Saturday, April 4, 2020

စိတ်အလိုဆန္ဒကိုဦးစားမပေးဘဲ စောင့်ထိန်းလိုက်နာ




အယ်ဒီတာ့အာဘော်
================


တစ်ကမ္ဘာလုံးဖြစ်ပွားနေသော ကိုဗစ်-၁၉ ကပ်ရောဂါဘေးသည် အရှိန် ကောင်းနေဆဲဖြစ်သည်။ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် စတင် ဖြစ်ပွားရာမှ ယခုအခါ တစ်ကမ္ဘာလုံးပျံ့နှံ့သွားပြီ ဖြစ်သည်။ ရောဂါဖြစ်စက ဗဟိုချက်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ်ဖြစ်သော်လည်း ယခုအခါ အမေရိကန်ပြည်ထောင်စုသို့ ဦးတည်နေသည်ကို တွေ့ရသည်။
အလျင်အမြန်ကူးစက်နိုင်သောရောဂါဖြစ်သည့်အတွက် တရုတ်နိုင်ငံ တွင် ရောဂါဖြစ်စဉ်ကတည်းက မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုမရှိစေရန် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ရောဂါ ကမ္ဘာ တစ်ဝန်းကူးစက်မှုတွင် နောက်ဆုံးဖြစ်သော နိုင်ငံများတွင်ပါဝင်ပြီး မတ်လ ၂၃ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူတစ်ဦးမှစ၍ ၁၁ ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ ၂ ရက်နေ့တွင် ရောဂါပိုးတွေ့သူ ၂၀ ဖြစ်လာခဲ့သည်။
ရောဂါပိုးတွေ့သူ ၂၀ တွင် ပြည်ပမှရောက်လာသူ ၁၂ ဦးရှိပြီး ပြည်ပ သို့သွားရောက်သည့် ခရီးသွားရာဇဝင်မရှိဘဲ ရောဂါပိုးတွေ့သူ ရှစ်ဦး ရှိသည်။ ၎င်းတို့၏ရောဂါကူးစက်မှု ဇာစ်မြစ်ကိုမသိရသေးသော်လည်း ရောဂါရှိသူနှင့် ထိတွေ့ဆက်ဆံမှု သို့မဟုတ် ရောဂါပိုးရှိသောအရာနှင့်ထိတွေ့မှု တစ်ခုခု ကြောင့် ကူးစက်ခြင်းသာဖြစ်နိုင်သည်။ တရုတ်နိုင်ငံတွင် ရောဂါအပြင်း အထန်ဖြစ်ပွားနေစဉ်ကတည်းက ရောဂါမဖြစ်စေရန် သတိပြုလိုက်နာရမည့် အချက်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတို့က အသိပေးဆောင်ရွက်နေသည့်ကြားမှ ခရီးသွားရာဇဝင်မရှိဘဲ ရောဂါဖြစ်လာ သောကြောင့် ယခုထက်ပို၍ အထူးသတိပြုလိုက်နာဆောင်ရွက်ကြရ မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် လူတစ်ဦးမှတစ်ဦး ကူးစက်ခြင်း၊ ရောဂါပိုးနှင့် ထိတွေ့မိပြီး အသက်ရှူလမ်းကြောင်းသို့ ရောက်သွားခြင်းကြောင့် ရောဂါ ဖြစ်နိုင်ရာ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောခြင်း၊ နှာခေါင်း စည်းအုပ်ခြင်း၊ လူထူထပ်သောနေရာသို့ မသွားခြင်း၊ မိမိ မိသားစု၊ မိမိ အသိုင်းအဝိုင်း၊ မိမိ ပတ်ဝန်းကျင်တွင် အသိပေးထားသော ကိုဗစ်-၁၉ ရောဂါ လက္ခဏာ တစ်စုံတစ်ရာပြပါက သို့မဟုတ် ရောဂါနှင့်ပတ်သက်၍ မသင်္ကာ ဖွယ်တွေ့ရှိပါက သက်ဆိုင်ရာသို့အကြောင်းကြားခြင်း၊ ကျန်းမာရေးဌာနသို့ ပြသခြင်း၊ သီးသန့်ခွဲခြားနေထိုင်ခြင်း စသည့် ကျန်းမာရေးဌာနမှ လမ်းညွှန် ချက်များနှင့်အညီ လိုက်နာနေထိုင်ကြရန်လိုပေမည်။

သို့သော် မြန်မာနိုင်ငံတွင် ရောဂါပိုးစတင်တွေ့ရှိပြီး ရက်သတ္တ နှစ်ပတ်နီးပါးရှိလာရာ လမ်းညွှန်ချက်များကို လိုက်နာသူများရှိသလို မလိုက် နာသူများ၊ လိုက်နာမှုအားနည်းသူများလည်း ရှိနေသည်ကိုတွေ့ရသည်။ မိမိပတ်ဝန်းကျင်တွင် ရောဂါဖြစ်သူ၊ သေဆုံးသူမရှိသေးသဖြင့် ပေါ့ပေါ့ တန်တန်၊ ပြီးပြီးလွယ်လွယ် သဘောထားပြီး ပြုမူနေထိုင်သွားလာမိပါက ကိုဗစ်-၁၉ ရောဂါဆိုးသည် မိမိတို့ထံသို့ အချိန်မရွေးရောက်ရှိလာနိုင်သည် ကို သတိချပ်ရမည်ဖြစ်သည်။ ယုတ်စွအဆုံး မိမိ မိသားစု၊ မိမိ ဆွေမျိုးမိတ် ဆွေအပေါင်းအသင်းနှင့် ဆက်ဆံရာတွင်ပင် ရောဂါဖြစ်သော ပတ်ဝန်းကျင် မဟုတ်သော်လည်း ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးလမ်းညွှန် ချက်များကို အတိအကျလိုက်နာရမည်ဖြစ်သည်။

မြန်မာတို့၏ဆိုရိုးစကားတွင် ကိုယ်ပေါင်း စိတ်ခွာ၊ စိတ်ပေါင်း ကိုယ်ခွာ နေထိုင်ရမည့်အချက်နှစ်ချက်တွင် ယခုအချိန်တွင် စိတ်ပေါင်း ကိုယ်ခွာအချက်ကို လိုက်နာ၍ တစ်ဦးနှင့်တစ်ဦး ခပ်ဝေးဝေးနေထိုင်ကြရမည်ဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး လိုက်နာရမည့် ခပ်ဝေးဝေးနေထိုင်ရမည့် နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် များများစားစားမဖြစ်သေးဟုဆိုကာ ပေါ့ပေါ့ဆဆ ပြီးပြီးလွယ်လွယ် မနေ ထိုင် မဆက်ဆံမိရန်လိုပေသည်။ အရေးတကြီးကိစ္စ၊ မဖြစ်မနေကိစ္စမှလွဲ၍ ခရီးသွားခြင်း၊ ပြင်ပသို့ လူထူထပ်သောနေရာသို့သွားရောက်ခြင်းတို့ကို မပြု လုပ်ကြဖို့လိုပေသည်။



သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိမှုသည် တစ်နေ့ ထက်တစ်နေ့ တိုး၍လာနေသဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားသော လမ်းညွှန်ချက်များအတိုင်း တိတိကျကျလိုက်နာကြပြီး ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းဝေးကျော်လွှားနိုင်ရန် မိမိတို့၏ စိတ်ခံစားချက်၊ စိတ်အလိုဆန္ဒများကို ဦးစားမပေးဘဲ ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment