကြီးဖြစ် ထွန်းအောင် စဉ်ဆက်မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်လျက်ရှိသည်။ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိလာကာ ပြည်သူကိုအစဉ် အမြဲကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ နိုင်ငံ့အချုပ်အခြာအာဏာကို ထိပါးစော်ကားသူမှန်သမျှကို အမြစ်ကမကျန် တွန်းလှန်ဖယ်ရှားနိုင်မည်ဖြစ် ပါသည်။ ။

စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ


 'စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းများသိမ်းဆည်းရမိ

နေပြည်တော်    ဖေဖော်ဝါရီ     ၂၇

နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကန့်ကော်ပင်ကျေးရွာနေ ထွန်းလှ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ခြေအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂ ပြားနှင့် နေအိမ်ခုတင်အောက် စီးကရက်ဘူးခွံအတွင်းမှ ပလတ်စတစ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂ ပြား သိမ်းဆည်းရမိသဖြင့် ထွန်းလှ(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၅ ရက်က အမရပူရမြို့နယ် ရွှေကြက်ယက် မထသ ဂိတ်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် (၂ဝ)တွင် လိုက်ပါလာသူ မအေးလူ၏ ထိုင်ခုံအပေါ် ဘောက်ရှိ လက်ဆွဲအိတ်အတွင်းမှ ဂျပ်ဖာစက္ကူဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ ခွက် (ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၂ ကီလို) သိမ်းဆည်းရမိသဖြင့် မအေးလူ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီး-ဇလဲသွားကားလမ်း ဇလဲကျေးရွာ မိုင်တိုင်အမှတ် (၁ဝ/၂)တွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ အောင်မျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ  သိမ်းဆည်းရမိသဖြင့်  အောင်မျိုး(၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူပင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝ၉ ပြားအား သိမ်းဆည်း ရမိသဖြင့် လူမွှေး (ခ) ဝဏ္ဏလင်း(၃၃)နှစ်နှင့် ဂျူကိုဇင်သူ (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(မူးယစ်ဗဟို)'

နေပြည်တော် ဖေဖော်ဝါရီ ၂၇

နောင်တရားနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၄ ရက်က နောင်တရားမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စု ကန့်ကော်ပင်ကျေးရွာနေ ထွန်းလှ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ခြေအိတ်အတွင်းမှ ပလတ်စတစ်ဖြင့်ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၃၂ ပြားနှင့် နေအိမ်ခုတင်အောက် စီးကရက်ဘူးခွံအတွင်းမှ ပလတ်စတစ်ဖြင့် ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၃၂ ပြား သိမ်းဆည်းရမိသဖြင့် ထွန်းလှ(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ မူးယစ်တပ်ဖွဲ့စု (၁၇)မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၅ ရက်က အမရပူရမြို့နယ် ရွှေကြက်ယက် မထသ ဂိတ်တွင် မန္တလေးဘက်မှ မြစ်ကြီးနားသို့ ထွက်ခွာမည့် ခရီးသည်တင်ယာဉ်အား ရှာဖွေရာ ထိုင်ခုံအမှတ် (၂ဝ)တွင် လိုက်ပါလာသူ မအေးလူ၏ ထိုင်ခုံအပေါ် ဘောက်ရှိ လက်ဆွဲအိတ်အတွင်းမှ ဂျပ်ဖာစက္ကူဘူးဖြင့်ထည့်လျက် ဘိန်းဖြူ ဆပ်ပြာခွက် ၁ဝ ခွက် (ဘိန်းဖြူအလေးချိန် သုည ဒသမ ၁၂ ကီလို) သိမ်းဆည်းရမိသဖြင့် မအေးလူ (၅၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်က တောင်ကြီး-ဇလဲသွားကားလမ်း ဇလဲကျေးရွာ မိုင်တိုင်အမှတ် (၁ဝ/၂)တွင် ဇလဲကျေးရွာဘက်မှ တောင်ကြီးဘက်သို့ အောင်မျိုးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အနွေးထည်အင်္ကျီအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ဝ သိမ်းဆည်းရမိသဖြင့် အောင်မျိုး(၃ဝ)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။ အလားတူပင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ဝ၉ ပြားအား သိမ်းဆည်း ရမိသဖြင့် လူမွှေး (ခ) ဝဏ္ဏလင်း(၃၃)နှစ်နှင့် ဂျူကိုဇင်သူ (၂၇)နှစ်တို့နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(မူးယစ်ဗဟို)

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဆက်လက်ကျင်းပ





နေပြည်တော် ဖေဖော်ဝါရီ ၂၇

၂ဝ၁၅ ခုနှစ် စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘတ်စကက်ဘော၊ ဖူဆယ်၊ အလေးမ၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့နှင့် ဘော်လီဘော ပြိုင်ပွဲများကို နေပြည်တော်ရှိ သတ်မှတ်ထားသည့်နေရာများ၌ ယှဉ်ပြိုင် ကြသည်။

လက်ဝှေ့ပြိုင်ပွဲများကို မွန်းလွဲ ၂ နာရီတွင် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ ကျင်းပရာ အမျိုးသမီးဗိုလ်လုပွဲများ၌ ၄၅ ကီလိုတန်းတွင် နီနီကို(နေပြည်တော်)က လည်းကောင်း၊ ၄၈ကီလိုတန်းတွင် သက်ထားစံ(ကရင်)ကလည်းကောင်း၊ ၅၁ ကီလိုတန်းတွင် နှင်းမို့မို့နိုင်(ရှမ်း)ကလည်းကောင်း၊ ၅၄ကီလိုတန်းတွင် နွယ်နီဦး(ပဲခူး)က လည်းကောင်း၊ ၆ဝ ကီလိုတန်းတွင် ဘယ်ရောနီကာ(ရှမ်း)ကလည်းကောင်း အသီးသီးအနိုင်ရကာ ဗိုလ်စွဲကြပြီး အမျိုးသားအကြို ဗိုလ်လုပွဲစဉ်များလည်း ယှဉ်ပြိုင်ကြသည်။

ကရာတေးဒို(ကုမိတဲ့)ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-A ၌ ကျင်းပရာ အမျိုးသမီး ၅ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် သဇင်အေး(ကယား)က ပထမ၊ အေးအေးခိုင် (နေပြည်တော်)က ဒုတိယ၊ မော်မော်နိုင်(တနင်္သာရီ)နှင့် စောနန္ဒာ ကျော်(ရခိုင်)က ပူးတွဲတတိယ၊ ၆၈ ကီလိုအထက်ပြိုင်ပွဲတွင် ဇုန်လဲကျန်န်(ချင်း)က ပထမ၊ နီလာဝင်း (ရခိုင်)က ဒုတိယ၊ ငြိမ်းငြိမ်းလှ(ကချင်)နှင့် ဝင်းသူဇာမင်း (ကယား)က တတိယ၊ အသင်းလိုက်ပြိုင်ပွဲတွင် ကယားက ပထမ၊ ရန်ကုန်က ဒုတိယ၊ နေပြည်တော်နှင့် ဧရာဝတီက ပူးတွဲတတိယ၊ အမျိုးသား ၅၅ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် စံတိုး(ရန်ကုန်)က ပထမ၊ ကိုကို(မွန်)က ဒုတိယ၊ စောပလဲ ရယ်ဂျော့(ကယား)နှင့် ဝင်းရန်ပိုင်(နေပြည်တော်)က ပူးတွဲတတိယ၊ ၆ဝ ကီလိုနှင့် အောက်ပြိုင်ပွဲတွင် အောင်ခင်စစ်(ကယား)က ပထမ၊ မြင့်မောင် မောင်ဟိန်း(ရန်ကုန်)က ဒုတိယ၊ ထက်အောင်(နေပြည်တော်)နှင့် ကျော်ဇင်ထက် (ဧရာဝတီ)က ပူးတွဲတတိယ၊ ၈၄ ကီလိုအထက်ပြိုင်ပွဲတွင် မျိုးသူ(ရှမ်း)က ပထမ၊ ခင်ညွန့်(ကယား)က ဒုတိယ၊ အောင်ဇော်မင်း(မွန်)နှင့် အောင်သီဟ (ရန်ကုန်)က ပူးတွဲတတိယရရှိကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဝဏ္ဏသိဒ္ဓိကွင်း၌ ကျင်းပရာ ပဲခူးက ချင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသည်။
အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ဖူဆယ်အားကစားရုံ၌ ကျင်းပရာ တတိယနေရာလုပွဲတွင် ဧရာဝတီက ရှမ်းကို (၃-ဝ)ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်လုပွဲတွင် မန္တလေးက ပဲခူးကို (၈-၄)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-C ၌ ကျင်းပရာ အမျိုးသမီး တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် မိုးမိုးဇာ(နေပြည်တော်)က ပထမ၊ စုစုလှိုင် (နေပြည်တော်)က ဒုတိယ၊ သဇင်လှိုင်(မွန်)က တတိယ၊ အမျိုးသား တစ်ကိုယ်တော် လှံသိုင်းစွမ်းရည်ပြပြိုင်ပွဲတွင် သိုက်မောင်မောင်ထွန်း(စစ်ကိုင်း)က ပထမ၊ နေလင်းဦး (တနင်္သာရီ)က ဒုတိယ၊ အောင်သူ(ပဲခူး)က တတိယရရှိပြီး အမျိုးသား/အမျိုးသမီး ဗန်တိုအတိုက်နှင့် ဓားသိုင်းအတိုက် ဗိုလ်လုပွဲ များကို ကီလိုတန်းအလိုက် ယှဉ်ပြိုင်ကြသည်။

ဘတ်စကက်ဘော အကြိုဗိုလ်လုပွဲစဉ်များကို လေ့ကျင့်ရေးကွင်း၌ ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် စစ်ကိုင်းက ရှမ်းကို (၁၃၆-၃၂)မှတ်ဖြင့် လည်း ကောင်း၊ ပဲခူးက ဧရာဝတီကို (၅၅-၃၁)မှတ်ဖြင့်လည်းကောင်း အမျိုးသား ပွဲစဉ်တွင် ရန်ကုန်က ကရင်ကို (၆၄-၄၁)မှတ်ဖြင့်လည်းကောင်း၊ ကချင်က ရှမ်းကို (၇၂-၄၅)မှတ်ဖြင့်လည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက် သွားကြသည်။

ပိုက်ကျော်ခြင်းပြိုင်ပွဲ နှစ်ယောက်တွဲအဖွဲ့လိုက် အကြိုဗိုလ်လုပွဲစဉ်များ ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ-B ၌ကျင်းပရာ အမျိုးသမီးပွဲစဉ်တွင် ပဲခူးက ရှမ်းကိုလည်းကောင်း၊ မွန်က ဧရာဝတီကိုလည်းကောင်း၊ အမျိုးသားပွဲစဉ်တွင် ရခိုင်က တနင်္သာရီကိုလည်းကောင်း၊ စစ်ကိုင်းက ရန်ကုန်ကိုလည်းကောင်း အနိုင်ရကာ ဗိုလ်လုပွဲ တက်ရောက်ကြသည်။ သတင်းနှင့် ဓာတ်ပုံ - ကိုကိုစိုးညွန့်