Sunday, February 1, 2015

သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

Photo: သံလွင်တံတား (ချောင်းဆုံ)မြစ်ကူးတံတားတည်ဆောက်ရေး မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

ချောင်းဆုံ  ဇန်နဝါရီ  ၃၁

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာ   လယ်ပိုင်ရှင် ဦးမြင့်လွင်၏ လယ်ပေါ်တည်ဆောက် ရေးနေရာအမှတ် K-13 တွင် သံလွင် တံတား(ချောင်းဆုံ)  မြစ်ကူးတံတားတည်ဆောက်ရေး   မြေသန့်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် နံနက် ၆နာရီခွဲကကျင်းပရာ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး   ချောင်းဆုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ဦးဝါယာမိန္ဒ အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူကြသည်။ 

ယင်းနောက် ဆရာတော်များထံမှ သံလွင်မြစ်အတွင်း တည်ဆောက်မည့် ရေလယ်တိုင်နေရာနှင့် မြေနေရာတို့အား အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ် ချီးမြှင့်ခဲ့ပြီး   လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများမှ    ဆက်ကပ်လှူဒါန်းခဲ့သည်။ အကျိုးတော်ဆောင် ဆရာတော်မှ အနုမောဒနာမေတ္တာပို့ ရေစက်သွန်းချ အမျှပေးဝေခြင်းပြုလုပ်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြို့နယ်တာဝန်ခံ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် ဦးဝင်းကြည်၊    ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမင်းအေးလွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးနှင့်  မြို့နယ်စီမံခန့်ခွဲ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊   ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ တက်ရောက်ကြသည်။

(မြို့နယ် ပြန်/ဆက်)
 
လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်ကျောင်းသားအဖွဲ့ ချောက်မြို့နယ်အတွင်းသို့ ရောက်ရှိ

 Photo: လမ်းလျှောက်ဆန္ဒဖော်ထုတ်သည့်ကျောင်းသားအဖွဲ့ ချောက်မြို့နယ်အတွင်းသို့ ရောက်ရှိ
======================

ချောက်   ဇန်နဝါရီ   ၃၁

အမျိုးသားပညာရေးဥပဒေနှင့်ပတ်သက်၍ လမ်းလျှောက်ဆန္ဒ ဖော်ထုတ် လျက်ရှိသော ကျောင်းသားအဖွဲ့သည် ကျောက်ပန်းတောင်းမြို့တွင် ခေတ္တ ရပ်နားလျက်ရှိရာမှ ယနေ့ နံနက် ၉နာရီတွင် ချောက်မြို့သို့ ဆက်လက်ထွက်ခွာ ခဲ့ကြရာ မိုင်တိုင် ၃၉၁/၂ တွင် ချောက်မြို့နယ်မှ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖ များက ဥပဒေနှင့်အညီဆောင်ရွက်ရန် တွေ့ဆုံညှိနှိုင်းပြောကြားခဲ့သော်လည်း  ရပ်နားခြင်းမရှိဘဲ ဆက်လက်ထွက်ခွာခဲ့ကြသည်။

အဆိုပါ အဖွဲ့တွင် သံဃာအချို့နှင့် ဒေသခံအချို့ အပါအဝင် အင်အား ၁ဝဝ ခန့်ရှိကြောင်း၊ ည ၇ နာရီခန့်တွင် ချောက်မြို့နယ် ထန်းခြောက်ပင် ကျေးရွာ ဘုန်းကြီးကျောင်းသို့ ရောက်ရှိရပ်နားခဲ့ကြောင်း သိရသည်။
 
တမ်းတတိုင်းဝယ် တမြည့်မြည့်

Photo: တမ်းတတိုင်းဝယ် တမြည့်မြည့်

ဆယ့်သုံးဂဏန်းနှင့် မြန်မာ့လွတ်လပ်ပန်း 

ဆယ့်သုံးဂဏန်းကို  အများစုက ကံမကောင်းသော ဂဏန်းဟုဆိုကြသည်။ ကျွန်တော့်အနေဖြင့်မူ ထိုဂဏန်းသည် မြန်မာ့လွတ်လပ်ပန်းကို ဆောင်ကြဉ်းပေးနိုင်သည့် မင်္ဂလာရှိသော ကိန်းဂဏန်းတစ်ခုအဖြစ် ရှုမြင်မိပါသည်။

''ဖေဖော်ဝါရီ   ဆယ့်သုံးမှာ၊  ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး ရှေ့နေဦးဖာသား''အစချီ သော  ကဗျာကို  ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်း အလွတ်ရွတ်ဆိုနိုင်ကြသည်။  ဗိုလ်ချုပ်ဟု  ပြောလိုက်သည်နှင့်  ဗိုလ်ချုပ်အောင်ဆန်းကို  ဆိုလိုမှန်း  အလိုလိုသိကြသည်။ဗိုလ်ချုပ်ဟု    ချိုမြိန်စွာခေါ်ရသည်က အားမာန်ကိုမွေးဖွားစေသည်၊ ဗိုလ်ချုပ်ဟု ကြားရသည်က ကြားရသူအပေါင်း၌ အလွန်ပင် နားဝင်ပီယံရှိလှပါသည်။ ဗိုလ်ချုပ်ကဗျာကိုရွတ်ဆိုတိုင်းလည်း ဗိုလ်ချုပ်၏ဂုဏ်ကျေးဇူး အထူးထူးကို ရည်စူးအောက်မေ့ပြီး ကြည်ညိုလေးစားစိတ်များ အဖန်တလဲလဲ ကြည်နူးစွာဖြစ်ရပါသည်။

လူထဲကလူ သို့သော် အာဂလူ

ဗိုလ်ချုပ်ကို မြန်မာနိုင်ငံမြေလတ်ဒေသရှိ နတ်မောက်မြို့တွင် သူလိုကိုယ်လိုပင်   မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်ထိန်လင်းဖြစ်ပါသည်။ သို့သော် အာဇာနည်သွေးမှာ မွေးကတည်းကပင်  ပါခဲ့သည်ဟုဆိုရပါမည်။ ငယ်စဉ်ကပင် အမှန်တရားကို ချစ်မြတ်နိုးသောစိတ်၊ မဟုတ်မခံတုံ့ပြန်လိုစိတ်၊ ပညာကိုကြိုးစားသင်ယူလိုသောစိတ်တို့နှင့်အတူ တိုင်းပြည်လွတ်လပ်ရေးကို စိတ်ဝင်တစားဖြင့် ထက်သန်ပြင်းပြစွာ ဆောင်ရွက်ခဲ့မှုတို့မှာ လူထဲကလူ ဖြစ်သော်ငြားလည်း အာဂလူတစ်ဦးအဖြစ် တောက်မည့် မီးခဲတရဲရဲ ဖြစ်ခဲ့ပါသည်။ 

ဘမျိုးဘိုးတူ

ဗိုလ်ချုပ်၏  အဘိုးဖြစ်သူ ရွှေလရောင်ဘွဲ့ခံမြို့ လုလင်သူကြီး ဦးမင်းရောင်မှာ နယ်ချဲ့ဗြိတိသျှတို့ ၁၂၄၇ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့စဉ်က သူ့ကျွန်မခံလိုသောစိတ်ဖြင့် ရရာလက်နက်ကိုင်ဆွဲကာ ဗြိတိသျှ စစ်တပ်ကို အကြိတ်အနယ် အန်တုခုခံတော်လှန်တိုက်ခိုက်ရင်း မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော မျိုးချစ်သူရဲကောင်းကြီး တစ်ဦးဖြစ်ပါသည်။

ဗိုလ်ချုပ်မှာလည်း   မြန်မာ့လွတ်လပ်ရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်  တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ရင်းနယ်ချဲ့ဗြိတိသျှတို့၏ သွေးထိုးအကောက် ကြံမှုကြောင့် ဖြစ်ပေါ်လာရသည့် အမျိုးသားသစ္စာဖောက်များ၏  လုပ်ကြံမှုနှင့်အတူ  အသက်ဆုံးရှုံးခဲ့ရလေရာ ဘမျိုးဘိုးတူ မျိုးချစ်သူရဲကောင်းတစ်ဦးအဖြစ် သမိုင်းမှတ်တိုင်   စိုက်ထူနိုင်ခဲ့ပါသည်။  တစ်နည်းအားဖြင့် ဗိုလ်ချုပ်သည် သူ့ကျွန်မခံသည့်၊  အင်္ဂလိပ်ကို ဆန့်ကျင်သည့် မျိုးရိုးဇာတိအစဉ်အလာကို ထိန်းသိမ်းခဲ့သူဖြစ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်

မြန်မာ့သမိုင်းတစ်ခေတ်  အရိုင်းစစ်ကြောင့် ထီးကျိုး စည်ပေါက် ကျွန်သပေါက်ဘဝဖြင့် နှစ်ရာချီ၍ လူလုံးမလှ  အပူလုံြး<ွကခဲ့ရသည့် မြန်မာပြည်ကို နယ်ချဲ့နှင့် ဖက်ဆစ်တို့၏   ဖိနှိပ်မှုအစုစုတို့အား ''လက်အောက်မှလှန်၊ ရန်အောက်မှရုန်း၊ နုန်းအောက်မှဖောက်'' သူ့ကျွန်ဘဝမှ လွတ်မြောက်ပြီး မြန်မာ့အချုပ်အခြာအာဏာကို ပြန်လည်ရရှိရလေအောင် ဗိုလ်ချုပ်ကိုယ်တိုင်ဦးဆောင်၍  ဗိုလ်ချုပ်ထူထောင်ခဲ့သော တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံးတို့၏ ကြိုးပမ်းအားထုတ်မှုတို့ဖြင့် ဆောင်ကြဉ်းပေးနိုင်ခဲ့ပါသည်။

ထို့ကြောင့်လည်း  ယနေ့အခါ  ကျွန်ုပ်တို့အားလုံး မြန်မာနိုင်ငံတော်အလံကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူ၍ နိုင်ငံတော်သီချင်းကို    ကြက်သီးတဖျန်းဖျန်းထအောင် သီဆိုနိုင်ခဲ့ကြပြီမဟုတ်ပါလော။

စည်းလုံးမှုပြယုဂ်  ပင်လုံစာချုပ်ကို အသက်သွင်းခဲ့သည့် ဗိုလ်ချုပ်

ဗိုလ်ချုပ်ကစည်းလုံးညီညွတ်ရေး   အရေးကြီးပုံကို  ပြောပြခဲ့မှုအား ဗိုလ်ချုပ်၏အပါးတော်မြဲဆောင်ရွက်ခဲ့သည့် ဗိုလ်ထွန်းလှက ရေးသားခဲ့သည်မှာ 

''---- ဂျပန်ပြေးတာနဲ့ အင်္ဂလိပ်အစိုးရပြန်ဝင်လာပြီး မြန်မာနိုင်ငံဟာ မူလကအတိုင်း ကျွန်ဘဝပြန်ရောက်ဦးမယ် ... ငါတို့ဟာ စစ်ရေးအရ ဗြိတိသျှအင်ပါယာကြီးကို နိုင်အောင်မတိုက်နိုင်ဘူး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အင်အားနဲ့မှ တိုက်လို့ရမယ်၊ မင်းတို့ မြဲမြဲမှတ်ထားဖို့က ငါတို့ရဲ့ အဓိကလက်နက် အထိရောက်ဆုံးလက်နက်ဟာ စက်သေနတ်တွေ  အမြောက်တွေမဟုတ်ဘူး  ယူနတီ (Unity)ဆိုတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသာ ဖြစ်တယ်'' ဟူ၏။

အပြောနှင့်အလုပ် တစ်ထပ်တည်းကျသည့် ဗိုလ်ချုပ်သည် ဗြိတိသျှတို့မှ မတတ်သာ၍ လွတ်လပ်ရေးပေးရတော့မည့်အချိန်တွင် ရှမ်းပြည်နယ်နှင့် တောင်တန်းဒေသများအား ၎င်းတို့၏အကျိုးစီးပွားအတွက် ဆက်လက်ချုပ်ကိုင်လိုသည့်  သဘောထားရှိမှုကို  သိရှိလာသည့်အခါ ၁၉၄၆ ခုနှစ် မတ်လမှ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်းရင်းသားခေါင်းဆောင်များထံ   ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံညှိနှိုင်းခဲ့၍ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အသက်တမျှ အရေးကြီးလှသည့် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းဝင် ပင်လုံစာချုပ်ကြီးကို တိုင်းရင်းသားအားလုံး သွေးစည်းချစ်ကြည်သော အထိမ်းအမှတ်အဖြစ်  လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ထိုပင်လုံစာချုပ်ဖြင့် မြန်မာ့လွတ်လပ်ရေးကို  အရယူပေးနိုင်ခဲ့ပါသည်။

ရှုထောင့်မျိုးစုံတွင် ချစ်ခင်လေးမြတ်ဖွယ်ဗိုလ်ချုပ်

မည်သူမဆို အားနည်းချက်၊ အားသာချက်ဟူ၍ရှိ သည်သာဖြစ်ပါသည်။  ဗိုလ်ချုပ်မှာလည်း  ပုထုဇဉ်တစ်ဦး ပီပီ အားနည်းမှု၊ ချို့ယွင်းမှုရှိမည်သာ ဖြစ်ပါသည်။ သို့သော် ဗိုလ်ချုပ်၏ အားနည်းမှု၊ ချို့ယွင်းမှုများသည် တိုင်းပြည်ကို ကယ်တင်ရာတွင် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့် ရဲသော၊  အများပြည်သူ၏  လွတ်လပ်မှုလိုအင်ဆန္ဒကို အသက်နှင့်လဲ၍  ဖြည့်စွမ်းပေးခဲ့သော စိတ်စေတနာတို့ အောက်ဝယ်အလိုလိုတိမ်မြုပ်ပျောက်ကွယ်သွားသည်ဟု ခံစားမိပါသည်။ 

ဗိုလ်ချုပ်က မြန်မာပြည်၌သာမက ကမ္ဘာမှာပင်ရှားမှရှားသော ပုဂ္ဂိုလ်ထူးဖြစ်ပါ၏။ မြန်မာနိုင်ငံတော် သမိုင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါကလည်း အနော်ရထာမင်းသည် အေဒီ၁၁ ရာစုတွင် ပထမမြန်မာနိုင်ငံ တော်ကြီးကို စစ်ရေးမဟာဗျူဟာဖြင့်လည်းကောင်း၊ ဘုရင့်နောင်မင်းတရားကြီးသည်  ၁၆ ရာစုတွင် ဒုတိယ မြန်မာနိုင်ငံတော်ကြီးကို စစ်ရေးမဟာဗျူဟာ ဖြင့်လည်းကောင်း၊ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်  ၁၈ ရာစုတွင် တတိယမြန်မာနိုင်ငံတော်ကြီးကို စစ်ရေးမဟာဗျူဟာ ဖြင့်လည်းကောင်း၊   ထူထောင်ခဲ့ကြရာ  ဗိုလ်ချုပ်အောင်ဆန်းမှာမူ ၂ဝ ရာစုတွင် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို  စစ်ရေးနည်းအပြင် ပြည့်အင်အားသည်  ပြည်တွင်းမှာသာရှိသည်ဟူသော အယူအဆဖြင့် တိုင်းရင်းသား  စည်းလုံးညီညွတ်ရေးတည်းဟူသော  စည်းရုံးရေးနည်းကိုပါ တွဲဖက်၍ မဟာဗျူဟာ အမျိုးမျိုး ကျင့်သုံးထူထောင်နိုင်ခဲ့ပါသည်။ သတ္တိနှင့် ဗျတ္တိကို  မှန်ကန်စွာအသုံးချနိုင်ခဲ့သူ ဖြစ်ပါသည်။

ပြည်သူအပေါ်၊  တိုင်းရင်းသားအပေါ် ချစ်ခင်လေးစားသည့် ဗိုလ်ချုပ်

ဗိုလ်ချုပ်ဦးဆောင်သည့်  ရဲဘော်သုံးကျိပ်ဖြင့်  စတင်ထူထောင်ခဲ့သည့်   မြန်မာ့တပ်မတော်သည် ထိုစဉ်က ကမ္ဘာပေါ်တွင် အလွန်စစ်အင်အားကြီးမားသော  ဗြိတိသျှတပ်မ တော်ကိုလည်းကောင်း၊ အာရှတွင်စစ်အင် အားကြီးမားလှသည့်  ဂျပန်စစ်တပ်ကိုလည်း ကောင်းတိုက်ထုတ်နိုင်ခဲ့သည်အထိ အင်အား တောင့်တင်းခိုင်မာခဲ့ပါသည်။သို့သော် ဗိုလ်ချုပ်သည် လူမျိုးစွဲ၊ ဝါဒစွဲတို့ဖြင့်  အသီးသီးကွဲပြားနေသော တိုင်းရင်းသားတို့ကိုမူ အင်အားကို အသုံးပြု၍သိမ်းသွင်းခဲ့ခြင်းမပြုဘဲ တိုင်းရင်းသား ပြည်သူများအပေါ်  ချစ်ခင်လေးစားစိတ်၊  စာနာ ကြင်နာစိတ်တို့ဖြင့် စည်းရုံးရေးမဟာဗျူဟာကို ကျင့်သုံးဆောင်ရွက်နိုင်ခဲ့ပါသည်။  ဤသည်ကား ဗိုလ်ချုပ်၏မြင့်မြတ်သော  စွမ်းဆောင်ရည်ပင်ဖြစ်ပါ၏။

မြန်မာ့သမိုင်းတွင် ထာဝစဉ်ရှင်သန်နေမည့် ဗိုလ်ချုပ်

ဗိုလ်ချုပ်ကို လွတ်လပ်ရေး ဗိသုကာ၊ တပ်မတော်၏ဖခင်၊ မြန်မာပြည်သူတို့၏ အမျိုးသားခေါင်းဆောင်ကြီးစသည့် ဂုဏ်ထူးဝိသေသများဖြင့် ချီးကျူးဂုဏ်ပြုခေါ်ဝေါ် သုံးနှုန်းလေ့ရှိကြပါသည်။ ထိုထိုသော ဂုဏ်ဒြပ်များ ကလည်း ထပ်တူပြုရန် မရှိနိုင်သည့်၊ နှိုင်းယှဉ်ရန်မရှိသည့် ဝိသေသလက္ခဏာများပင် ဖြစ်ပါသည်။

သေသောသူ ကြာရင်မေ့ဆိုသော်လည်း ဗိုလ်ချုပ်မှာ မူလူသေသော်လည်း နာမည်မသေဘဲ ယနေ့တိုင် မမေ့နိုင်စွာ ဂုဏ်ယူတသနေရပါသည်။ ထို့အတူ မြန်မာ့သမိုင်း တစ်လျှောက်မည်သည့်အခါမှ မေ့ပျောက်နိုင်တော့မည် မဟုတ်သည်မှာ အသေအချာပင်ဖြစ်ပါသည်။

သီဖွဲ့မကုန် ကျော်သည့်ဂုဏ်

ဗိုလ်ချုပ်၏မွန်မြတ်လှသော  ဂုဏ်ပုဒ်များက သီဖွဲ့၍မကုန်နိုင်ပေ။ ဖြောင့်မတ်ရိုးသားမှု၊ ကြိုးစားအားထုတ်မှု၊ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံမှု၊ကြင်နာသနားတတ်မှု၊ ခေါင်းဆောင်ပီသမှု၊  အမှန်တရားနှင့် တရားမျှတမှုကို လက်ကိုင်ထားမှု၊ ရိုးရှင်းသော ဘဝကိုမြတ်နိုးမှု၊ စာပေလေ့လာလိုက်စားမှု၊ သတ္တိဗျတ္တိရှိမှု၊ ရဲဘော်ရဲဘက်စိတ်ရှိမှု၊ မိမိအကျိုးထက်  နိုင်ငံသား၏အကျိုးကို ရှေးရှုမှု၊ နိုင်ငံနှင့်လူမျိုးအကျိုးအတွက် စစ်မှန်သောမျိုးချစ်စိတ် ဓာတ်ဖြင့်မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ကြိုးပမ်းဆောင်ရွက်မှု၊အပြန်အလှန်လေးစားတတ်မှုစသည့်မွန်မြတ် အတုယူဖွယ်ကောင်းသော၊ စံပြုဖွယ်ရာဖြစ်သော  အမူအကျင့်နှင့်စိတ်ဓာတ်တို့ကို အနာဂတ်ဖန်တီးရှင်များဖြစ်သည့် နောင်လာ နောက်သား  မျိုးဆက်သစ်လူငယ်များ အကြားဝယ် ပြန့်ပွားစေချင်မိပါသည်။ 

ဗိုလ်ချုပ်ကို အားကျအတုယူပြီး သူ့လိုလူဖြစ်စေရန် အားထုတ်ကြိုးပမ်းကြမည်ဆိုပါလျှင် ဗိုလ်ချုပ်ကဲ့သို့သော လူငယ်ခေါင်းဆောင်ကောင်းများ      အများအပြားပေါ်ထွက်လာမည်သာဖြစ်ပါ၏။ 

ဂုဏ်ယူနေရုံနှင့်မရ 

ဗိုလ်ချုပ်ကို ချစ်သလား၊ လေးစားသလား၊ ယုံကြည်သလားဟု မေးလာပါလျှင် လူတိုင်းက ချစ်ခင်လေးစား ယုံကြည်ကြကြောင်း  ပြောမည်မှာ  မလွဲမသွေဖြစ်ပါ၏။ထိုသို့ချစ်ခင်လေးစား ယုံကြည်မှုကို အဖန်တလဲလဲ ဂုဏ်ယူနေရုံမျှဖြင့် ချစ်ရာမရောက်ဟု ဆိုရပါမည်။ ဗိုလ်ချုပ် မျှော်မှန်းခဲ့သည့် အမိမြန်မာပြည်ဖြစ်စေရန်မှာမူ ဗိုလ်ချုပ် လမ်းစဉ်နှင့်လုပ်ရပ်များကို သိရှိနားလည်ပြီး ကိုယ်တိုင်လိုက်နာ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာလျှင် ဗိုလ်ချုပ်အပေါ် ချစ်ခင်လေးစားယုံကြည်မှုကို ပြသသင့်သည်ဟု ရိုးရှင်းစွာရှုမြင်မိပါသည်။

ယနေ့မြန်မာ မျက်နှာစာ

ယနေ့အခါ မြန်မာနိုင်ငံသည် ဖြတ်သန်းခဲ့ရသော ခေတ်စနစ်အသီးသီး၏ သင်ခန်းစာများအရ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့သော နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် အမျိုးသားရေးတာဝန်အဖြစ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ 

လူထုရွေးချယ်မှုဖြင့်  ပေါ်ပေါက်လာသည့်  ဒီမို ကရေစီဖော်ဆောင်သော    အစိုးရအနေဖြင့်လည်း ဒို့တာဝန်အရေးသုံးပါးကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပါသည်။ 

ပြည်သူကိုဗဟိုပြု၍  ပြည်သူ့အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်စေရေးအတွက်  မဖြစ်မနေလိုအပ်သည်က တည်ငြိမ်မှုနှင့်အေးချမ်းမှုတို့ဖြစ်ပါ၏။ တိုင်းရင်းချစ်ကြည် တွဲလက်ညီစေရေးအတွက် နိုင်ငံတော်မှ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်ကို တိုင်းရင်းသားညီနောင် အချင်းချင်းအကြား အကျိုးမဲ့စွာ ဆုံးရှုံးမှုကို ဖြစ်စေမည့်နည်းလမ်းများကို  ဖယ်ရှားပြီး ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်းဖြင့်သာ လုပ်ဆောင်မည်ဟူသော ယုံကြည်ချက်၊ ခံယူချက်တို့ထားရှိကာ ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ  ဤခရီးနီး၊ မနီးမှာမူ နိုင်ငံတော်အစိုးရ၏ အပြုသဘော ဆောင်ရွက်ချက်များနှင့်သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး၌ ပါဝင်ဆောင်ရွက်သူများ၏ ဖြစ်ချင်စိတ်ပြင်းပြမှု နှင့်မှန်ကန်သော စိတ်စေတနာတို့အပေါ်တွင်သာ မူတည်မည်ဖြစ်ပါသည်။ 

ပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေသည်က ''သားရွှေအိုးထမ်းလာသည်ကို ရှုမြင်ရသည့် ခံစားမှုမျိုး''ဖြစ်ပါ၏။ 

ထို့ကြောင့် မဏ္ဍိုင်အသီးသီး၏ မှန်ကန်မျှတသော လုပ်ဆောင်မှုများကလည်း အထူးအရေးပါလှသည်ကို သတိပြုရန် အထူးလိုအပ်လှပါသည်။ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲတို့၏  မှိုင်းအောက်ဝယ် လူလားမြောက်စ ဒီမိုကရေစီခရီးလမ်းကို  ခရောင်းလမ်းအသွင်မဖြစ် စေချင်ပါ။မှန်ကန်သော  ရှုမြင်မှု၊ဖြောင့်မတ်သော လုပ်ဆောင်မှုများဖြင့် အင်တိုက်အားတိုက် အတူတကွပူးပေါင်းဆောင်ရွက်ရမည့် အချိန်ကာလများကို အကျိုးမဲ့စွာ ဆုံးရှုံးမသွားစေချင်ပါ။ 

ဆန္ဒတွေ  မျှော်လင့်ချက်တွေ

သြော် လက်ရှိအခြေအနေကို နိုင်ငံသားတစ်ဦးပီပီ မချင့်မရဲ ဖြစ်ရလေတိုင်း ယနေ့တိုင် အစားထိုးမရနိုင်သေးသည့် ကျွန်တော်တို့ဗိုလ်ချုပ်ကို သတိရမိပါသည်။ တစ်ဆက်တည်းပင် မျှော်လည်း မျှော်လင့်မိပါသည်။ 

လူအများက ကံမကောင်းသော ဂဏန်းဟု သတ်မှတ်ထားကြသော်လည်း ထိုဂဏန်းဖြင့် မွေးဖွားလာပြီး မြန်မာ့လွတ်လပ်ပန်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည့် ဗိုလ်ချုပ်၏လမ်းစဉ်နှင့် မှန်ကန်မြင့်မြတ်သော  လုပ်ဆောင်ချက်များနည်းတူ အကောင်အထည်ဖော်နိုင်ပါစေဟုသာ ဆန္ဒပြုမိပါသည်။    ။  

ဝေယံမောင်
 
လေယာဉ်များတွင် ခြေရာခံကိရိယာသစ် တပ်ဆင်နိုင်တော့မည်

Photo: လေယာဉ်များတွင် ခြေရာခံကိရိယာသစ် တပ်ဆင်နိုင်တော့မည်

နယူးယောက်  ဇန်နဝါရီ  ၃၁
ပျက်ကျလေယာဉ်များကို ကယ်ဆယ်ရေးအဖွဲ့များ  ရှာဖွေရာတွင် လွယ်ကူစေရန်အတွက်  မိနစ်တိုင်းတွင် အရေးပေါ်အသံလှိုင်းကို  ပို့ပေးနိုင်မည့်  ထုတ်လွှင့်စက်များကို ကမ္ဘာတစ်ဝန်းရှိ    ပုဂ္ဂလိကလေကြောင်း လိုင်းများတွင်  မကြာမီ  တပ်ဆင်နိုင်တော့မည်ဖြစ်ကြောင်း  ပရက်စ်တီဗွီသတင်းတွင် ဖော်ပြထားသည်။ လုပ်ငန်းစဉ်အသစ်များကို    ယခုနှစ်ကုန်ပိုင်းတွင်  လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  နိုင်ငံတကာလေ  ကြောင်းထိန်းသိမ်းရေးအဖွဲ့(အိုင်စီ အေအို)က ပြောခဲ့သည်။

ခြေရာခံကိရိယာ   အသစ်ကိုတပ်ဆင်သော လေယာဉ်များသည် လေကြောင်းလိုင်း ဦးတည်ရာလမ်းကြောင်း   လွဲမှားခြင်းကဲ့သို့သော မမျှော်လင့်သော  အခြေအနေမျိုးဖြစ်ပေါ်ပါက မိနစ်တိုင်းသတင်းပို့မှု ကို လုပ်ဆောင်ပေးနိုင်မည်ဖြစ်သည်။

အဆိုပါစနစ်ကို အသုံးပြုထား သော လေယာဉ်များသည် ပျံသန်း နေသည့်   သာမန်အခြေအနေ     တွင်   ၁၅ မိနစ်ခြားတစ်ခါ   ၄င်းတို့၏  တည်နေရာကို သတင်းပေးပို့မည်   ဖြစ်ပြီး  ကယ်ဆယ်ရေးအဖွဲ့များသည်  ယင်းအသံလှိုင်း၏  ဖော်ပြချက်အရ နောက်ဆုံးသိရသော  အနေအထားဖြင့် ရေမိုင်ခြောက်မိုင်အတွင်း ခြေရာခံနိုင်မည်ဖြစ်သည်။

လက်ရှိအခြေအနေတွင်  လေယာဉ်များကိုရေဒါဖြင့်   ခြေရာခံလိုက်ကြရသည်။ ရေထဲသို့ ပျက်ကျခဲ့သော  လေယာဉ်ကို အလွယ်တကူ ရှာဖွေနိုင်ရန်နှင့်ရေထဲတွင် ပေါ်လောပေါ်နိုင်ပြီး  လေယာဉ်မှ  ကန်ထွက်နိုင်သည့်  လေယာဉ်ပျံသန်းမှု မှတ်တမ်းများကို လေကြောင်းလိုင်းများတွင် တပ်ဆင်ရန်တောင်းဆိုခဲ့ကြသည်။ 

၂ဝ၁၂ ခုနှစ်တွင်ထုတ်လုပ်မည့် လေယာဉ်များကို  ကနေဒါနိုင်ငံ မွန်ထရီရယ်မြို့၌  ဖေဖော်ဝါရီ ၂ ရက် မှ ၅ ရက်အထိ  ကျင်းပမည့် အိုင်စီအေအိုအဖွဲ့ဝင်နိုင်ငံများ  အစည်းအဝေးတွင် တင်ပြမည်ဖြစ်သည်။

ပဏာမခြေလှမ်းအနေဖြင့် အိုင် စီအေအိုအဖွဲ့ဝင်နိုင်ငံများ၏ တစ်ညီတစ်ညွတ်တည်း ထောက်ခံမှုလိုအပ်ကြောင်း စက်မှုကျွမ်းကျင်ပညာရှင်များက ဆိုခဲ့သည်။

နောက်ဆုံး   အဆိုပြုချက်ကို အတည်ပြုနိုင်ရေးအတွက်  အိုင်စီအေအိုကောင်စီသို့ခြောက်လအတွင်း တင်ပြမည်ဖြစ်သည်။ 

(ပရက်စ်တီဗွီ
 
အင်္ဂလန်နိုင်ငံတွင် ကလေးသုံးယောက်လျှင် တစ်ယောက်မှာ အ၀လွန်ရောဂါဖြစ်နေ

Photo: အင်္ဂလန်နိုင်ငံတွင် ကလေးသုံးယောက်လျှင် တစ်ယောက်မှာ အ၀လွန်ရောဂါဖြစ်နေ

လန်ဒန်  ဇန်နဝါရီ  ၃၁

ကလေးသုံးယောက်လျှင် တစ် ယောက် အဝလွန်မှု  မြင့်တက်လာခြင်းသည် အသက် ၁ဝ နှစ်အောက်တွင် စတင်ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဆိုထားသည်။

၁၉၉၄ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်ထိ အင်္ဂလန်နိုင်ငံတွင် ကလေးအဝလွန်မှု အချိုးသည် တဖြည်းဖြည်း မြင့်တက်လာကြောင်း တွေ့ရှိခဲ့သည်။ သို့သော်လည်း  လွန်ခဲ့သော ၁ဝ စုနှစ်တွင် ကလေးအဝလွန်မှု အချိုးသည် ၃ဝ ရာခိုင်နှုန်းခန့်သာရှိသည်။

လန်ဒန်ဘုရင့်    ကောလိပ်မှ သုတေသနပညာရှင်များက အများအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ် အရွယ်ရှိသူများသည်  အဝလွန်မှုမြင့်တက်နေကြောင်း ထပ်မံတွေ့ရှိခဲ့သည်။  ထို့ပြင် အင်္ဂလန်ပြည်သူ့ ကျန်းမာရေးဌာနက  အဝလွန်ခြင်းနှင့်ပတ်သက်ပြီး အားရကျေနပ်မှုမရှိကြောင်း ဖော်ပြခဲ့သည်။

နှလုံးရောဂါ၊   ဆီးချိုရောဂါ၊ အချို့ကင်ဆာရောဂါများနှင့်  မြုံခြင်းကဲ့သို့ များပြားသော ကျန်းမာရေးပြဿနာများနှင့် အဝလွန်ခြင်းသည်  သိသာစွာဆက်နွှယ်မှုရှိကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားသည်။

အင်္ဂလန်နိုင်ငံတွင်  အဝလွန်သူများသည်  လွန်ခဲ့သော  ၂၅ နှစ်က ထက် သုံးဆမြင့်တက်လာခဲ့သည်။

ထိုနှစ်အတွင်း  ကလေးများကြား  အဝလွန်မှုသည်လည်း   မြင့်တက်လာခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်  ကလေးသုံးယောက်လျှင်   တစ်ယောက်မှာ ကိုယ်အလေးချိန်မြင့်တက်နေပြီး ငါးယောက်လျှင်     တစ်ယောက်မှာ အဝလွန်လာကြောင်း သိရသည်။ 

အခြားရင်းမြစ်များမှ   သတင်း အချက်အလက်များက    ကလေးအဝလွန်မှုသည်  ရပ်တန့်နေကြောင်း သို့မဟုတ် တဖြည်းဖြည်းကျဆင်းလာကြောင်း ဆိုသည်။

လေ့လာမှုက အဝလွန်ခြင်းသည် ကိုယ်ခန္ဓာအချိုးအစား  ညွှန်းကိန်း BMIနှင့် ညီမျှကြောင်း ဖော်ပြထားသည်။

ကလေးအများစုမှာ မွေးစတွင် အဝလွန်ခြင်းမဖြစ်ဘဲ    မူလတန်း ပြီးဆုံးချိန်တွင်  အဝလွန်လာခြင်း     မှာ  စိတ်ပျက်စရာကောင်းကြောင်း၊ အသက်ငယ်ရွယ်သော  အုပ်စုများကို  ထိုကဲ့သို့ အဝလွန်မှု မဖြစ်ပေါ်စေရန်    ကြိုတင်ကာကွယ်မှုများ ပြုလုပ်ခြင်းသည်   ပိုမိုကောင်းမွန်ကြောင်း၊ ထို့ကြောင့်  မိမိတို့သည်   ကယ်လိုရီလျှော့ချရေးကို  ဦးတည်ရမည်ဖြစ်ပြီး  တက်ကြွလှုပ်ရှားပြီး   ကျန်းမာကြံ့ခိုင်သော  ဘဝများကို ပိုင်ဆိုင်ရန်  ကလေးများကို  အသိပညာပေးရမည်ဖြစ်ကြောင်း တော်ဝင်ကောလိပ်၏ ကလေးသူငယ်ရောဂါဆိုင်ရာ    ဆေးပညာနှင့်    ကလေးသူငယ် ကျန်းမာရေးဌာန အာဟာရဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ ကောလင်းမီချီက ဆိုသည်။  

(ဘီဘီစီ
 
အိုင်အက်စ်ဓာတုလက်နက်ကျွမ်းကျင်သူ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံး

Photo: အိုင်အက်စ်ဓာတုလက်နက်ကျွမ်းကျင်သူ လေကြောင်းတိုက်ခိုက်မှုအတွင်းသေဆုံး

ဝါရှင်တန်  ဇန်နဝါရီ  ၃၁

အီရတ်နိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွအုပ်စုနှင့်အတူ အလုပ်လုပ်နေသော ဓာတုလက်နက်ကျွမ်းကျင်သူတစ်ဦးသည် ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားကြောင်း အမေရိကန်စစ်ဘက်ကပြောသည်။

အဘူမာလစ်ဆိုသူသည် အိုင်အက်စ်တို့အတွက် လက်နက်ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသူဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။၎င်းသည် အယ်လ်ခိုင်ဒါနှင့်အိုင်အက်စ်သို့မဝင်ရောက်မီ ယခင်အီရတ်သမ္မတဟောင်း ဆက်ဒန်ဟူစိန်လက်ထက်၌ ဓာတုလက်နက်အင်ဂျင်နီယာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း အမေရိကန်က ပြောသည်။

အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် အိုင်အက်စ်တို့အား ပစ်မှတ်ထားလျက် အကြိမ်ပေါင်း ၂ဝဝဝ နီးပါးလေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ မစ္စတာမာလစ်သည် ဇန်နဝါရီ ၂၄ ရက်က အမေရိကန်လေကြောင်းတိုက်ခိုက်စဉ် သေဆုံးခဲ့ကြောင်း အမေရိကန်တို့က ဆိုသည်။

၎င်းသေဆုံးမှုသည် အိုင်အက်စ်တို့အတွက် ဓာတုလက်နက်ထုတ်လုပ်အသုံးပြုရန် အင်အားချည့်နဲ့သွားလိမ့်မည်ဟု မျှော်လင့်ထားသည်။ အိုင်အက်စ်တို့သည် ကလိုရင်းဓာတ်ငွေ့အသုံးပြုတိုက်ခိုက်နေသည်ဟု မကြာခဏသတင်း ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း အထောက်အထားမတွေ့ရဟု အမေရိကန်တို့ကဆိုသည်။                        

(ဘီဘီစီ)
 
အသင်းပြောင်းဖို့ကြိုးစားနေတဲ့ ပေါ့ဘာ

Photo: အသင်းပြောင်းဖို့ကြိုးစားနေတဲ့ ပေါ့ဘာ
========================

ဂျူဗင်တပ်စ်မှာ ပွဲတိုင်းနီးပါး ခြေစွမ်းပြဂိုးသွင်းပေး နေတဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာဟာ အသင်း မှာ  ခြေစွမ်းပြနေပေမယ့်  လာမယ့်နှစ်နှစ်အတွင်းမှာ အသင်းမှ  ထွက်ခွာမယ်လို့   သူရဲ့အေးဂျင့်က ပြောကြား လိုက်ပါပြီ။

အသက် ၂၁  နှစ်အရွယ်သာရှိသေးတဲ့  ပြင်သစ် နိုင်ငံသား  ပေါ့ဘာဟာ  ၂ဝ၁၂  ခုနှစ်က မန်ယူကနေ ဂျူဗီကို ရောက်လာပြီးနောက် ဒီနှစ်အတွင်း ၂၆ ပွဲ ကစား ရာမှာ ရှစ်ဂိုးသွင်းယူပေးထားပါတယ်။   ''ဂျူဗီက ပေါလ် ထွက်ဖြစ်ခဲ့ရင်တော့ ယခုအနေအထားအတိုင်း ထိပ်ဆုံး နေရာကို  စိုးမိုးထားဖို့  မဖြစ်နိုင်တော့ပါဘူး''ဟု  ¤င်းရဲ့  အေးဂျင့်မင်နိုရာလိုလာက    ပြောပါတယ်။   ''ပေါလ် ဟာ ဒီနှစ်ကုန်မှာ ခြေစွမ်းပြဂိုးသွင်းမှုတွေနဲ့အတူ ထိပ်တန်း ဂိုးသွင်းသမားအဖြစ် ရောက်ရှိလာမယ်လို့ မျှော်လင့်ပါတယ်'' လို့လည်း သူကဆိုပါတယ်။ ကမ္ဘာကျော်အသင်းကြီးတွေ ဟာ စီရော်နယ်ဒို၊ လီယိုနယ်မက်ဆီနဲ့ အီဘရာဟင်မိုဗစ် တို့ကို  မခေါ်နိုင်ပေမယ့် ပေါလ်ပေါ့ဘာကိုတော့ ခေါ်နိုင်ပါ လိမ့်မယ်၊  ယခုလအစောပိုင်းကပဲ   ပေါ့ဘာဟာ  ကမ္ဘာ့ အကောင်းဆုံးဘောလုံးသမားဖြစ်လာလိမ့်မယ်လို့ ဂျူဗင် တပ်စ်နည်းပြ အော်လီဂရီက ဆိုပါတယ်။
ကောင်းမြတ်သူ