Sunday, February 1, 2015

ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရေး စီမံကိန်းလုပ်ငန်းများ မိုးမကျမီပြီးစီးရေးဆောင်ရွက်လျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၃၁

ယနေ့နံနက် ၁၁ နာရီက လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းတို့ စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြရာ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းပြ မြေပုံဖြင့် မြစ်ကြောင်းတစ်လျှောက် စက်ယန္တရား အင်အားဖြန့်ခွဲပြီး အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေနှင့် အချိန်မီ အချိန်ကိုက် ရာနှုန်းပြည့် ပြီးစီးအောင် ဆောင်ရွက်နေမှု ၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့အား ပေါင်းစည်း ဆက်စပ်နေသော မြစ်ကြောင်း စီမံကိန်းအား ဘက်စုံအကျိုးဖြစ်ထွန်းစေရန် မြစ်ကြောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းနှင့် တစ်ချိန်တည်း တစ်ပြိုင်တည်း ပန်းလှိုင်မြစ်နှင့် ကုက္ကိုဝမြစ်တို့ ပေါင်းဆုံရာ မြစ်ဝနေရာနှင့် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ် တို့ပေါင်းဆုံရာ မြစ်ဝနေရာများ၌ ရေထိန်းတံခါး အခိုင်အမာတပ်ဆင် တည်ဆောက်ရန် လိုအပ်သော လုပ်ငန်းများကို နယ်သာလန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ အထောက်အပံ့ဖြင့် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းနှင့် အကြိုလေ့လာ စူးစမ်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်အပေါ် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ရေရှည်တည်တံ့ခိုင်မြဲသော အကျိုးရလဒ်များကို ဒေသနေပြည်သူလူထုတို့ ရရှိခံစားနိုင်ရေးကို အချိန်မီ အချိန်ကိုက် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် နိုင်ငံတကာ အထောက်အပံ့အကူအညီများ၊ ပညာရှင်များအားကို ရယူ၍လုပ်ဆောင်ရန်ရှိသော လုပ်ငန်းများကို ဟန်ချက်ညီစွာဖြင့် စီမံချက်ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနိမ့်ပျံလေယာဉ် ကာရာဗန်အမျိုးအစား XY-AJK ဖြင့် မင်္ဂလာဒုံလေဆိပ် လှိုင်မြစ်ဝမှ ကုက္ကိုဝမြစ်ဝအထိ အရှည် ၃၄ ဒသမ ၅ မိုင် ၊ အကျယ် ပေ ၁၅ဝ ၊ အနက် ၁၈ ပေရှိသော ပန်းလှိုင်မြစ်ကြောင်းတစ်လျှောက် မြစ်ကြောင်းပြန်လည် တူးဖော်ခြင်းလုပ်ငန်းကို စက်ယန္တရားကြီးများဖြင့် ဖြန့်ခွဲဆောင်ရွက်နေမှုများကို အသေးစိတ်မှတ်တမ်းတင် ရိုက်ကူးခြင်း ၊ လေကြောင်းမှ တွေ့ရှိ ချက်များအပေါ် လုပ်ငန်းတိုးတက် အကောင်အထည်ဖော်နေမှုနှင့် အချိန်ကိုက်ပြီးစီးရေးအတွက် ဖြည့်တင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြေပြင်တူးဖော်ခြင်းလုပ်ငန်းများ၊ မြေစာများအား လမ်းခင်းခြင်းများကိုလည်းကောင်း၊ ပန်းလှိုင်မြစ်ကူးတံတားမှ မြစ်ကြောင်းတစ်လျှောက် တူးဖော်ပြီးစီးမှုအခြေ အနေများကိုလည်းကောင်း အသေးစိတ်ကြည့်ရှုစစ်ဆေးသည်။

ဤစီမံကိန်းပြီးစီးပါက ပန်းလှိုင်မြစ်ကြောင်း ဝဲ၊ ယာ တစ်လျှောက် လယ်မြေဧက ၁၂ဝဝဝဝ ကို ရေကြီး နစ်မြုပ်မှုမှ ကာကွယ်နိုင်ပြီး မိုးစပါး၊ နွေစပါး အောင်မြင်စွာစိုက်ပျိုးရန် လုံလောက်သော ရေချိုများထိန်းသိမ်း ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။ (သတင်းစဉ်)

နေအိမ်ဘေးမှနှင်းခဲများ ဖယ်ရှားခြင်းမပြု၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်

Photo: နေအိမ်ဘေးမှနှင်းခဲများ ဖယ်ရှားခြင်းမပြု၍
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်

ဘော်စ်တွန်     ဇန်နဝါရီ     ၃၁

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်တွင် ယခုသီတင်းပတ်အတွင်း နှင်းမုန်တိုင်းကျရောက်ပြီးနောက် လမ်းပေါ်တွင် စုပုံနေသော နှင်းခဲများကို ဂေါ်ပြားဖြင့် ဖယ်ရှားရာ၌ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ နေအိမ်က ပါဝင်ဆောင်ရွက်ခြင်းမပြုသဖြင့် ၎င်းကို ဒေါ်လာ ၅ဝ ဒဏ်ရိုက်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၃ဝ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘော်စ်တွန်မြို့၏ သမိုင်းဝင်ဘေကွန်ဟေးလ်ရပ်ကွက်၌ ဝန်ကြီး ကယ်ရီ ငှားရမ်းထားသော နှင်းဖယ်ရှားရေးကုမ္ပဏီနှင့် ၎င်း၏ အိမ်နီးချင်းတို့သည် ၎င်း၏အိမ်နှင့်ကပ်လျက် လူသွားလမ်းတွင် အဝါရောင်တိပ်ဖြင့် တားဆီးထားသည်ကို တွေ့မြင်ရ၍ ထိပ်တန်းဝန်ကြီးတစ်ဦးအတွက် လုံခြုံရေးနှင့် ပတ်သက်သည်ဟု ၎င်းတို့က ထင်ခဲ့ကြသည်။ ယင်းနောက် ထိုနေ့ ကြာသပတေးနေ့မှာပင် ဒဏ်ရိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အဝါရောင်တိပ်တားဆီးထားခြင်းမှာ ရေခဲနှင့်နှင်းခဲများပေါ်တွင် လမ်းလျှောက်သူများ လဲကျခြင်းမရှိစေရန် သတိပေးသည့်အနေဖြင့် ဟန့်တားခြင်းဖြစ်ကြောင်း ဝန်ကြီး၏ပြောရေးဆိုခွင့်ရှိသူ ဂလင်းဂျွန်ဆင်က ပြောကြားသည်။ အဆိုပါ အဝါရောင်တိပ်အတွင်းသို့ဝင်ရောက်ရန် ခွင့်ပြုကြောင်း သိရသည့်အခါ ကန်ထရိုက်တာများက လူသွားလမ်းပေါ်မှ နှင်းခဲများကို ကြာသပတေးနေ့ နံနက်နှောင်းပိုင်းတွင် ဖယ်ရှားပြီးစီးခဲ့ပါသည်ဟု ၎င်းက ပြောကြားသည်။ နှင်းမုန်တိုင်းကျသည့်အချိန်တွင် ကယ်ရီသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့်အတူ ဆော်ဒီဘုရင် အဗ္ဗဒူလာ၏ ဈာပနအခမ်းအနား တက်ရောက်ရန်နှင့် ဆက်ခံသူ ဘုရင် စူလေမန်နှင့် တွေ့ဆုံရန် ဆော်ဒီအာရေဗျ နိုင်ငံသို့ ရောက်ရှိလျက်ရှိသည်။ ယခုအခါ နှင်းခဲများကို ဂေါ်ပြားဖြင့် ဆက်လက် ဖယ်ရှားလျက်ရှိသည်ဟု ဂျွန်ဆင်က ပြောကြားသည်။ ဘီဘီစီ။

အီတလီနိုင်ငံတွင် သမ္မတအသစ်ခန့်အပ်

ရောမ ဇန်နဝါရီ ၃၁

အီတလီပါလီမန်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတရား သူကြီးတစ်ဦးဖြစ်သည့် ဆာဂျီရိုမတ် တာရီလာအား သမ္မတအဖြစ် ယနေ့ ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အသက်(၈၉)နှစ် ရှိပြီဖြစ်သည့် သမ္မတ ဂျီရော်ဂျီရိုနာပိုလီတီနိုက အသက်အရွယ်ကြီးရင့်ပြီဖြစ်သဖြင့် ၎င်း၏ ဆန္ဒအလျောက် သမ္မတရာထူးမှ နုတ်ထွက်ခဲ့သည်။

သမ္မတရာထူးအတွက် မဲဆန္ဒ ခံယူပြီးနောက် ဆာဂျီရိုမတ်တာရီလာအား သမ္မတအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ဆာဂျီရို မတ်တာရီလာသည် ဝန်ကြီးချုပ် မာတီရိုရန်ဇီ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သူလည်း ဖြစ်သည်။ အီတလီနိုင်ငံ၏ သမ္မတရာထူးသည် စည်းမျဉ်းခံစနစ် ဖြစ်သော်လည်း ဝန်ကြီးချုပ်ရာထူးကို ခန့်အပ်နိုင်သည့် အခွင့်အာဏာ ရှိသည်။ သမ္မတဟောင်း ဂျီရော်ဂျီရို နာပိုလီတီနို၏ ရှစ်နှစ်ခွဲသက်တမ်းတွင်ဝန်ကြီးချုပ် ငါးဦး ပြောင်းလဲ ခန့်အပ်ခဲ့သည်။ ဘီဘီစီ။

ဒွန်းတက်တွင် အမြောက်ကျည်များပေါက်ကွဲ၊ ၁၂ ဦး သေဆုံး

Photo: ဒွန်းတက်တွင် အမြောက်ကျည်များပေါက်ကွဲ၊ ၁၂ ဦး သေဆုံး

ဒွန်းတက်   ဇန်နဝါရီ   ၃၁

ယူကရိန်းနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအသစ် ကျင်းပရေးတောင်းဆိုမှု  မအောင်မမြင်ဖြစ်ခဲ့ပြီး နောက်အစိုးရတပ်များနှင့်  ရုရှားလိုလားသော ခွဲထွက်ရေးသူပုန်များအကြား တိုက်ပွဲများပြင်းထန်လျက် ရှိစဉ် သူပုန်များ၏ အဓိကခြေကုပ်စခန်း ဒွန်းတက်မြို့တွင်း၌ သောကြာနေ့တွင် အမြောက်ကျည်များ ကျရောက်ပေါက်ကွဲရာ အရပ်သား အနည်းဆုံး ၁၂ ဦးသေဆုံးကြောင်း ယနေ့အေပီသတင်းတွင် ဖော်ပြသည်။

ဒုက္ခသည် ကယ်ဆယ်ရေးစခန်း၏အပြင်ဘက်၌  လူသားချင်းစာနာ ထောက်ထားသော အကူအညီများကို စောင့်ဆိုင်းနေစဉ် အမြောက်ကျည်သင့်၍ ငါးဦးသေဆုံးခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်းမှာပင် ဘတ်စ်ကား ဂိတ်အနီး၌ မော်တာကျည်ကျရောက် ပေါက်ကွဲ၍ နှစ်ဦးသေဆုံးခဲ့ကြသည်။

ဒွန်းတက်မြို့၏ အနောက်ပိုင်း၌လည်း သောကြာနေ့တွင် အမြောက်ကျရောက်ပေါက်ကွဲသဖြင့် ငါးဦးသေဆုံးခဲ့သည်။

တစ်ခုသော အချိန်အတိုင်းအတာအထိ  ငြိမ်သက်လျက်ရှိပြီးနောက် ယခုလစောစောပိုင်းတွင် ခွဲထွက်ရေးသမားများနှင့် အစိုးရတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ သူပုန်များ ထိန်းချုပ်ထားသည့် ဒွန်းတက်နှင့် လူဟန့်မြို့နှစ်မြို့အကြားရှိ အရေးပါသော မီးရထားလမ်း အချက်အချာမြို့ ဒီဗော့ဆီးဗီးကို ဦးတည်၍ တိုက်ခိုက်ကြခြင်းဖြစ်သည်။

ကြာသပတေးနေ့တွင် ခွဲထွက်ရေးသမားများသည် ဖူလီဟတ်မြို့တွင်းရှိ အစိုးရစစ်ကြောင်းများကို ထိုးဖောက်၍  ဒီဗော့ဆီးဗီးသို့  တဖြည်းဖြည်း ချီတက်လျက်ရှိသည်။  ဖူလီဟတ်ရှိ အစိုးရတပ် စစ်ဆေးရေးစခန်းများနှင့် စစ်စခန်းတို့ကို သူပုန်များက လက်နက်ကြီးများဖြင့်ပစ်ခတ်ကြောင်း ယူကရိန်း အရှေ့ပိုင်းစစ်ဆင်ရေး ပြန်ကြားရေးရုံးက သောကြာနေ့တွင် ပြောကြားသည်။ ဒီဗော့ဆီးဗီးတွင် လျှပ်စစ်မီး ပြတ်တောက်ခြင်း၊ သောက်သုံးရေနှင့် အိမ်သုံးဓာတ်ငွေ့များ ပြတ်လပ်ခြင်းတို့ ဖြစ်နေသည်မှာ ရက်သတ္တတစ်ပတ် ကျော်ကြာပြီဖြစ်သည်။

ယူကရိန်းရှိ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ညှိနှိုင်းရေးမှူး နီးလ်ဝေါလ်ကိုက အရပ်သားများ ရွှေ့ပြောင်းနိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားသော  အကူအညီများ ပေးပို့ရေးတို့အတွက် ချက်ချင်း အပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့သည်။    အေပီ။

ကနေဒါနိုင်ငံတွင် H7 N9 ဗိုင်းရပ်စ်ပိုးတွေ့ရှိ

Photo: ကနေဒါနိုင်ငံတွင် H7 N9  ဗိုင်းရပ်စ်ပိုးတွေ့ရှိ

အော့တဝါ    ဇန်နဝါရီ     ၃၁ 

လွန်ခဲ့သော  ရက်သတ္တပတ်က တရုတ်နိုင်ငံမှ ပြန်လာခဲ့ပြီးနောက် ကနေဒါနိုင်ငံသူ အမျိုးသမီးတစ်ဦးသည် H7 N9 ကြက်ငှက်တုတ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်းနှင့် နောက်ထပ် သုံးရက်အကြာတွင် သူ၏ခင်ပွန်းကို ရောဂါပိုးဆက်လက်ကူးစက်ခဲ့ကြောင်း ကျန်းမာရေးအရာရှိများက ဆိုသည်။ 

ကနေဒါနိုင်ငံအနောက်ဘက် ဗြိတိသျှ ကိုလံဘီယာ စီရင်စုတွင်နေထိုင်ကြသော အသက် ၅ဝ နှစ်အရွယ် ၎င်းတို့ဇနီးမောင်နှံသည် ဇန်နဝါရီ ၂ ရက်တွင် ကနေဒါ နိုင်ငံသို့  ပြန်လည်ရောက်ရှိပြီးနောက် ရက်အနည်းငယ်အကြာတွင် ရောဂါလက္ခဏာအဖြစ် ဖျားနာမှုဝေဒနာကို စတင်ခံစားခဲ့ရသည်။ 
   
အဆိုပါအမျိုးသမီးအား ဇန်နဝါရီ ၂၅ ရက်က ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း အတည်ပြုခဲ့သည်။ နောက်ထပ် သုံးရက်အကြာတွင် သူ၏ခင်ပွန်းတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ၎င်းတို့၏ဗိုင်းရပ်စ်ပိုးကူးစက်မှုသည် မြောက်အမေရိကတွင် ပထမဆုံးသော ရောဂါတွေ့ရှိမှုဖြစ်သည်။ ကနေဒါနိုင်ငံရှိ ငှက်များကို ရောဂါစစ်ဆေးမှုများ မပြုလုပ်ရသေးပေ။

ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူနှစ်ဦးကို ဆေးရုံသို့ မပို့ဆောင်ဘဲ နေအိမ်တွင် သီးသန့်ထားခဲ့သည်။ မကြာမီ အချိန်တွင် ၎င်းတို့၏ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်လာနိုင်ကြောင်း ကျန်းမာရေးအရာရှိများက ဆိုသည်။ 

နှစ်နှစ်အကြာက တရုတ်နိုင်ငံတွင် ကြက်ငှက်တုပ် ကွေးရောဂါပိုးကူးစက်ပြန့်ပွားခဲ့သည်။ ရံဖန်ရံခါမှသာလျှင် မိသားစုဝင်များအကြား ရောဂါကူးစက်မှုရှိကြောင်းနှင့် လူတစ်ဦးမှ တစ်ဦးသို့ ရောဂါကူးစက်နိုင်ခြေနည်းပါးကြောင်း တရုတ်ဆေးပညာရှင်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတိအလင်းပြောခဲ့သည်။ 

၂ဝ၁၄ ခုနှစ်တွင် တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၅၃ ဦးအနက် ၁၇၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။   အေအက်ဖ်ပီ။

မြန်မာအပါအဝင် အာရှနိုင်ငံများမှ ပထမဦးဆုံးသော ကမ္ဘာ့ရေကြောင်း တက္ကသိုလ်ကျောင်းသားဟောင်းများညီလာခံ ရန်ကုန်မြို့၌် ကျင်းပ

Photo: မြန်မာအပါအဝင် အာရှနိုင်ငံများမှ ပထမဦးဆုံးသော ကမ္ဘာ့ရေကြောင်း
တက္ကသိုလ်ကျောင်းသားဟောင်းများညီလာခံ ရန်ကုန်မြို့၌် ကျင်းပ

 ရန်ကုန် ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများမှ ပထမဦးဆုံးသောကမ္ဘာ့ ရေကြောင်းတက္ကသိုလ် ကျောင်းသား ဟောင်းများညီလာခံကို  ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပခဲ့သည်။
 
ပထမဦးဆုံးသောကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကျောင်းသားဟောင်းများ ညီလာခံကို ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အာရှနှင့် သမုဒ္ဒရာနှင့်ဆိုင်သောနယ်ပယ်အတွင်းရှိ နိုင်ငံများဖြစ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မောလ်ဒိုက်နိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကမ္ဘာ့ရေကြောင်းတက္ကသိုလ် ကျောင်းဆင်းများအား ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ညီလာခံတွင် ရေကြောင်းလုပ်ငန်းတိုးတက်ဖွံ့ဖြိုးမှုအတွက် အပြောင်းအလဲဖြစ်စေရန် အထောက်အကူဖြစ်သော ရေကြောင်းဘက် ဆိုင်ရာပညာရေးနှင့်  လေ့ကျင့်ရေးအကြောင်းအရာကိုဦးတည်၍ပို့ဆောင် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် တက်ရောက်အဖွင့်အမှာစကား  ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (IMO) ၏ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်များ၊ The Nippon Foundation မှ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ရေကြောင်းတက္ကသိုလ်၏ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်း တက္ကသိုလ်များအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ၊ နိုင်ငံအသီးသီးရှိ ရေကြောင်းဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ရေကြောင်းတက္ကသိုလ်ကျောင်း ဆင်းများက ကဏ္ဍအလိုက် ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကျင်းပခဲ့သည်။ 

ကဏ္ဍအလိုက် ဟောပြောပွဲများ ဆောင်ရွက်ရာတွင် ရေကြောင်းဘက် ဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးတွင် အရည်အသွေးတိုးတက်ကောင်းမွန် စေခြင်းအတွက်အားနည်းချက်၊လိုအပ် ချက်များအားစီမံခန့်ခွဲခြင်း၊ ရေကြောင်းလုပ်ငန်းတိုးတက်ဖြစ်ထွန်းမှုအတွက် ပညာရေးဖြင့် ခြယ်မှုန်းထားသင့်သောအကြောင်း၊ ရေကြောင်းဘက်ဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးအတွက် ပို၍အရေးပါသောအခွင့်အလမ်းသစ်များအကြောင်း ဟောပြောဆွေးနွေးကြ မည်ဖြစ်သည်။

 ''ကျွန်မကမ္ဘာ့ရေကြောင်း တက္ကသိုလ် ကနေ ၂ဝဝ၈ ခုနှစ်မှာမာစတာပြီးပါတယ်။ အထူးပြုကတော့ Maritime Education and Training  ပါ။ သင်ကြားခဲ့တဲ့ ပညာတွေအတွက် ကျွန်မတို့  ရေကြောင်းတက္ကသိုလ်အတွက် အများကြီးအထောက်အကူ ပြုပါတယ်။ အခုလိုညီလာခံကြီးကျင်းပ တာအရမ်းကောင်းပါတယ်။ နောက်ထပ်လည်းရှိသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးကလာတဲ့ ပညာရှင်တွေ၊ ပါမောက္ခတွေ ကျွန်မတို့ရဲ့ အတန်းဖော်တွေ၊ နယ်ပယ် ပေါင်းစုံမှာ တာဝန်ထမ်းဆောင်နေတဲ့အတွက် သူတို့ရဲ့ ဗဟုသုတနဲ့ အတွေ့ အကြုံတွေ ကစိအေနရတဲ့အတွက် အများကြီးအကျိုးရှိပါတယ်။ ကမ္ဘာ့ရေ ကြောင်းတက္ကသိုလ်နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ်တဲ့အတွက်၊ ဒီမှာလည်း ရေကြောင်းတက္ကသိုလ်ရှိတဲ့အတွက် ပိုပြီးတော့ လက်ရှိနောက် ဆုံးသတင်းအချက်အလက်၊ ဗဟုသုတတွေ ရရှိနိုင်တဲ့အတွက် အကျိုးအများ ကြီးရှိပါတယ်။ ကျောင်းသားတွေ အတွက်၊အနာဂတ်အတွက်အများကြီး ကောင်းပါတယ်''ဟုကမ္ဘာ့ရေကြောင်း တက္ကသိုလ်ကျောင်းသူဟောင်းတစ်ဦး ဖြစ်သူ ဒေါ်လှိုင်သီရိ (ပါမောက္ခ၊ ဌာနမှူး၊ ရေကြောင်းတက္ကသိုလ်၊ ရေကြောင်းလျှပ်စစ်နှင့် အင်ဂျင်နီယာဌာ)က အဆိုပါညီလာခံတွင် ပြောသည်။ 

ကမ္ဘာ့ရေကြောင်းတက္ကသိုလ် ကျောင်းသားဟောင်းများညီလာခံမှ ကျောင်းသားဟောင်းများအတွက် ရေကြောင်းဘက်ဆိုင်ရာပညာရေးနှင့် လေ့ကျင့်ရေးတွင် အသိပညာဖွံ့ဖြိုးတိုး တက်စေရေး၊ အတွေ့အကြုံဖလှယ်နိုင်ရေးနှင့် ကမ္ဘာ့ရေကြောင်းတက္ကသိုလ် ကျောင်းသားဟောင်းများကွန်ရက်အား  ပိုမိုခိုင်မြဲလာစေရေးစသည့် ထူးခြားသောအခွင့်အရေးများအား ဖြည့်ဆည်းပေးနိုင်မည်ဟု သိရသည်။ 

(ဝဝ၁)

မြန်မာယူ-၂ဝ အသင်း ရှက်တာဒိုးနက်လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ

တူရကီနိုင်ငံတွင် ခြေစမ်းပွဲများသွားရောက်ကစားနေသည့် မြန်မာယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၃ဝ ရက်က ယူကရိန်းကလပ် ရှက်တာဒိုးနက် ယူ-၂၁ အသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့ရာ လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။

မြန်မာယူ-၂ဝ အသင်းမှာ မူလက ခြေစမ်းပွဲငါးပွဲသာကစားရန် စီစဉ်ခဲ့သော်လည်း ယခုပွဲကို ထပ်မံကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ လူစုံအသုံးပြုခဲ့ပြီး ၁၃ မိနစ်တွင် နန္ဒကျော်က ပင်နယ်တီမှ တစ်ဆင့် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာယူ-၂ဝ အသင်း ကစားပုံပိုကောင်းခဲ့ပြီး ၃၅ မိနစ်တွင် နန္ဒကျော်က အဝေးကန်ချက်ဖြင့် ဒုတိယဂိုး၊ ၆၃ မိနစ်တွင် သန်းပိုင်က တတိယဂိုး၊ ၈၆ မိနစ်တွင် အောင်သူက စတုတ္ထဂိုးတို့ကို သွင်းယူခဲ့သည်။ ရှက်တာ ဒိုးနက်ယူ-၂၁ အသင်းမှာ ယူကရိန်းယူ -၂၁ လိဂ်၏ ထိပ်တန်းအသင်းတစ်သင်းလည်းဖြစ်သည်။

မြန်မာယူ-၂ဝ အသင်းမှာ တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲခြောက်ပွဲကစားခဲ့ရာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရလဒ်ကောင်းများရရှိခဲ့သည်။ မြန်မာယူ-၂ဝ အသင်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။ (ဖိုးသော်ဇင်)