Tuesday, May 31, 2016

ပို့ကုန်သွင်းကုန်လိုင်စင်မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်ပြီ



 
 
 
 
 
ရန်ကုန် မေ ၃ဝ

ကုန်သွယ်မှုလုပ်ငန်း လျင်မြန်ချောမွေ့ လာပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်လျက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် အွန်လိုင်းအပြည့်အဝအသုံးပြု ပို့ကုန်သွင်းကုန်လိုင်စင်စနစ် (Fully
Online Licensing System) ကို စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

ရန်ကုန်မြို့ UMFCCI ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပ သော အွန်လိုင်း အပြည့်အဝအသုံးပြု ပို့ကုန်သွင်းကုန် လိုင်စင်စနစ်အလုပ်ရုံ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အွန်လိုင်းပို့ကုန် သွင်းကုန် လိုင်စင်စနစ် မှာ လိုင်စင်လျှောက်ထားမှုနှင့် ထုတ်ယူ မှုတို့အား မိမိတို့ဌာနသို့ ကိုယ်တိုင် လာရောက်ဖို့မလိုဘဲ ကုမ္ပဏီရုံးခန်း ကနေ လျှောက်ထားနိုင်ခြင်း၊ ငွေပေးချေမှု စနစ်အပါအဝင် ငွေကြေးလုံခြုံမှုစနစ် တွေ၊ လိုင်စင်အချက်အလက် စစ်ဆေးမှု စနစ်၊ ထောက်ခံချက် ပေးပို့စစ်ဆေးနိုင် တဲ့ စနစ်တွေပါဝင်ပါတယ်။ ဒီစနစ်ကို ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်း စတင်စမ်းသပ် အသုံးပြုနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်လျက် ရှိပြီး စတင်တဲ့အချိန်မှာ ထောက်ခံချက် မလိုတဲ့ ပို့ကုန် သွင်းကုန် ကုန်ပစ္စည်း အမယ်အချို့နဲ့ စတင်ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် လိုင်စင် တစ်စောင်ကို အချိန်ပိုင်းတစ်ခုအတွင်း ၌ လျှောက်ထားထုတ်ယူနိုင်တော့မှာ ဖြစ်တဲ့အတွက် ကုန်သွယ်မှုလုပ်ငန်း များ  လျင်မြန်ချောမွေ့စေရေးကို များစွာ အထောက်အကူပြုနိုင်တော့မှာ ဖြစ်ပါတယ်''ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

ထို့အပြင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)တို့အကြား ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် Digitization of
Myanmar Import License
Application Project လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည့်အတွက် လိုင်စင်များ လျှောက်ထားရာတွင် လိုအပ်သော ထောက်ခံချက်ပေးမှု၊ K9 ရာခိုင်နှုန်းတွက်ချက်မှုတို့ကို အီလက် ထရွန်နစ်စနစ်ဖြင့်Fully Online
License စနစ်သို့ ပေးပို့ချိတ်ဆက်၍ CMP လိုင်စင်လျှောက်ထား/ထုတ်ပေး ခြင်းများကို သက်ဆိုင်ရာ စက်ရုံများက တိုက်ရိုက်ဆောင်ရွက်လာနိုင်တော့မည် ဖြစ်ကြောင်းလည်း သိရသည်။

တစ်ဖန် ပို့ကုန်သွင်းကုန် အချက် အလက်များကို အကောက်ခွန်ရှင်းလင်း ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် အကောက်ခွန်ဦးစီးဌာနက ချိတ်ဆက်ညှိနှိုင်း ပြင်ဆင်ထားရှိပြီးMyanmar Automatic Cargo
Clearance System MACCS စတင်အသုံးပြုချိန်တွင်လည်း အီလက် ထရွန်နစ် ဒေတာပေးပို့သည့်စနစ်ဖြင့် အကောက်ခွန်ဦးစီးဌာနသို့ ပေးပို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လည်း သိရသည်။

အဆိုပါ အွန်လိုင်းအပြည့်အဝ အသုံးပြု ပို့ကုန်သွင်းကုန် လိုင်စင်စနစ် လျှောက်ထားခြင်းကို ဇွန် ၇ ရက်မှ စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နှင့် လျှောက်ထားသူ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် အချက် အလက်ပြည့်စုံပါက ၁ဝ မိနစ်အတွင်း လိုင်စင်လျှောက်ထားမှု ပြီးစီးမည် ဖြစ်၍ အချိန်ကုန်ပင်ပန်းမှုများ သက်သာကာ ကုန်သွယ်မှုမြန်ဆန်လာ မည်ဖြစ်သည်။
သတင်း-မြင့်မောင်စိုး