Sunday, February 1, 2015

နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်

Photo: နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့်
တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ခြေစမ်းပွဲယှဉ်ပြိုင်

တပ်ကုန်း     ဇန်နဝါရီ    ၃၁

နေပြည်တော် တပ်ကုန်းမြို့တွင် တပ်ကုန်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အား/ကာကော်မတီတို့မှ ကြီးမှူးကျင်းပသော ဘောလုံးပြိုင်ပွဲ ခြေစမ်းပွဲ ပွဲစဉ်ကို တပ်ကုန်းမြို့နယ်အားကစားကွင်း၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီခွဲတွင် နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းနှင့် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် နေပြည်တော် လူငယ်လက်ရွေးစင်အမျိုးသမီးအသင်း မှ နည်းပြ Mr.Chalor က တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးဘောလုံးအသင်းကို ဘောလုံးလက်ဆောင်ပေးအပ်ကာ တပ်ကုန်းမြို့နယ်ဘောလုံး တာဝန်ခံ ဦးကျော်ဦးလွင်က လက်ခံရယူခဲ့ပြီး တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဥက္ကဋ္ဌ ဦးကံစောလှိုင်က ဂုဏ်ပြုသစ်သီးခြင်း ပြန်လည်ပေးအပ်ကာ နေပြည်တော် အမျိုးသမီးအသင်းနည်းပြ ဦးကျော်ကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ပြိုင်ပွဲယှဉ်ပြိုင်မည့် နှစ်ဖက်အသင်းမှ အားကစားသမားများကို နေပြည်တော်ကောင်စီနယ်မြေ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်တို့မှ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် အမျိုးသားသက်ကြီးအသင်းက နေပြည်တော် အမျိုးသမီးလူငယ်လက်ရွေးစင်အသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တပ်ကုန်းမြို့နယ်မှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ဘောလုံးဝါသနာရှင်ပရိသတ်များ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြောင်း သိရသည်။ 

ဇင်ဘို(ကြေးမုံ)

ကမ္ဘာလှည့်ခရီးသွားယာဉ်တန်း ၁၇ စီး မန္တလေးမြို့သို့ရောက်ရှိ

Photo: ကမ္ဘာလှည့်ခရီးသွားယာဉ်တန်း ၁၇ စီး မန္တလေးမြို့သို့ရောက်ရှိ

မန္တလေး     ဇန်နဝါရီ    ၃၁

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားယာဉ်တန်းများ လာရောက်လည်ပတ်မှုများပြားလာပြီး  ယခုအခါတွင်လည်း မြန်မာနိုင်ငံမှ  Journey Adventure Travelling Co.Ltd အစီအစဉ်ဖြင့် ဂျာမနီနိုင်ငံသား Mr.jom Schlag နှင့် အဖွဲ့ဝင်ယာဉ်တန်း ၁၇ စီးနှင့် အဖွဲ့ဝင် ၃၇ ဦးပါဝင် သောအဖွဲ့သည် ဇန်နဝါရီ ၃ဝ ရက်က မန္တလေးမြို့သို့ ရောက်ရှိလာပြီး မဟာနွယ်စဉ်အားကစားကွင်း၌  ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

အဆိုပါကမ္ဘာလှည့်   ခရီးသွားယာဉ်တန်းသည် ဇန်နဝါရီ ၂၄ ရက်တွင် မိုးရေး-တမူးနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံ ကလေးမြို့သို့ဝင်ရောက်ခဲ့ပြီး ကလေးမြို့မှ ဂန့်ဂေါ၊ မုံရွာ၊ ပခုက္ကူ၊ ပုဂံမြို့များသို့လည်ပတ်ခဲ့ပြီး ပုဂံမြို့မှ မန္တလေးမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

''ဇန်နဝါရီ ၃၁ ရက်နေ့မှာ မန္တလေးမြို့ဝန်းကျင်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှု ဒေသတွေကိုသွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာမန္တလေးမြို့ကနေ ပြန်လည်ထွက်ခွာပြီး ကလော၊ ညောင်ရွှေ၊ အင်းလေး၊ နေပြည်တော်၊ ရန်ကုန်၊ ကျိုက်ထို၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့တွေကို လည်ပတ်ပြီးတာနဲ့ ဖေဖော် ဝါရီ ၁၂ ရက်နေ့မှာ မဲဆောက်မြို့ကနေတစ်ဆင့် ထိုင်းနိုင်ငံကို ထွက်ခွာမှာပါ။ ရောက်ရှိတဲ့ ခရီးစဉ်တိုင်းမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကူညီပေးခဲ့တဲ့အတွက် အဆင်ပြေပါတယ်''ဟု အဆိုပါခရီးစဉ်ကို လမ်းညွှန်ဦးဆောင်ခဲ့သော ခရီးစဉ်မန်နေဂျာ ဦးဇင်ဝင်းဌေးက ပြောသည်။ ကမ္ဘာလှည့်ခရီးသွားယာဉ်တန်းအဖွဲ့တွင် ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ အက်စတိုးနီးယားနိုင်ငံသားများပါဝင်ပြီး ဂျာမနီနိုင်ငံမှ အာမေးနီးယား၊ ပါကစ္စတန်၊ နီပေါ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊  တရုတ်စသည့်  နိုင်ငံများသို့ ဖြတ်သန်းပြီး ဂျော်ဒန်နိုင်ငံတွင် ခရီးဆုံးမည်ဖြစ်ကြောင်း သိရသည်။      မင်းထက်အောင်(မန်းကိုယ်ပွား)

ရန်ကုန်အသင်း လေးပွဲဆက်နိုင်ပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

Photo: ရန်ကုန်အသင်း လေးပွဲဆက်နိုင်ပြီး ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်

သတင်းနှင့်  ဓာတ်ပုံ ရှိုင်းထက်ဇော်

၂ဝ၁၅ ရာသီ MNL အမှတ်ပေး ဘောလုံးပြိုင်ပွဲ   ပွဲစဉ်(၄) ဒုတိယ နေ့ပွဲစဉ်များကို  ယနေ့ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားသည်။

(သုဝဏ္ဏကွင်း)
ရန်ကုန်ယူနိုက်တက်-နှစ်ဂိုး (ကျော်ကိုကိုနှင့် ဆီဇာ)
ချင်းယူနိုက်တက်-ဂိုးမရှိ

ရန်ကုန်အသင်းမှာ ချင်းအသင်းကို နှစ်ဂိုးပြတ်အနိုင်ယူကာ လေးပွဲဆက်အနိုင်ဖြင့်   ထိပ်ဆုံး၌ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ရန်ကုန်အသင်းမှာ ချင်းအသင်းကို အနိုင်ရရှိခဲ့သော်လည်း ပုံစံကောင်းပြသနိုင်ခြင်းမရှိခဲ့ပေ။ချင်းအသင်းကလည်း နိုင်ပွဲပြန်လည်ရရှိရေးအတွက် အားကုန်ထုတ်ကစားခဲ့ရာ ရန်ကုန်အသင်း ခက်ခက်ခဲခဲကစားခဲ့ရသည်။

အသင်းခေါင်းဆောင် ခင်မောင်လွင်မှလွဲ၍ ရန်ကုန်အသင်းလူစုံပါဝင်ခဲ့သော်လည်း ချင်းအသင်းကို အသာမရခဲ့ပေ။ ချင်းနောက်တန်း၏ ပိတ်ဆို့     ကစားမှုကြောင့် ရန်ကုန်အသင်းအခွင့် အရေးအနည်းငယ်ရခဲ့ပြီး ၄၁ မိနစ်တွင် ကျော်ကိုကိုက ဂိုးစတင်သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် ချင်းအသင်းက ချေပဂိုးပြန်လည်ရရှိရေးအတွက် ပြန်တင်လာပြီး ရန်ကုန်အသင်းဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ချင်းအသင်း၏ ဂိုးသွင်းမှုအချို့ကို ရန်ကုန်ဂိုးသမား ကာကွယ်ခဲ့ပြီး ပေးဂိုးမရှိ စံချိန်ကိုဆက်လက်ထိန်းသိမ်း နိုင်ခဲ့သည်။ ရန်ကုန်အသင်းအတွက် အနိုင်သေချာမည့် ဒုတိယပိုင်းဂိုးကို ၈၆ မိနစ်တွင် ဆီဇာက သွင်းယူပေးခဲ့သည်။

တောင်ကြီးကွင်း
ကမ္ဘောဇ - သုံးဂိုး
(ဖိုလန်၊ ကျော်ဇေယျာဝင်းနှင့် စိုးမင်းဦး)
ရခိုင် - ဂိုးမရှိ

အောင်ဆန်းကွင်း
ဟံသာဝတီ-နှစ်ဂိုး
(ဂျော်ဂျီနှင့် ဒီဂျော်ဂျီ)
နေပြည်တော်-နှစ်ဂိုး
(ဂျူနီယာနှင့် အောင်မြင့်ထွန်း)

ယနေ့ပွဲ
(မုံရွာကွင်း)  ဇေယျာရွှေမြေ-ဧရာဝတီ
(အောင်ဆန်းကွင်း)   ဇွဲကပင်-မကွေး

ရင်ခုန်သံများနှင့်စည်ကားသိုက်မြိုက်လှသည့် ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အောက်မှ ရူပဗေဒမိသားစု မိတ်ဆုံစားပွဲ

ရန်ကုန် ဇန်နဝါရီ ၃၁

မြန်မာ့ ပညာရေးသမိုင်း၏ အထင်ကရ ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်ကြီးမှာ မီးရောင်စုံများ လင်းလက်တောက်ပလျက်ရှိပြီး ပိုမိုကျက်သရေရှိစွာ လှပလျက်ရှိပါသည်။ ပြန်လည်သက်ဝင်လာပြီဖြစ်သော ရန်ကုန်တက္ကသိုလ်ကြီးမှာ လည်း ရူပဗေဒကျောင်းသားဟောင်း တစ်ထောင်ကျော်၏ စုစည်းမှု၊ ချစ်ခင်ရင်းနှီးမှုများကြောင့် ဂုဏ်ယူနေသယောင်ထင်ရသည်။

ယနေ့မွန်းလွဲ၃နာရီခွဲက ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၏ စတုထ္ထအကြိမ်မြောက် အာစရိယပူဇော်ပွဲ ကို ရန်ကုန်တက္ကသိုလ်အပန်းဖြေ ရိပ်သာတွင် ကျင်းပခဲ့ပြီးနောက် ညနေ ၆ နာရီတွင် ရူပဗေဒမိသားစု ဝင်များ၏ မိတ်ဆုံစားပွဲကို သစ်ပုပ်ပင် အောက်တွင် ကျင်းပခဲ့သည်။

တက်ရောက်သူများမှာ တည်ငြိမ်သောအပြုံး၊ ရင့်ကျက်သော အမူ အရာများဖြင့် ရူပဗေဒပညာရပ်များကို သင်ကြားလာခဲ့သူ ပညာရှင်များ၊ တက်ကြွသော စုစည်းညီညွတ်သော လူငယ်များနှင့် ဆရာကြီး၊ ဆရာမကြီး များအပါအဝင် ရူပဗေဒပညာသင်ကြားခဲ့သူ အစ်ကိုအစ်မများကို အားကျလေးစားသည့် ကျောင်းသား ကျောင်းသူများ အားလုံးစုံလင်စွာ တွေ့ရသည်။

နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရသည့် အမိတက္ကသိုလ်မြေ၏ သစ်ပုပ်ပင်ကြီးခြေရင်းတွင် ပထမဆုံးအကြိမ် ကျင်းပခွင့်ရရှိခဲ့သော မိတ်ဆုံစားပွဲမှသည် ဆရာဟောင်းများနှင့်ကျောင်းသားဟောင်းများ၏ ခံစားမှုများကို စုစည်းတင်ဆက် လိုက်ပါသည်။

ဒေါက်တာကိုကိုဦး

ပြည်ထောင်စုဝန်ကြီး

(သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန)

ကျွန်တော့်အတွက် အက်စ် ၃၉ နဲ့ သစ်ပုပ်ပင်ကြီးက မမေ့နိုင်စရာပါ။ ၁၉၈၂ ခုနှစ်မှာ နောက်ဆုံးနှစ် အက်စ် ၃၉ မှာ တက်ခဲ့ရတော့ အနီးဆုံးမှာရှိတဲ့ သစ်ပုပ်ပင်ကြီးအောက်က နေ့စဉ်ဖြတ်သန်းခဲ့ကြတဲ့ ငယ်ဘဝတွေကို ပြန်သတိရတယ်။ မာစတာတက်တော့လည်း ဒီမှာပဲ။ နျူကလီးယားအင်ဂျင်နီယာ ဘာသာရပ်နဲ့အဆင့်ဆင့် ပညာဆည်းပူးရင်း ဆရာအဖြစ်နဲ့လည်း ဒီနေရာတွေမှာ ခြေရာတွေထပ်ခဲ့တယ်။ ငယ်ငယ်ကတည်းက အခုလို အမိသစ်ပုပ်ပင်အောက်မှာ ပွဲတွေကျင်းပခွင့်ရဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဆောင်ရွက်ခွင့်ရပြီဆိုတော့ နောင်လာ နောက်သား မျိုးဆက်သစ်ကျောင်းသားတွေအတွက် ပညာ ရေးအဆင့်မြှင့်တင်နိုင်ဖို့ ခြေလှမ်း စပြီလို့ယူဆမိတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ကျောင်းဆရာဘဝကနေ အစိုးရအဖွဲ့ဝင်ဖြစ်လာတယ်။ အခုလို ပြည်ထောင်စုဝန်ကြီးဖြစ်လာတဲ့အထိ ရန်ကုန်တက္ကသိုလ်ဟာ ကျွန်တော့်အတွက်တော့ မမေ့နိုင်တဲ့ နေရာတစ်ခုဖြစ်သလို ကျွန်တော်တို့လို ကျောင်းသားတွေအတွက်လည်း အခုလိုတက်ရောက်ခွင့်ရ ခြင်းအပေါ်မှာ တာဝန်တစ်ရပ်လိုခံယူပြီး တိုင်းပြည်အတွက် ကိုယ်သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေကို ပြန်လည်အသုံးချပါလို့ တိုက်တွန်းလိုပါတယ်။အရင်ကအခက်အခဲတွေ အတားအဆီးတွေ အခြေအနေအရပ်ရပ်တွေကြောင့် ပညာရေးဟာ အားနည်းခဲ့ရပေမယ့် အခုအချိန်
မှာ ကလေးတွေအတွက် အခွင့်အလမ်းတွေ ယခင်ထက် တိုးလာနေပြီဆိုတဲ့ ပြယုဂ်ဖြစ်တယ်။ ဆရာတွေရဲ့ ကျေးဇူးကို အောက်မေ့မိသလို ကိုယ့်တပည့်တွေနဲ့အပေါင်းအသင်းတွေနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် ငယ်ငယ်ကကျောင်းသားဘဝကို ပြန်ရောက်သွားတယ်။ သင်ကြားရေးပိုင်းမှာဆိုလည်း နိုင်ငံတကာအဆင့်မီ သင်ကြားရေးအထောက်အကူတွေ ရှိနေတယ်။ နျူထရွန်ဂျန်နရေတာ တပ်ဆင်ထားတဲ့အတွက် သုတေသနကျောင်းသားတွေအများကြီး အကျိုးရှိတာတွေ့ရတယ်။ ငယ်ငယ်က ဆန္ဒဖြစ်တဲ့ ဆရာသမားတွေ၊ သူငယ်ချင်းတွေ၊တပည့်တွေနဲ့အတူတူ သစ်ပုပ်ပင်အောက်မှာ တပျော်တပါးရှိခွင့်ရလို့ ဆန္ဒပြည့်သွားပြီ။

ဒေါက်တာ တင်လှိုင်

(ကလောင်အမည်-ဘိုးလှိုင်)

အဏုမြူစွမ်းအင်ဦးစီးဌာန

ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)

ဝမ်းသာမှုကတော့ အတောမသတ်နိုင်ဘူးဗျာ။ ကျွန်တော့်ဘဝဆယ်စုနှစ်တစ်ခုကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်ကြီးဘေးက အက်စ် ၃၉ ရူပဗေဒဆောင်မှာ ပညာဝေမျှခဲ့တယ်။တက္ကသိုလ်ကြီးရဲ့ အနှစ်သာရ၊ အငွေ့အသက်တွေကို အခုကလေးတွေ ပြန်ရပြီ။ ဒါကကျွန်တော့်

ရဲ့ပီတိ။ သစ်ပုပ်ပင်နဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားဆိုတာ ဇာတ်လမ်းတစ်ခုမဟုတ်တစ်ခုရှိပြီးသားပေါ့။ (ရယ်လျက်)။ အထူးသဖြင့် ရူပဗေဒပညာသည် အရာအားလုံးနှင့်သက်ဆိုင်သည် ဆိုတဲ့အတိုင်း ကျွန်တော်တို့လို ပညာရှင်တွေအတွက် လုပ်ခွင့်ကိုင်ခွင့် အစွမ်းပြခွင့်တွေရလာပါပြီ။ ရူပဗေဒပညာရှင်တွေအတွက် အများကြီးကမ်းလင့် ကြိုဆိုပါတယ်လို့ သစ်ပုပ်ပင်ကြီးအောက်ကနေ ကြိုဆိုလိုက်ပါတယ်။ မြင်တဲ့အတိုင်း ဒီပွဲမှာ ကျောင်းသားနဲ့ဆရာပေါင်းလူတစ်ထောင်ကျော် တက်ကြတယ်။ အားလုံးဆန္ဒပြည့် တဲ့အပြုံးတွေနဲ့။ ကျွန်တော်တို့ ခံစားရရှိခဲ့ကြတဲ့ ဘူမိနက်သန်နေရာကြီးကို သားစဉ်မြေးဆက်လွှဲပြောင်း ကြရမှာပါ။ တိုင်းပြည်အကျိုးပြုတဲ့ ပညာရှင်တွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးနဲ့ ဦးခင်မောင်စိုးတို့ ပေါ်ထွက်လာသလို နယ်ပယ်အသီးသီးမှာ ရူပဗေဒပညာရှင် ပေါင်းများစွာက ကျရာအခန်းကနေ ကြိုးစားပြီး နိုင်ငံတော်ကို မြှင့်တင်နေပါတယ်။နာဆာအပါအဝင် ကမ္ဘာကျော်ဌာနကြီးတွေ၊ ရူပဗေဒဆိုင်ရာ သုတေသနအဖွဲ့အစည်းတွေမှာ မြန်မာပညာရှင်တွေ အများကြီးရှိပါတယ်။ ဆက်လက်သင်ယူပါ၊ တိုင်းပြည်အတွက် မြှင့်တင်ပါလို့ ပြောကြားချင်ပါတယ်။

ပါမောက္ခဒေါက်တာ တင့်လွင်

အာစရိယပူဇော်ပွဲ

ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ

ရူပဗေဒ မိသားစုဝင်တွေ စုစုစည်းစည်းကျင်းပနိုင်တာ အလွန်ဝမ်းမြောက်ပါတယ်။ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျွန်တော်တို့ သင်ယူလေ့လာခွင့်ရကြသလို ကျွန်တော်တို့ ပြန်လည်သင်ကြားခွင့်ရချိန်မှာလည်း ကလေးတွေအတွက် ဆရာတွေရဲ့လမ်းညွှန်မှုအတိုင်း သင်ကြားပေးနိုင်ခဲ့တယ်။ အထူးခြားဆုံးဖြစ်တဲ့ သစ်ပုပ်ပင်ကြီးအောက်မှာ မိတ်ဆုံစားပွဲကျင်းပခွင့်ကတော့ အားလုံးဝမ်းသာပျော်ရွှင်ကြတဲ့ ကိစ္စဖြစ်ပြီး ရူပဗေဒကျောင်းသားတွေ အများကြီးလာရောက်ကြတယ်။ အားလုံးက ရန်ကုန်တက္ကသိုလ်ထဲက ရှိခဲ့ဖူးတဲ့ ခြေရာတွေကို ပြန်လာရှာ ကြတာ။(ရယ်လျက်)။ နှစ်စဉ်နှစ်တိုင်း အခုလို ကျင်းပခွင့်ရဖို့ မျှော်လင့်ပါတယ်။ ထပ်မံပြီးလည်း ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေက ရန်ကုန်တက္ကသိုလ်ကြီး ပိုမိုဂုဏ်ရှိန်ဝင့်လာ အောင်စွမ်းဆောင်ပေးကြပါလို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာမိုးမိုးအေး (ကထိက)

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန

တက္ကသိုလ်ဝင်တန်း အောင်ကတည်းက ရူပဗေဒကိုပဲ စိတ်ဝင်စားတယ်။ ရူပဗေဒနဲ့ ပတ်သက်တာ အားလုံးအပေါ်မှာ ရူးသွပ်စွာ ခံစားတယ်။ အခုလို သစ်ပုပ်ပင်ကြီးအောက်မှာ ဆရာသမားတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ တပည့်တွေနဲ့ အတူတူရှိနေခွင့်ရလို့ အခုပွဲအတွက် ပင်ပန်းသမျှတွေ ပျောက်သွားတာပဲ။Natural World မှာ ရူပဗေဒနဲ့ ကင်းတာဘာမှမရှိပါဘူး။ ကျွန်မကMaterial Scienceနဲ့ ဒေါက်တာဘွဲ့ရရှိထားပြီး ကထိကအနေနဲ့ရန်ကုန်တက္ကသိုလ်မှာ ပြန်လည်တာဝန်ထမ်းဆောင်နေပါတယ်။ ကလေးတွေအတွက် အခွင့်အလမ်းတွေက ကျွန်မတို့တုန်းကထက် အဆများစွာပွင့်လာပါပြီ။ ဖြစ်ချင်တဲ့စိတ်တစ်ခုပဲ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေအများကြီး ရှိလာတယ်။ (သစ်ပင်ကြီးကို မော့ကြည့်ရင်းရယ်လျက်) သစ်ပုပ်ပင်ကြီးက ကျွန်မတို့ရူပဗေဒဌာနမိသားစုတွေရဲ့ အပျော်တွေကို ပြုံးပြီးကြည့်နေတယ်။

ဒေါက်တာလှတိုး (ကထိက)

ရူပဗေဒဌာန ရန်ကုန်တက္ကသိုလ်

ပွဲကျင်းပနိုင်ဖို့အရေး တစ်ပတ်လောက် နေ့မအိပ်ညမအိပ် ပင်ပန်းခဲ့သမျှတွေက အခုညမှာ ပျောက်သွားပါပြီ။ ကျွန်တော်တို့ကျောင်းသားဘဝမှာ စိတ်ကူးမျှော်လင့်ချက်တွေကို သစ်ပုပ်ပင်အောက်မှာ ထိုင်ရင်းဝိုင်းဖွဲ့ပြောခဲ့ကြဖူးတယ်။ အခုတော့ တစ်ချိန်က အခြေအနေကို ပြန်ရောက်သွားခဲ့ပြီ။ ရန်ကုန်တက္ကသိုလ်ကြီး အသက်ဝင်လာပြီဆိုတဲ့ အထိမ်းအမှတ်ပေါ့ဗျာ။ သံတစ် ချောင်းကနေ ဒုံးပျံအထိ ရူပဗေဒပညာရပ်ဖြစ်ပါတယ်။စိတ်ဝင်စားဖို့ ကောင်းသလို လူသားအကျိုးပြုလုပ်ငန်းတွေအားလုံးဟာ ရူပဗေဒနဲ့ ဆက်စပ်နေတာမို့ ပညာရှင်တွေ ပေါ်ထွက်လာဖို့ လိုအပ်တယ်။

မဇင်မိုးနိုင်

ရူပဗေဒကျောင်းသူဟောင်း

ကျောင်းကို ပြန်ရောက်တာ ငယ်ငယ်က အချိန်တွေပြန်ရောက်သွားသလိုပဲ။ ဆရာတွေကို မြင်ရင် ချစ်ကြောက်စိတ်ဝင်မိသလို၊ သူငယ်ချင်းတွေပြန်တွေ့တော့လည်း ငယ်ဘဝကို အောက်မေ့မိတယ်။ သစ်ပုပ်ပင်ကြီးကတော့ ကျွန်မတို့ကျောင်းသူ ဘဝကအတိုင်းဘာမှမပြောင်းလဲဘူး။ အဲဒါကိုက လွမ်းစရာကောင်းတယ်။ သူငယ်ချင်းတွေစုပြီး ငယ်ငယ်ကရေးခဲ့ဖူးတဲ့ အမှတ်တရတွေများရှိမလား ရှာဖို့တောင် စဉ်းစားနေတယ်။ အရင်နှစ်တွေက ကျင်းပတာသိပေမယ့် လူကိုယ်တိုင်မလာခဲ့ဘူး။ ဒီနှစ်ကတော့ သူငယ်ချင်း ဆရာမက အကြောင်းကြားကတည်းက RCနဲ့သစ်ပုပ်ပင် တစ်လက်စတည်း ငယ်ဘဝအကြောင်း သတိရပြီးအရောက်လာဖို့ ဆုံးဖြတ်လိုက်တယ်။

ပြည့်ဖြိုးလွင် ဒုတိယနှစ်

စကြဝဠာရူပဗေဒဘာသာရပ်

ကျောင်းသား

ရန်ကုန်တက္ကသိုလ်

ကျွန်တော့်အတွက်တော့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရတာ မဟာဆုလာဘ်ပေါ့။ ရူပဗေဒပညာရပ်နဲ့အရင်က ပြည်တွင်းမှာ အသုံးချဖို့ ခက်ခဲပေမယ့် အခုအချိန်မှာ အများကြီး ပွင့်လန်းလာခဲ့ပြီ။ သုတေသနလုပ်ငန်းတွေကိုလည်း ကျွန်တော်တို့လုပ်နိုင်ဖို့ အခွင့်အလမ်းတွေရှိတယ်။ ကျွန်တော်လေးစားရတဲ့ ဆရာကြီးတွေရှိတယ်။ စကြဝဠာရူပဗေဒဘာသာရပ် ပညာရှင်တွေဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ပါမောက္ခဒေါက်တာစိန်ထွန်းနဲ့လက်ရှိပညာရှင် ဒေါက်တာ တင်အောင်တို့လို ထူးချွန်တဲ့ပညာရှင်ဖြစ်ဖို့ ကြိုးစားနေပါတယ်။ နိုင်ငံခြားမှာ ပညာဆက်သင်ဖို့ မျှော်လင့်ထားပါတယ်။ သို့သော် အလုပ်လုပ်ဖို့ကိုတော့ ကိုယ့်တိုင်းပြည်မှာ ပညာရှင်အနေနဲ့ ရပ်တည်ဖို့ရည်ရွယ် ကြိုးစားနေတယ်။

ရူပဗေဒ မိသားစုများ၏ အပျော်များကို သစ်ပုပ်ပင်ကြီးသာ အသက်ရှိပါက ဝမ်းမြောက်စွာ ဂုဏ်ယူနေမည်ဟု ယူဆမိပါတော့သည်။

(မြန်မာ့အလင်း)

မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မန္တလေးကန်တော်ကြီး၌ ထိုးသတ်ယှဉ်ပြိုင်မည်

 Photo: မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မန္တလေးကန်တော်ကြီး၌ ထိုးသတ်ယှဉ်ပြိုင်မည်
===========================

မန္တလေး  ဇန်နဝါရီ  ၃၁

မန္တလေးတိုင်းဒေသကြီး မြန်မာ့ ရိုးရာလက်ဝှေ့ဆပ်ကော်မတီက ကြီး မှူး၍ ပန်းတစ်ခိုင်ဦးမြင့်လွင် စီစဉ် တင်ဆက်သည့်    ဖိုးသားကြီး (မန္တလေး)နှင့် လေးညှို့ရှင်(ခ)ရှမ်းကို (T&T)တို့၏ မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကြီးကို  ဖေဖော်ဝါရီ  ၁၂  ရက် ညနေ ၃ နာရီတွင်  မန္တလေးမြို့ ကန်တော်ကြီးGrand မြက်ခင်းပြင် ၌  ကျင်းပမည်ဖြစ်သည်။    သုံးချီ စိန်ခေါ်ပွဲ ၊လေးချီ စိန်ခေါ်ပွဲ၊  ငါးချီ စိန်ခေါ်ပွဲများ ပါဝင်မည်ဖြစ်သည်။ 

အဆိုပါ     ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကြီးသည် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ မြို့တော်ဝန်ဖလား (၁၃)ကြိမ်မြောက် ဟင်းသီးဟင်းရွက် နှင့်သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် လက်ဝှေ့ ပြိုင်ပွဲကျင်းပမည်ဟု သိရသည်။

သုံးချီပြိုင်ပွဲများအဖြစ် အောင် စည်ဟိန်း(စွမ်းကေကေ)နှင့် အောင် ကျော်ကျော်(အမရပူရ)၊  ဖြိုးကြီး (အမရပူရ)နှင့် တက်လူ (အောင်စိုး ကလပ်)၊ ဟောလိ(စွမ်းကေကေ)နှင့် ဇွဲလုလင်(ကျောက်ဆည်)၊  မိုးလေး (စွမ်းကေကေ)နှင့် ဗေလုဝ(အမရပူရ)၊ ရွှေအောင်လံ (စွမ်းကေကေ) နှင့် မိုက်ကယ်မိုး၊ လေးချီစိန်ခေါ်ပွဲများ အဖြစ်  မင်းနိုင်ထွန်း(စွမ်းကေကေ) နှင့် အားမာန်(စဥ့်ကိုင်)၊  သူရလိပ် (စွမ်းကေကေ)နှင့်   အံဘွား(မင်း သီဟ)၊ ငါးချီစိန်ခေါ်ပွဲများအဖြစ် မင်းမင်းထွန်း(စွမ်းကေကေ)နှင့် စော အယ်လေး(ထော့မဲပါ)၊ ဖိုးသားကြီး (မန္တလေး)နှင့်  ရှမ်းက(T&T) တို့ စိန်ခေါ်ထိုးသတ်ကြမည်ဖြစ်သည်။

လက်မှတ်များကို ကီးမားဦးတင် ဝင်း ဖုန်း-၂ဝဝ၇၇ဝ၅နှင့် သံလျက် မော်တောင်အုပ်ချုပ်ရေးမှူးရုံး ဖုန်း -၄၃ဝ၁ဝ၇ဝ၃ သို့ ဆက်သွယ်ဝယ် ယူနိုင်သည်ဟု သိရှိရသည်။ ရုံဝင် လက်မှတ်များကို ငွေကျပ်ငါးထောင်၊ ငွေကျပ် ရှစ်ထောင်၊  ငွေကျပ်တစ် သောင်း  သတ်မှတ်ထားသည်ဟု သိရှိရသည်။               ခင်ခင်ဝင်း(ပညာရေး)
 
မြန်မာယူ ၂၀ အသင်း ရှက်တာဒိုးနက် လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ

Photo: မြန်မာယူ ၂၀ အသင်း ရှက်တာဒိုးနက် လူငယ်အသင်းကို ဂိုးပြတ်အနိုင်ရရှိ
====================================

တူရကီနိုင်ငံ၌ ခြေစမ်းပွဲများ သွားရောက်ကစားနေသည့် မြန်မာယူ-၂ဝ အသင်းသည် ဇန်နဝါရီ ၃ဝ ရက်က ယူကရိန်းကလပ် ရှက်တာဒိုးနက် ယူ-၂၁ အသင်းနှင့် ထပ်မံခြေစမ်းကစားခဲ့ရာ လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ ခဲ့သည်။

မြန်မာယူ-၂ဝ အသင်းသည် မူလက ခြေစမ်းပွဲငါးပွဲသာကစားရန် စီစဉ်ခဲ့ သော်လည်း ယခုပွဲကို ထပ်မံကစားခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် လူစုံ အသုံးပြုခဲ့ပြီး ၁၃ မိနစ်တွင် နန္ဒကျော်က ပယ်နယ်တီမှတစ်ဆင့် အဖွင့်ဂိုးသွင်း ယူခဲ့သည်။ ဂိုးရပြီး နောက်ပိုင်းတွင် မြန်မာယူ-၂ဝ အသင်း ကစားပုံပိုကောင်း ခဲ့ပြီး ၃၅ မိနစ်တွင် နန္ဒကျော်က အဝေးကန်ချက်ဖြင့် ဒုတိယဂိုး၊ ၆၃ မိနစ်တွင် သန်းပိုင်က တတိယဂိုး၊ ၈၆ မိနစ်တွင် အောင်သူက စတုတ္ထဂိုးတို့ကို သွင်းယူ ခဲ့သည်။ ရှက်တာဒိုးနက် ယူ-၂၁ အသင်းသည်  ယူကရိန်း ယူ-၂၁ လိဂ်၏ ထိပ်တန်းအသင်းတစ်သင်းလည်း ဖြစ်သည်။

မြန်မာယူ-၂ဝ အသင်းသည် တူရကီခြေစမ်းခရီးစဉ်တွင် ခြေစမ်းပွဲ ခြောက် ပွဲကစားခဲ့ရာ လေးပွဲနိုင် တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရလဒ်ကောင်းများ ရရှိခဲ့ သည်။ မြန်မာယူ -၂ဝ အသင်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြို့သို့ ထွက်ခွာလာမည်ဖြစ်သည်။                                          ဖိုးသော်ဇင်
 
သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

Photo: သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

ချောင်းဆုံ  ဇန်နဝါရီ  ၃၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ   လယ်ပိုင်ရှင် ဦးမြင့်လွင်၏ လယ်ပေါ်တည်ဆောက် ရေးနေရာအမှတ် K-13 တွင် သံလွင် တံတား(ချောင်းဆုံ)  မြစ်ကူးတံတားတည်ဆောက်ရေး   မြေသန့်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် ၆နာရီခွဲကကျင်းပရာ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး   ချောင်းဆုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးဝါယာမိန္ဒ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူကြသည်။ 

ယင်းနောက် ဆရာတော်များထံမှ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေလယ်တိုင်နေရာနှင့် မြေနေရာတို့အား အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ခဲ့ပြီး   လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများမှ    ဆက်ကပ်လှူဒါန်းခဲ့သည်။ အကျိုးတော်ဆောင် ဆရာတော်မှ အနုမောဒနာမေတ္တာပို့ ရေစက်သွန်းချ အမျှပေးဝေခြင်းပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်တာဝန်ခံ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊    ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမင်းအေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့်  မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊   ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ တက်ရောက်ကြသည်။

(မြို့နယ် ပြန်/ဆက်)