Saturday, November 1, 2014

မြန်မာ့အလင်း အယ်ဒီတာအာဘော်

မြို့ရွာများ အပြိုင်ဖွံ့ဖြိုးရေးကြိုးပမ်း 

''အဖီးလှမှ အခိုင်လှသည်'' ဟူသော စကားရှိသည်။ကျေးလက်ဒေသများအပြိုင်ဖွံ့ဖြိုးလာမှ မြို့ပြများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်ုပ်တို့နိုင်ငံ၌ ကျေးလက်ဒေသဖွံ့ ဖြိုးရေးကို အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းလျက်ရှိပါသည်။ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစသော အစီအမံများကို ရွာအနှံ့၊ နယ်အစုံတို့၌ ဆောင်ရွက်လျက်ရှိပါသည်။ 

မွန်ပြည်နယ်မှလာသော သတင်းတစ်ရပ်တွင် မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွားများလာရောက်မှု တိုးလာသည့်အလျောက် ဟိုတယ်နှင့်တည်းခိုရိပ်သာများ တိုးမြှင့်တည်ဆောက်လျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများလည်း အောင်မြင်တိုးတက်မှုများရရှိအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း ကြားသိရသည်။ 

ထို့အတူ ပုသိမ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့ကို လုပ်ဆောင်နေပြီး ရည်မှန်းချက်များ ရာနှုန်းပြည့်အောင်မြင်လျက်ရှိကြောင်းသိရသည်။ 

လက်ရှိနိုင်ငံတော်အစိုးရ၏ သုံးနှစ်တာကာလအတွင်း နိုင်ငံနှင့်အဝန်း ကျေးလက်များသာမက မြို့ပြများကိုလည်း အဆင့်မြင့်မြို့ပြများ ဖြစ်ပေါ်လာရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရပေသည်။ မြို့ပြများအတွင်း လူနေအိမ် တိုက်တာများ ဆောက်လုပ်မှုများပြားလာခြင်း၊ လျှပ်စစ်ဓာတ်အား တိုးချဲ့သုံးစွဲနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ကျောင်းများအဆင့်မြှင့်တင်ခြင်း၊ ကျောင်းဆောင်သစ်များ တိုးချဲ့တည်ဆောက်ခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဆရာဝန်သူနာပြုနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းစသော ဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ 

ဤသို့ နိုင်ငံတော်အပိုင်းက အခြေခံအဆောက်အအုံများ တိုးတက်လာအောင် ဖြည့်ဆည်းပေးနေသကဲ့သို့ မြို့ရွာများရှိ ဒေသခံပြည်သူများကလည်း မိမိတို့ရပ်ရွာများ တိုးတက်လာရေးအပြိုင်အဆိုင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။ မျက်မှောက်ခေတ်သည် နေရာတိုင်းတွင် အပြိုင်အဆိုင်ကြိုး စားနေသည့်ခေတ်ဖြစ်သည်။ မြို့ရွာများအလိုက် စည်းကမ်း ကောင်းမွန်မှု၊ ကုန်ထုတ်စွမ်းအားများ တိုးမြှင့်နိုင်မှု၊ လူမှုဘဝဖွံ့ဖြိုးမှု၊ လူတစ်ဦးချင်းဝင်ငွေတိုးတက်ရရှိမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတိုးတက်မှုတို့အပေါ် အပြိုင်အဆိုင် ကြိုးပမ်းသွားသင့်ပေသည်။ အပြိုင်အဆိုင်ဆောင်ရွက်ခြင်းသည် တိုးတက်မှုကို ရှေးရှုသည်။သို့ပါ၍ မြို့ရွာများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအပြိုင်အဆိုင် ကြိုးပမ်းအာထုတ်သင့်ပေကြောင်း။ ။

1.11.2014 မြန်မာ့အလင်း ကာတွန်း

တွံတေးမြို့နယ်သတင်းထောက်က မြန်မာ့အလင်း မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေလှူ

Photo: တွံတေးမြို့နယ်သတင်းထောက်က မြန်မာ့အလင်း
မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေလှူ

ရန်ကုန်   အောက်တိုဘာ   ၃၁

ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ် ဈေးသစ်ပိုင်း အနော်ရထာလမ်း အမှတ်(၁၆)နေ တွံတေးမြို့နယ်သတင်းထောက် ဦးကျော်သန်း(ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေး)၏ ၇၉ နှစ်ပြည့်မွေးနေ့အလှူအဖြစ် မြန်မာ့အလင်းသတင်း စာမြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့သို့ ငွေကျပ် နှစ်သိန်းကို ၎င်း၏နေအိမ်၌ အောက်တိုဘာ ၃ဝ ရက်က ပေးအပ်လှူဒါန်းရာ လူမှုကူညီ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း(ကျောက်တန်း)၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်(ရန်ကင်း)၊ နာယက   ဦးကျော်မြင့်သန်း(လမ်းမတော်)တို့က သွားရောက်လက်ခံယူပြီး  ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။ အလားတူ တွံတေးမြို့နယ် ရွှေဆံတော်ဘုရားလမ်းရှိ  စိတ္တသုခကုသိုလ်ပြုအသင်းသို့လည်း ဇနီး (ဒေါ်ခင်အေး)အားရည်စူး၍ ငွေကျပ်နှစ်သိန်းလှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးဖြိုးကိုကို ရွှေနှင့် အမှုဆောင်များက လက်ခံယူခဲ့သည်။ အောင်သန်း(မင်္ဂလာတောင်ညွန့်)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-Visa စတင်ထုတ်ပေးမည်

Photo: မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် e-Visa စတင်ထုတ်ပေးမည်

မန္တလေး   အောက်တိုဘာ   ၃၁

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ  မန္တလေးမြို့သို့ လာရောက်ရာတွင် အဆင်ပြေစွာ ဝင်ရောက်နိုင်စေရေးအတွက် နိုဝင်ဘာပထမပတ်မှစ၍ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ e-Visa  စတင်ထုတ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အဆိုပါစနစ်ကို စတင်ဆောင်ရွက်ပေးနေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လက်ရှိဝင်ရောက်နေသော နိုင်ငံပေါင်း ၆၇ နိုင်ငံအတွက် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၌လည်း e-Visa ထုတ်ပေးမှုကို စတင်ခြင်းဖြစ်သည်။ 

ယင်းသို့ ဆောင်ရွက်ပေးမည်ဖြစ် သည့်အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် သက်ဆိုင်ရာ သံရုံးသို့သွားရောက်၍  e-Visa ကိစ္စ ဆောင်ရွက်ရန်မလိုဘဲ  အွန်လိုင်းမှ တစ်ဆင့် လိုအပ်သောအချက်အလက် များကိုဖြည့်စွက်၍  e-Visa  ပေးပို့ လျှောက်ထားနိုင်သည်။

''ဒီလိုလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံခြားခရီးသွားဧည့်သည် တွေမှာ အချိန်ကုန်၊ ငွေကုန်သက်သာ သွားမယ်။ ဝင်ရောက်မှုလွယ်ကူသွား တဲ့အတွက် နိုင်ငံခြားခရီးသွား ဧည့်သည်တွေ မြန်မာနိုင်ငံကို ဝင်ရောက်မှု  ပိုမိုများပြားလာမယ်။ ဒီလိုများပြားတဲ့အတွက် နိုင်ငံတော်ရဲ့ ဝင်ငွေကလည်း တိုးတက်လာနိုင်တယ်။ အခုအချိန်မှာ နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့စနစ်တွေကို မြန်မာနိုင်ငံမှာလည်း  ကမ္ဘာနဲ့ရင်ပေါင်တန်း လုပ်ဆောင်နိုင်အောင် ပြုလုပ်နေတာက ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်'' ဟု  မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ  ညွှန်ကြားရေးမှူးက ပြောကြားသည်။

ယခုအချိန်တွင် e-Visa ထုတ် ပေးနိုင်ရန်  လိုအပ်သောစက်ပစ္စည်းများဖြစ်သည့် ဘားကုတ်ရေဒါနှင့် ဆာဗာများတပ်ဆင်နေပြီး e-Visa ထုတ်ပေးရာတွင် လွယ်ကူလျင်မြန် အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်စေရန် ဝန်ထမ်းများကို ရက်တိုသင်တန်း များဖွင့်လှစ်၍ သင်ကြားပို့ချပေး လျက်ရှိကာ e-Visa လျှောက်ထားမှုအတွက် တစ်ဦးလျှင် ဒေါ်လာ ၅ဝ သတ်မှတ်ထားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ  ခွင့်ပြုနိုင်ငံများ  e-Visa လျှောက်ထားမှုအပေါ် အချက်အလက်များအား စစ်ဆေးပြီး ငါးရက်အတွင်းမှာပင် ဝင်ရောက်ခွင့်ကို ပြန်လည်အကြောင်းကြားပေးမည် ဖြစ်သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်အများဆုံး ဝင်ရောက်သော နိုင်ငံများအနေဖြင့် ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင်  တရုတ်နိုင်ငံ၊ ၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ထိုင်းနိုင်ငံတို့ဖြစ်ပြီး လက်ရှိအချိန် တွင် တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း၊  မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တိုက်ရိုက်ပျံသန်းပေးသော နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ စင်ကာပူနှင့် ကိုရီးယားနိုင်ငံတို့ဖြစ်ကြောင်းနှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာမှဝင်ရောက် သောလေကြောင်းလိုင်း ခုနစ်လိုင်းရှိပြီး  ပြည်တွင်းလေကြောင်းလိုင်း အနေဖြင့် ရှစ်လိုင်းရှိကြောင်း သိရသည်။  

မင်းထက်အောင်(မန်းကိုယ်ပွား)

ကြေးမုံ ကာတွန်း

Photo

အမျိုးသားနိုင်ငံရေးအင်အားစု (၅)ဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာဆွေးနွေးပွဲ ကျင်းပ အောင်မြင်မှုများရရှိရန် နိုင်ငံရေးအင်အားစုအချင်းချင်းဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းမှလွဲ၍ အခြားနည်းလမ်းမရှိကြောင်းနှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမတိုင်မီ ကြားကာလ နိုင်ငံရေးတည်ငြိမ်ရေး အရေးကြီးကြောင်း နိုင်ငံတော်သမ္မတပြောကြား

နေပြည်တော် အောက်တိုဘာ ၃၁

အမျိုးသားနိုင်ငံရေးအင်အားစု (၅)ဖွဲ့မှ ခေါင်းဆောင်များ၏ နိုင်ငံ့ရေးရာဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားလှယ် ဦးသိန်းထွန်း၊ ညီနောင် တိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UNA) ကိုယ်စားလှယ် ဦးခွန်ထွန်းဦး၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (NBF) ကိုယ်စားလှယ် ဦးစိုင်းအိုက်ပေါင်းနှင့် ဖက်ဒရယ်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (FDA) ကိုယ်စားလှယ် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မိမိတို့အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစ၍ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် အခြေတည်ခိုင်မာရေးဟူသည့်ကိစ္စကို ဘက်ပေါင်းစုံ၊ ရှုထောင့် ပေါင်းစုံမှစဉ်းစားပြီး ကဏ္ဍအားလုံးလွှမ်းခြုံသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအနေဖြင့် အကောင်အထည် ဖော်ရန်ကြိုးပမ်းခဲ့ပါကြောင်း၊ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဖြစ်စဉ် ရှင်သန်လာမှုသည် မိမိတို့အစိုးရတစ်ဖွဲ့တည်း၏ ကြိုးပမ်းဆောင်ရွက်မှု မဟုတ်ဘဲ သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုများဖြစ်သည့် လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံးပါဝင်ခဲ့ခြင်းကြောင့် ရေရာသေချာသည့် အဆင့်တစ်ခုကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် အစဉ်ခံယူထားပါကြောင်း။

ယခု ကြိုးပမ်းအကောင်အထည်ဖော်နေသည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များသည်လည်း အောင်မြင် ဖြစ်ထွန်းမှုများရှိသကဲ့သို့ ဆက်လက်ကြိုးပမ်းကျော်လွှားရမည့် စိန်ခေါ်မှုများ များစွာရှိနေပါသေးကြောင်း၊ ဤသည်မှာလည်း မြန်မာ့နိုင်ငံရေး၏ အရှိတရားပင်ဖြစ်ပါကြောင်း၊ ထိုစိန်ခေါ်မှုများကို ကျော်လွှားရန်အတွက် မြန်မာနိုင်ငံ၏ အမျိုးသားရေးအင်အားစုများအားလုံး စုစည်းကြိုးပမ်း ဆောင်ရွက်မှသာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့ ဆွေးနွေးပွဲမှသည် အမျိုးသားနိုင်ငံရေးအင်အား စုအချင်းချင်း စုစည်းကြိုးပမ်းဆောင်ရွက်ခြင်းအားဖြင့် ရေရာသေချာသည့် နိုင်ငံရေးဖြစ်စဉ်များ ရှင်သန်ရေးအတွက် နည်းလမ်းကောင်းများရှာဖွေနိုင်မည်ဟုလည်း အလေးအနက် ယုံကြည်ထားပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မိမိအနေဖြင့် ကဏ္ဍ(၃)ခုကို အဓိကထားဆွေးနွေးသွားရန် ပြင်ဆင်ထားပါကြောင်း။

သို့သော် တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များအားလုံးအနေဖြင့် မိမိတို့ဆွေးနွေးလိုသည့် ကိစ္စရပ်များကိုလည်း ရရှိနိုင်သည့် အချိန်အတောအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြရန်လည်း ဖိတ်ခေါ်ပါကြောင်း၊ ပထမဦးဆုံး ဆွေးနွေးလိုသည့်ကဏ္ဍရပ်မှာ လက်ရှိဖြစ်ထွန်းနေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဖြစ်စဉ်ကို အဆင့်ဆင့်ဆက်လက်ရှင်သန်ဖြစ်ထွန်းနေစေရန်နှင့် ယင်းဖြစ်ထွန်းမှုများမှ ဒီမိုကရေစီစနစ်အမြစ်တွယ် ခိုင်မာရေးနှင့် ပွင့်လင်းလွတ်လပ်သည့် မြန်မာ့လူ့အဖွဲ့ အစည်းပေါ်ပေါက်ရေးပင်ဖြစ်ပါကြောင်း။

ဒုတိယကဏ္ဍမှာ မိမိတို့နိုင်ငံအတွက် အထူးလိုအပ်နေသော အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ပြန်လည် ရရှိရေးအတွက် လက်ရှိရရှိထားသည့် ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်ဆင့်ကို အခြေခံ၍ ခိုင်မာသည့်တည်ဆောက်မှုများ ပြုလုပ်သွားရေးပင်ဖြစ်ပါကြောင်း၊ တတိယကဏ္ဍမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိကအဆင့်တစ်ဆင့်အနေဖြင့် ဖြတ်သန်းရမည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေးပင်ဖြစ်ပါကြောင်း။

ယင်းကဏ္ဍကြီး(၃)ရပ်စလုံး အောင်မြင်နိုင်ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှု များမှာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၊ လူမှုစီးပွား ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ ဒီမိုကရေစီကျင့်စဉ်များ သက်ဝင်ရှင်သန်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီအခြေခံများပါဝင်သည့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးစနစ်များပေါ်ပေါက်ရေးစသည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်များပင်ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားသော လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်ရန် ချဉ်းကပ်သည့်နည်းလမ်းများနှင့် ပတ်သက်၍ နိုင်ငံရေးအရ အမြင်မတူခြင်း၊ သဘောထားမတိုက်ဆိုင်ခြင်းများရှိနိုင်သော်လည်း မိမိတို့နိုင်ငံကို ဒီမိုကရေစီအခြေခိုင်သည့် နိုင်ငံ တစ်နိုင်ငံအဖြစ် ပေါ်ထွန်းလာရေးဟူသည့်ဆန္ဒကမူ အားလုံးတွင် တူညီမှုရှိသည့်အတွက် မိမိတို့အချင်းချင်း လက်တွဲနိုင်မည်ဆိုလျှင် အောင်မြင်မှုများမလွဲမသွေရရှိမည်ဖြစ်ပါကြောင်း။

ယင်းအောင်မြင်မှုများရရှိရန် နိုင်ငံရေးအင်အားစု အချင်းချင်း ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းမှလွဲ၍ အခြား နည်းလမ်းမရှိသည်ကို သမိုင်းသက်သေအရ အခိုင်အမာ တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ယနေ့ဆွေးနွေးမှုများမှအစပြု၍ တူညီသည့်ရည်မှန်းချက် များတည်ဆောက်ပြီး အချင်းချင်းလက်တွဲဆောင်ရွက်ရေးနည်းလမ်းများ ရှာဖွေကြရန်အတွက် ဖိတ်ခေါ်အပ်ပါကြောင်း။

လက်ရှိဖြစ်ထွန်းနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို အခြေခံသော အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များသည်လည်း ရေရာသေချာသည့် အဆင့်တစ်ခုကို ရောက်ရှိနေသည့်အတွက် လိုအပ်သော နိုင်ငံရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပနိုင်မည်ဆိုလျှင် အောင်မြင်မှုများရရှိမည်ဟု တင်ပြလိုပါကြောင်း။

လတ်တလောအာရုံစိုက်ရမည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဓိကအဆင့်တစ်ဆင့်ကို တက်လှမ်းပေး မည့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများကို တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင် ရေးပင်ဖြစ်ပါကြောင်း၊ ဤကိစ္စသည် မိမိတို့အားလုံးအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ရှုမြင်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည့် ကိစ္စဖြစ်ပါကြောင်း။

ယင်းကိစ္စအောင်မြင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော ကြားကာလနိုင်ငံရေးတည်ငြိမ်ရေးကိုလည်း လျစ်လျူရှုထား၍ မရနိုင်ပါကြောင်း၊ ထို့အတွက် ကြိုးပမ်းဆောင်ရွက်သည့်အခါတွင် နိုင်ငံရေးလှုပ်ရှားမှုများကို ကန့်သတ်ချုပ်ချယ်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံရေးအင်အားစုများအကြား အပြန်အလှန်နားလည်မှုနှင့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုရှိရေးဟူသည့်ကိစ္စကို စဉ်းစားဆောင် ရွက်ကြရန်လိုအပ်ပါကြောင်း။

မိမိအနေဖြင့် ကြားကာလနိုင်ငံရေးတည်ငြိမ်မှုကို အလေးပေးပြောကြားရခြင်းသည် နိုင်ငံရေးလှုပ်ရှားမှုများကို ချုပ်ချယ်ကန့်သတ်လိုခြင်းကြောင့်မဟုတ်ဘဲ ရရှိထားသည့် နိုင်ငံရေးဖြစ်ထွန်းတိုးတက်မှုများကို မထိခိုက်စေလိုသည့် အတွက်ကြောင့်သာ ဖြစ်ပါကြောင်း၊ ကြားကာလတွင်ရရှိထားသည့် နိုင်ငံရေးပွင့်လင်းလွတ်လပ်မှုကို ထိထိရောက်ရောက် အသုံးချ၍ အောင်မြင်သည့် ရွေးကောက်ပွဲများကျင်းပ နိုင်ရေးကို ရည်သန်ပြောကြားရခြင်းလည်းဖြစ်ပါကြောင်း။

မိမိတို့အစိုးရအနေဖြင့် လွတ်လပ်ပြီးမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရန် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သည့် အစိုးရယန္တရားများကို အထိရောက်ဆုံးအသုံးပြု၍ အထောက်အကူပြုပေးရန် သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့်လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တပ်မတော်အစုအဖွဲ့များအားလုံးပါဝင်သည့် တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ရေးထိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။
မိမိတို့အနေဖြင့် နောင်ပေါ်ပေါက်လာမည့် ဒီမိုကရေစီ နည်းလမ်းအရ ပြည်သူလူထုရွေးချယ်တင်မြှောက်လိုက် သည့် အစိုးရအဆက်ဆက်က ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဆက်လက်ဆောင်ရွက်နိုင်ရေးအုတ်မြစ်ချပေးရန် သဘောရိုးဖြင့် အဓိကထား ရည်မှန်းလုပ်ဆောင်နေပါကြောင်း၊ ထိုသို့တည်ဆောက်နိုင်မှသာ တိုင်းရင်းသားအများစု တောင်းဆိုနေသည့် တန်းတူရည်တူအခွင့်အရေးများ ရရှိနိုင်သော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ရပ်ကို ပုံဖော်တည်ဆောက်နိုင်မည်ဟု အလေးအနက် ယုံကြည်ထားပါကြောင်း။

ယနေ့ဆွေးနွေးပွဲများမှ ကျန်ရှိနေသည့် သက်တမ်းအတွင်း တိုင်းပြည်၏ အသွင်ကူးပြောင်းရေးနှင့် ပြုပြင် ပြောင်းလဲရေးဖြစ်ထွန်းမှုများ သိမ်သိမ်မွေ့မွေ့ဆက်လက် ဖြစ်ထွန်းစေရန်၊ ကြားကာလနိုင်ငံရေးတည်ငြိမ်မှုရှိပြီး ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ လွတ်လပ်မျှတစွာ ကျင်းပနိုင်ရန်နှင့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲများ အပြီးတွင် ညင်သာသည့်အသွင်ကူးပြောင်းမှုကို ဆက်လက်ဆောင်ကြဉ်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရန်ဟူသည့် ကိစ္စများကို ဘုံရည်မှန်းချက်အနေဖြင့် ရှုမြင်၍ ယနေ့တက်ရောက် လာကြသည့် နိုင်ငံရေးအင်အားစုအသီးသီး၏ အဓိကခေါင်းဆောင်များအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေကြရန် ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီသာ ဆောင်ရွက်ရေး၊ ပြုပြင် ပြောင်းလဲရေးအောင်မြင်ရန်အတွက် ယုံကြည်မှု တည်ဆောက်ရန် အလေးထားဆောင်ရွက်ရေး၊ ၂ဝ၁၄ ခုနှစ်အကုန် ၂ဝ၁၅ ခုနှစ် နှစ်ဆန်းတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် မူဘောင်ချမှတ်ခြင်းကို ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ ဆောင်ရွက်နိုင်ရေး၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတစွာ ကျင်းပနိုင်ရန်အတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အခြေပြု လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံတကာမိတ်ဆွေများ၏အားကို ရယူဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရေးနှင့် နည်းလမ်းကောင်းများ ရှာဖွေနိုင်ရန် တွေ့ဆုံဆွေးနွေး ပွဲများကို ဆက်လက်ဆောင်ရွက်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ (သတင်းစဉ်)

ကြေးမုံ စာတည်းရှုထောင့်

သီးသန့်မေတ္တာရပ်ဝန်းများ

လူနာအား နွေးထွေးသော ကုသမှုပေးခြင်းသည် ရောဂါတစ်ဝက် သက်သာစေသည်ဟု ဆိုကြပါသည်။ ထိုအဆိုမှန်ကန်ကြောင်းကို ကိုယ်တွေ့ကြုံသူများ သိကြပါလိမ့်မည်။ ရောဂါဝေဒနာခံစားနေရချိန်၊ ကုသမှုကို အားကိုးတကြီးနှင့် ခံယူနေရချိန်မျိုးတွင် အကြင်သမားတော်၏ အပြုံးတစ်ပွင့် သည် လူနာအတွက်အစွမ်းထက်သော ဆေးကောင်းတစ်လက် ဖြစ်စေပါ သည်။ နွေးထွေးသောဆေးတစ်ခွက်သည် လူနာအတွက်ရောဂါတစ်ဝက် သက်သာခြင်းသဘောလည်း ဖြစ်ပါသည်။

နုတ်၏စောင်မခြင်း၊ နုတ်ဖြင့်ဖေးမပေးခြင်းသည် လူသားဆန်သော မြန်မာတို့၏ဓလေ့စရိုက်လက္ခဏာများဖြစ်ပါသည်။ အချင်းချင်း ရိုင်းပင်းကူညီဖေးမတတ်ကြသော မြန်မာတို့၏ လူမှုဓလေ့စရိုက်ပုံစံကောင်းများကို ဆေးကုသမှုရပ်ဝန်းများတွင် မြင်တွေ့ရသည်မှာ ကုသမှုခံယူရသူလူနာများအတွက် ဝမ်းမြောက်ဖွယ် အားဆေးတစ်ခွက်ပင်ဖြစ်သည်။

သို့သော် လူတို့၏လက်ချောင်းကလေးများကဲ့သို့ လက်ညှိုးနှင့် လက်မ မတူညီမှုများက ရှိနေဦးမည်ဖြစ်သည်။ ဆက်ဆံရေးပြေပြစ်သူ၊ မပြေပြစ်သူ တို့ကို ဆေးရုံ၊ ဆေးခန်းများတွင် မြင်တွေ့နိုင်သည်မှာ စရိုက်အဖုံဖုံရှိသည့် လူတို့၏အမူအကျင့်များဟု ဆိုရမည်ဖြစ်သည်။ လူနာများ အားကိုးအားထား ပြုခြင်း၊ အသက်ကိုအပ်နှင်းထားခြင်းခံရသော ကျေးဇူးရှင်ကျွမ်းကျင်သူ ဆေးပညာရှင်နှင့်လူနာများ၏ ပြုမူဆက်ဆံပုံများကို ကျေနပ်မှုမရှိခဲ့ပါလျှင်လည်း သည်းခံနားလည်ပေးကြရမည်သာဖြစ်သည်။

မိမိတို့၏ ပင်ကိုစရိုက်လက္ခဏာများအရ အားလုံးကောင်းပါသည်ဟု မဆိုသာသော်လည်း မိမိတို့၏ အသက်မွေးဝမ်းကျောင်းပြုရာ အနေအထားကိုလိုက်၍ မိမိတို့၏အပြုအမူများကို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲဆောင်ရွက်ပေးကြရပေလိမ့်မည်။ မိမိတို့အပေါ် အားကိုးအားထားပြုနေကြသူများအား ချိုသာယဉ်ကျေးမေတ္တာဆေးကို မဖြစ်မနေပေးကြရပေလိမ့်မည်။

ပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝသော ဆရာဝန်များ မွေးထုတ်ရန်လိုအပ်သည်ဟု မိန့်ကြားထားမှု များရှိသည်။ နိုင်ငံတော်က ဘွဲ့လွန်ဆရာဝန်များ၏အရည်အသွေးပိုမိုတိုးတက်အောင်  ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်။ ဆေးပညာ သင်ကြားရေးဌာနကြီးကိုလည်း ခေတ်မီ ထိပ်တန်းသင်ကြားရေးဌာနကြီး တစ်ခုဖြစ်အောင် လိုအပ်သော အရင်းအမြစ်၊ ပစ္စည်း၊ အဆောက်အအုံ၊ ရန်ပုံ ငွေအပြင် ခေတ်မီသင်ထောက်ကူပစ္စည်းများကို လိုလေသေးမရှိ ဖြည့်ဆည်းပေး နေသည်ကိုတွေ့ရသည်။

တစ်ဖက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသမှုခံယူနေသော လူနာများအား ဆေးဖိုးဝါးခလျော့နည်းသက်သာစေရန် နိုင်ငံတော်မှ ဆေးဝါးဝယ်ယူမှုအတွက် ဘဏ္ဍာနှစ်အလိုက်ထောက်ပံ့မှုများ တိုးမြှင့်ပေးလျက်ရှိသည်။ ဆေးဝန်ထမ်းများ အရည်အသွေးပြည့်မီရေး၊ အရည်အတွက် တိုးတက်ရေးတို့ကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။ ဆေးကုသစရိတ် အကုန်အကျသက်သာအောင်လည်း ထောက်ပံ့ပေးလျက်ရှိသည် စသည်ဖြင့် ကျန်းမာရေးဆိုင်ရာ အပေါင်းလက္ခဏာများကို တွေ့မြင်နေရသည်။

သို့သော် မေတ္တာဆေးကျွေးသည့်အလုပ်မှာမူ ဖြည့်ဆည်းပေး၍ရ သောအလုပ်မဟုတ်သောကြောင့် ကာယကံရှင်များကိုယ်တိုင်ကသာ တစ်ဦးက မေတ္တာ၊ တစ်ဦးကစေတနာဖြင့် အပေးအယူမျှဖို့ လုပ်ဆောင်ရင်း၊ကျင့်ဝတ် နီတိများကိုလိုက်နာရင်း မိသားစုသဖွယ်ရင်းနှီးကျွမ်းဝင်မှုကို ယူကြဖို့လိုမည် ဖြစ်သည်။

ပြည့်စုံကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ဟစ်ပိုကရေးတီး၏ သစ္စာတရား၊ ဟင်နရီဒူးနန့်၏ ကရုဏာနှလုံးသား၊ ဖလောရင့်နိုက်တင် ဂေးလ်၏ နွေးထွေးသောမိခင်လက်ပိုင်ရှင်များကဲ့သို့ ဆေးကုသမှုခံယူရာ ရပ်ဝန်းများတွင် အပြည့်အဝရရှိပါစေကြောင်း မျှော်လင့်မိပါသည်။

အကြောင်းမူ ဆေးကုသမှုပရဝဏ်များသည် ပညာပြည့်ဝနှလုံးလှသူ ကရုဏာရှင်များအတွက် သီးသန့်မေတ္တာရပ်ဝန်းများ ဖြစ်နေသောကြောင့် ပါတည်း။ ။