Wednesday, October 9, 2019

ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် တရားမျှတ သန့်ရှင်းရေး

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 

 
ဒီမိုကရေစီစနစ် တည်တံ့ခိုင်မာမှုဟုဆိုသည်နှင့် ရွေးကောက်ပွဲ များ မည်သို့မည်ပုံ ကျင်းပနေသည်၊ မည်ရွေ့မည်မျှ တရားမျှတ ၍ သန့်ရှင်းအောင် ကျင်းပဆောင်ရွက်နိုင်သည်လဲဆိုသည်က အခရာကျသော လုပ်ငန်းရပ်များဖြစ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီ အုတ်မြစ် ခိုင်မာရေးကို ကျားကုတ်ကျားခဲ တည်ဆောက်နေရသည့် နိုင်ငံ အဖို့ ပို၍ပို၍ပင် အားထုတ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အတိတ်ကို ပြန်လည်စောင်းငဲ့ကြည့်လျှင် ဒီမိုကရေစီနိုင်ငံ များအဖို့ သာမန်ကိစ္စဟု ရှုမြင်ကောင်း ရှုမြင်နိုင်သည့် မဲပေးခွင့် ရှိသူများ၏ စာရင်းပြုစုရေးဆိုသည်ကပင် များစွာသော ရှုပ်ထွေး မှုများ၊ ခက်ခဲမှုများရှိသည်ဆိုခြင်းကို တွေ့ရပါမည်။
ယခုကာလကဲ့သို့ စာရင်းဇယားများဆိုင်ရာ လွယ်ကူချောမွေ့ ရေးအတွက် အထောက်အပံ့ဖြစ်စေသည့် အီလက်ထရွန်နစ် စနစ်များ၊ ကွန်ရက်စနစ်များကို အသုံးချရမည်မှာပင် ကွန်ရက်မှ တစ်ဆင့် ဝင်ရောက်လာမည့် အနှောင့်အယှက်များ၊ ကွန်ရက် တိုက်ခိုက်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင် ကွန်ရက် များကို ခိုးဝင်ဖောက်ဖျက်မှုများကအစ သတိထားကာကွယ်ရ မည့် လုပ်ငန်းရပ်များက တစ်ပုံတစ်ခေါင်း။
သည်လို မတော်မဆမှုများ၊ မရိုးသားမှုများ ပေါ်ပေါက် လာသည်နှင့် အရေးပေါ်ကာကွယ်ရမည့် နည်းလမ်းများ၊ တရား မျှတရေးအတွက် ရုတ်ခြည်း မည်သို့ပြန်လည်တုံ့ပြန်ဖြေရှင်း မည်ဆိုသည့်လုပ်ငန်းရပ်များကအစ များစွာ ကြိုတင်ပြင်ဆင် ထားရန် လိုအပ်မည် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် မြန်မာနိုင်ငံ ပြည်သူအများစုက ဒီမို ကရေစီစနစ် အပြောင်းအလဲကို ကြိုဆိုကြသည်။ ပြည်သူတို့က ဒီမိုကရေစီ ကျင့်စဉ်များအတိုင်း ဖြစ်မြောက်ရေးကို မျှော်လင့် ကြ၊ ကူညီအားပေးလိုကြသည် ဆိုသော်လည်း ဒီမိုကရေစီကို မလိုလားသူများ၊ ဒီမိုကရေစီ ခိုင်မာသည်နှင့်အမျှ ကိုယ်ကျိုး စီးပွားထိခိုက်တော့မည်ဟု ထင်မြင်နေသည့် အင်အားစုများက ဒီမိုကရေစီ ဖြစ်ထွန်းရေးကို ဆန့်ကျင်လိုကြလေသည်။
ဒီမိုကရေစီ ရွေးကောက်ပွဲဆိုသည်က မဲပေးမည့်သူများ မဲပေးခွင့်ရှိသူများ၏ စာရင်းမှအစ၊ ကိုယ်စားလှယ်လောင်းများ ၏ အမည်စာရင်းမှအစ မဲဆန္ဒနယ်အလိုက် စနစ်တကျ ပြင်ဆင် ရမည့် လုပ်ငန်းရပ်များကပင်လျှင် များစွာပြင်ဆင်ဆောင်ရွက် ရမည်များ ရှိနေသည်ပဲ ဖြစ်ပါသည်။
သို့သော်လည်း ထိုလုပ်ငန်းရပ်များကို သပ်သပ်ရပ်ရပ်ဖြင့် စနစ်တကျ အောင်မြင်အောင် လုပ်ဆောင်ရေးက အစိုးရ၏ ဦးဆောင်မှု၊ ရွေးကောက်ပွဲကော်မရှင်၏ အကောင်အထည်ဖော်မှု တို့ပေါ် တင်ရှိနေသည့် တာဝန်ကြီးများပင် ဖြစ်ပေသည်။ ယခုအခါ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းရေးအတွက် နိုင်ငံတကာက ပညာရှင်များကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေသည်ဟု သိရပါသည်။
ယခင့်ယခင် အတိတ်ကာလများက အမှားအယွင်းများ ရှိခဲ့သည်ဆိုလျှင် ထိုအမှားများကို အမှန်ပြင်ဆင်နိုင်အောင်၊ ပြည်သူလူထုအကြား အငြင်း အပွားကြီး ပွားခဲ့ရသော ကြိုတင်မဲ ကိစ္စမျိုးကို အများလက်ခံနားလည်အောင် စီမံခန့်ခွဲရမည် ဖြစ်ပါ သည်။
မှန်ကန်တိကျသည့်၊ တရားမျှတသည့်၊ အမှားအယွင်း အပြစ်အနာအဆာနည်းပါးသည့် ရွေးကောက်ပွဲများကသာ ပြည်သူ့ကိုယ်စားလှယ် အစစ်အမှန်များကို ရွေးချယ်ပေးနိုင် မည်ဖြစ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၌ မည်မျှလောက် လေးလံ ကြီးမားသော တာဝန်များရှိနေသည်ကို ခန့်မှန်းနိုင်မည်ဖြစ်ပါ သည်။ ယခုအခြေအနေက ဒီမိုကရေစီစနစ် ထူထောင်ရေးသည် အခြေအနေအရ ဆောင်ရွက်နေရသည်မျိုးမဟုတ်။ ယုံကြည်မှုဖြင့် ဆောင်ရွက်နေချိန်ဖြစ်၏။
ဒီမိုကရေစီနုနယ်သေးသည့်အချိန်လည်း ဖြစ်သည့်အတွက် ဒီမိုကရေစီစနစ် ရင့်ကျက်ရေးနှင့် ဒီမိုကရေစီခိုင်မာရေး၏ လေးနက်မှုကို အထူးဂရုပြုကာ ပြည်သူလူထုကပါ ဝိုင်းဝန်း တည်ဆောက်နေကြရချိန်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် အုတ်မြစ်ခိုင်မာရေးအတွက် အစိုးရအပါအဝင် ပြည်သူလူထု၏ ပါဝင်ကူညီမှု၊ နိုင်ငံတကာ မှ ပညာရှင်များ၏ ပူးပေါင်းကူညီမှုတို့ဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်သန့်ရှင်း၍ တရားမျှတမှုရှိအောင် အကောင်အထည်ဖော်ကြပါစို့။ ။

No comments:

Post a Comment