Saturday, April 4, 2020

ဒုတိယသမ္မတ ဦးမြင့်ဆွေ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား





နေပြည်တော် ဧပြီ ၃

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ် ကြီး ရဲအောင်၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာ ဝင်းမြတ်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးသည် “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ”၏ ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးဖြစ်ပါကြောင်း၊ “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ”ကို နိုင်ငံတော်သမ္မတ ရုံး၏ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၃/၂၀၂၀ ဖြင့် ဒုတိယသမ္မတ (၁) ဦးဆောင်၍ (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၁၁)ရပ် ချမှတ် ခဲ့ပါကြောင်း။

အမြန်ဆုံးစစ်ဆေးနိုင်ရေး

အဆိုပါလုပ်ငန်းတာဝန် (၁၁) ရပ်မှာ မြန်မာနိုင်ငံတွင် စတင်ဖြစ်ပွားနေသည့် COVID-19 ရောဂါပိုး ကူးစက်နေသူများနှင့် အနီးကပ်ထိတွေ့သူများအားလုံးကို ရောဂါ လက္ခဏာပြသသည်အထိ စောင့်ဆိုင်းခြင်း မပြုဘဲ စုံစမ်းရှာဖွေဖော်ထုတ်၍ အမြန်ဆုံး စစ်ဆေးနိုင်ရေး၊ Quarantine လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအား နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ များနှင့်ပူးပေါင်း၍ စနစ်တကျ Quarantine လုပ်နိုင်ရေးဆောင်ရွက်ရာတွင် COVID-19 ရောဂါပိုး ကူးစက်သူများတွေ့ရှိရပါက ယင်းတို့ နှင့် အနီးကပ်ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေ ဖော်ထုတ်၍ စနစ်တကျ Quarantine လုပ်နိုင် ရေးဆောင်ရွက်ရန်၊ ဒေသတစ်ခုတွင်လည်း ကောင်း၊ ဒေသတစ်ခုထက်ပို၍လည်းကောင်း ကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာခဲ့ပါက ယင်းဒေသ ရှိ ပြည်သူများကို “COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ”၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ညှိနှိုင်း၍ Community Quarantine ပြုလုပ်ရန် လိုအပ်လာပါက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ဆောင်ရွက်ရန်။

ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည့် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဓာတ်ရေးရာ မြှင့်တင်ပေးမှုစသည့် လုပ်ငန်း စဉ်များကို ဆောင်ရွက်နိုင်ရေးအတွက် ဌာန ဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလိုပူးပေါင်း ဆောင်ရွက်ရန်၊ ကူးစက်ရောဂါဖြစ်ပွားမှု မြင့်မား လာသည့်ဒေသများ၊ မြင့်မားလာရန် အလား အလာရှိသည့်ဒေသများ၊ ကူးစက်ရောဂါဖြစ်ပွား မှုနှင့် ဆက်စပ်လျက် မတည်ငြိမ်မှုများ ဖြစ်ပွား လာနိုင်သည့် ဒေသများတွင် Community Quarantine ပြုလုပ်သည့်အခါ ပြည်သူများ အတိအကျလိုက်နာ ဆောင်ရွက်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်သတ်မှတ် ချက်များနှင့်အညီ အဆင့်လိုက်ဆောင်ရွက်ရာ၌ အရေးကြီးသည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက် နိုင်ရေးအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်။

စနစ်တကျလုပ်ငန်းစဉ်များ ချမှတ်ပေးရန်

ဒေသများ၌ Community Quarantine ပြုလုပ်ရပါက မရှိမဖြစ်လိုအပ်သည့် အရောင်း ဆိုင်များ၊ ဆေးပစ္စည်းဆိုင်များ ဆက်လက် ဖွင့်လှစ်နိုင်ရေး၊ မရှိမဖြစ် လည်ပတ်ရန် လိုအပ် သည့် စက်ရုံ၊ အလုပ်ရုံများ ဆက်လက် လည်ပတ်နိုင်ရေး၊ ယင်းအရောင်းဆိုင်များ၊ စက်ရုံ၊ အလုပ်ရုံများ ဆက်လက်ဆောင်ရွက် နိုင်ရေးအတွက် လိုအပ်သည့်လုံခြုံရေး အစီ အစဉ်များချမှတ်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများနှင့် လိုအပ်သလို ပူးပေါင်းဆောင်ရွက်ရန်၊ COVID-19 နှင့် စပ်လျဉ်း၍ စောင့်ကြပ်ကြည့်ရှုရမည့်သူများ ကို Community Based Facility Quarantine ထားရှိမည့် နေရာများသို့ ပို့ဆောင်ရာတွင် လည်းကောင်း၊ ကူးစက်ရောဂါဖြင့် သေဆုံးသွား သူများအား သင်္ဂြိုဟ်ရေးနှင့်စပ်လျဉ်း၍ လည်းကောင်း စနစ်တကျလုပ်ငန်းစဉ်များ ချမှတ်ပေးရန်နှင့် အဆိုပါလုပ်ငန်းစဉ်များနှင့် အညီ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ကြက်ခြေနီ တပ်ဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ် သော အဖွဲ့အစည်းများကို ဆောင်ရွက်စေရန်။
COVID-19 ကူးစက်ပြန့်ပွားမှု မြင့်မားလာ နိုင်သည့် အဆိုးဆုံးအခြေအနေအထိ ကြိုတင် မျှော်မှန်း၍ လိုအပ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ Facility၊ Test Kits ၊ PPE စသည့် ဆေးပစ္စည်း များ၊ ယာဉ်များ၊ Community Based Facility Quarantine ထားရှိရန် နေရာများ၊ မိမိဆန္ဒ အလျောက် ဆန္ဒပြုပါဝင်ဆောင်ရွက်မည့် Volunteer များစသည့် အရင်းအမြစ်များကို အဆင့်လိုက် ကြိုတင်ပြင်ဆင်စုဆောင်းခြင်း အားဖြင့် လက်တွေ့လုံလောက်စွာ စီစဉ်ပေး နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရန်၊ ပြည်သူများအတွင်း ကြောက်လန့်တကြား ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှား ဖြန့်ဝေနေသူ များကို အမြန်ဆုံးဖော်ထုတ်၍ ရှာဖွေဖမ်းဆီးပြီး တည်ဆဲဥပဒေများနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်ရန်၊ ပြည်သူများအတွင်း ဆေးဝါး၊ ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများကို အကျိုး အမြတ်သက်သက်ရရှိရေးအတွက် ဈေးတင် ရောင်းချနေသူများအား အမြန်ဆုံးရှာဖွေ ဖော်ထုတ်ဖမ်းဆီး၍ တည်ဆဲဥပဒေများနှင့် အညီ အရေးယူနိုင်ရေးဆောင်ရွက်ရန်။

COVID-19 ကူးစက်ရောဂါ မဖြစ်ပွား စေရေးအတွက် အရေးကြီးနေရာဌာနများ၊ အများပြည်သူနေရာဌာနများတွင် ပိုးသတ် ဆေးဖျန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာဖြန့်ဝေခြင်း၊ လိုအပ်သည့် စည်းမျဉ်း များ ထုတ်ပြန်ခြင်းစသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန်၊ နယ်စပ် ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက် များမှ တရားမဝင် ဝင်ထွက်သွားလာမှုများ မရှိစေရေး၊ လုံခြုံရေးနှင့် အဂတိလိုက်စားမှုများ မရှိစေရေးအတွက် တိုင်ကြားရန်ဌာနများ အမြန်ဆုံးဖွင့်လှစ်ခြင်း၊ စည်းမျဉ်းချိုးဖောက်သူ များအား ဖော်ထုတ်အရေးယူခြင်း၊ လိုအပ်လျှင် လုံခြုံရေးအစောင့်အရှောက်ထားရှိခြင်း စသည် တို့ကို ဆောင်ရွက်ရန်။

စနစ်တကျပေါင်းစပ်ညှိနှိုင်း

“Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ”၏ အတွင်းရေးမှူးရုံးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာနတွင် အမြန်ဆုံးဖွင့်လှစ် ၍ ကော်မတီ၏ တာဝန် များကို ဆောင်ရွက်ခြင်း၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းလိုင်းများ ဖွင့်လှစ် ခြင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာအဆင့်လိုက် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အကြား စနစ်တကျပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရန်နှင့် “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ”မှ ပေးအပ်သော အခြားတာဝန်ဝတ္တရားများကို ဆောင်ရွက်ရန်တို့ ဖြစ်ပါကြောင်း၊ ပေးအပ်ထား သည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်ပါက “လုပ်ငန်းကော်မတီ” နှင့် “ဆပ်ကော်မတီ”များ ထပ်မံဖွဲ့စည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပြန့်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့သော ကပ်ရောဂါ (Pandemic)အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက် တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခြင်းမပြုမီကပင် ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး “Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး အတွက် အမျိုးသားအဆင့်ဗဟိုကော်မတီနှင့် ကော်မတီများအဆင့်ဆင့်ဖွဲ့စည်းကာ လုပ်ငန်း များ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။

မိမိတို့နိုင်ငံတွင် Coronavirus Disease 2019 (COVID-19) ရောဂါကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်တွင် စတင်တွေ့ရှိခဲ့ပြီး ဧပြီလ ၂ ရက်နေ့အထိ ရောဂါပိုးကူးစက်ခံရသူ “၂၀” တွေ့ရှိထားပြီးဖြစ်ပါကြောင်း၊ အဆိုပါ ၂၀ အနက် (၁)ဦးသည် မတ်လ ၃၁ ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရှိရသည့်အတွက် Coronavirus Disease 2019 (COVID-19) ကို ယခုထက်ပိုမို ထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် “စည်းမျဉ်းစည်းကမ်းများ၊ ဆောင်ရန်နှင့် ရှောင်ရန်အချက်များ”နှင့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထုတ်ပြန်ထားသည့် “ဒေသန္တ ရအမိန့်များ” ကို တစ်ဦးချင်း အလေးအနက် ထားကာ တိတိကျကျလိုက်နာ ဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မည်

ထို့ပြင် COVID-19 ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် အရေးကြီးနေရာများ နှင့် အများပြည်သူများနှင့် သက်ဆိုင်သည့် နေရာများတွင် ပိုးသတ်ဆေးဖျန်းခြင်း၊ Physical Distance ထားရှိခြင်း၊ အသိပညာ ဖြန့်ဝေခြင်းစသည်တို့ကို ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက် နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် စနစ်တကျပေါင်းစပ်ညှိနှိုင်း ကြပ်မတ် ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်း။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရေးအတွက် ပြည်ပနိုင်ငံများမှ ပြန်လာ သူများအား သတ်မှတ်ထားသောနေရာများတွင် ၁၄ ရက်ထားရှိ၍ အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Community-based Facility Quarantine)၊ ဟိုတယ်များတွင် အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Hotel Quarantine)၊ နေအိမ်များတွင် အသွားအလာတားမြစ် ပိတ်ပင်ကန့်သတ်ခြင်း (Home Quarantine) လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ထမ်း များ၏ အင်အားဖြင့်သာ ဆောင်ရွက်၍ မရနိုင်သည့်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ စေတနာ့ဝန်ထမ်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပါဝင် ကြီးကြပ်ဆောင်ရွက် ပေးမှသာ လုပ်ငန်းထိရောက်အောင်မြင်ပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါ ကြောင်း။

Coronavirus Disease 2019 (COVID-19) ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပျံ့နှံ့လျက် ရှိသည့်အတွက် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု များအပြင် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများ ကိုလည်း နိုင်ငံတိုင်းတွေ့ကြုံရင်ဆိုင်နေရပါ ကြောင်း၊ နိုင်ငံများအနေဖြင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် Stimulus Package များကို မိမိနိုင်ငံ၏ အခြေအနေများနှင့်အညီ ချမှတ်ဆောင်ရွက် လျက်ရှိရာ မိမိတို့နိုင်ငံအနေဖြင့်လည်း အခြား နိုင်ငံများ ကျင့်သုံးဆောင်ရွက်နေသကဲ့သို့ ဘဏ်တိုးနှုန်းများ လျှော့ချပေးခြင်း၊ အတိုးနှုန်း သက်သာသည့် ဘဏ်ချေးငွေများ ထုတ်ပေးနိုင် ရန် ဆောင်ရွက်ပေးခြင်း၊ အခွန်ပေးဆောင်ရမည့် ကာလရွှေ့ဆိုင်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဌာနအသီးသီး က ကောက်ခံသည့် လိုင်စင်ကြေး၊ ပါမစ်ကြေး အပါအဝင် အခကြေးငွေများကိုလည်း လျှော့ချ ကောက်ခံပေးနိုင်ရန် ဆက်လက်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် ကုန်စည်စီးဆင်းမှု တွင် အထောက်အကူဖြစ်စေရေးအတွက် လမ်းတံတားဖြတ်သန်းခများ လျှော့ချ ကောက်ခံခြင်း၊ ကင်းလွတ်ပေးခြင်း စသည် တို့ကို ဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။

တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး

Coronavirus Disease 2019 (COVID-19) ရောဂါကြောင့် တစ်နိုင်ငံလုံးအကျိုးအတွက် လိုအပ်လျှင် အချို့သောနေရာများတွင် အသွား အလာကန့်သတ်ခြင်းအစီအစဉ် (Community Quarantine) ကဲ့သို့ ကန့်သတ်မှုမျိုးကို လုပ်ဆောင်ရမည်ဖြစ်သည့်အတွက် အဆိုပါ ဒေသရှိ ပြည်သူများအနေဖြင့် သတ်မှတ်ချက် များကို တိကျစွာလိုက်နာဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို စီမံချက်များရေးဆွဲ၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း။

Quarantine ပြုလုပ်ရာတွင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ခြင်းမရှိသူများ၊ ပြည်သူများအတွင်း ကြောက်လန့်တကြားဖြစ်စေရန် ရည်ရွယ်ချက် ဖြင့် လူမှုကွန်ရက်နှင့် အခြားနေရာများတွင် သတင်းမှားဖြန့်ဝေနေသူများ၊ ဆေးဝါး၊ ရိက္ခာ နှင့် လူသုံးကုန်ပစ္စည်းများကို အကျိုးအမြတ် သက်သက်ရရှိရေးအတွက် ဈေးတင်ရောင်းချ နေသူများကို တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့ အရေးယူဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ပြည်သူများသိရှိစေရေး ချပြဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။

နှစ်နိုင်ငံနယ်နိမိတ်နှင့် ထိစပ်လျက်ရှိသော ဒေသများအပါအဝင် တရားဝင် ဝင်/ထွက် ပေါက်များမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ပတ်သက်၍ အထူးပြောကြားလိုသည်မှာ ၎င်းတို့အနေဖြင့် သတ်မှတ်နေရာများတွင် စည်းကမ်းချက်များနှင့်အညီ Quarantine ပြုလုပ်မှုကို ကြည်ဖြူစွာ လက်ခံပူးပေါင်းပေး ကြရေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် စည်းရုံးခြင်းဖြင့် ဆောင်ရွက်၍မရပါက သက်ဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဆို သည်ကို သိရှိအောင် ချပြကြရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်ဆိုသည်ကို အားလုံးနားလည် သဘောပေါက်ထားရန် လိုအပ်ပါကြောင်း။

ကြိုတင်စီမံထားရန်လိုအပ်

ထို့ပြင် Coronavirus Disease 2019 (COVID-19) ကူးစက်မှုသည် ယခုထက် ပိုမို ကျယ်ပြန့်များပြားလာပါက ထိထိရောက်ရောက် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ရောဂါဖြစ်ပွားနေသည့် နယ်မြေ၊ ဒေသအလိုက် လုံခြုံရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာ လုပ်ငန်းများကို ကြိုတင်စီမံထားရန်လိုအပ်ပါ ကြောင်း၊ အဆိုပါ နယ်မြေ၊ ဒေသအတွင်း အခြေခံဝန်ဆောင်မှုများ ပုံမှန်ပေးနိုင်ရေး၊ အစားအစာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ ပြတ်တောက်မှုမရှိစေရေး၊ အထောက်အပံ့ လိုအပ်သူများအတွက် အစားအစာနှင့် အခြေခံ လိုအပ်ချက်များ ထောက်ပံ့ပေးနိုင်ရေး၊ အခြေခံ ကုန်စည်ပို့ဆောင်ရေး၊ အရေးပေါ်လူနာများ သယ်ယူပို့ဆောင်ရေး လိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ ဖွဲ့စည်းထားရှိရေး၊ ဆေးဝါး ကုသရေးအတွက် လိုအပ်သည့်ပစ္စည်းများနှင့် အဆောက်အဦများကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ အနေဖြင့် ယခုကတည်းက စီမံချက်များ စနစ်တကျရေးဆွဲကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား လိုပါကြောင်း။

သေချာစွာတွက်ချက်

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပြည့်စုံလုံလောက်စွာ ထားရှိနိုင်ရေးအတွက် လိုအပ်ချက်များကို သေချာစွာတွက်ချက်ကာ ထပ်မံဝယ်ယူသွားရန်နှင့် ဝယ်ယူရာတွင်လည်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ စိစစ်ဝယ်ယူအသုံးပြုသွားကြရန် လိုအပ်ပါ ကြောင်း။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော် သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်သိပြည်သူများ၏ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်နေမှုများကို မိမိတို့အနေဖြင့် အသိ အမှတ်ပြု မှတ်တမ်းတင်ထားရှိမည်ဖြစ်ပြီး ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ဖြည့်ဆည်း ပူးပေါင်း ဆောင်ရွက်ပေးနေမှုများအပေါ် နိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူလူထု များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုပါကြောင်း။

ပွင့်ပွင့်လင်းလင်းဆွေးနွေး

Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်းဆွေးနွေး ပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ် ပါကြောင်း ပြောကြားသည်။
ထို့နောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး(၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များအပေါ် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမျိုးသားအဆင့်ဗဟိုကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြသည်။

ယင်းနောက် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး(၂)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က “Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အတွင်းရေး မှူးရုံးအဖွဲ့” ဖွဲ့စည်းထားရှိမှုအခြေအနေ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အဆင့်အလိုက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အရေးပေါ်အခြေအနေတွင် တုံ့ပြန်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် မည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးတင်ပြသည်။

ရှင်းလင်းတင်ပြ

ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့က COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် တပ်မတော် အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင် မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းတို့က Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်း တာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအမံများ၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များအပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ နယ်စပ်ဝင်ပေါက်များ၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ မိမိနိုင်ငံသားများ ပြန်လည် ဝင်ရောက်လာမှုအခြေအနေများ၊ အလုပ်သမား ရေးရာ ကိစ္စရပ်များ၊ COVID-19 ရောဂါကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအခြေအနေများနှင့် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်


No comments:

Post a Comment