Sunday, October 13, 2019

မေတ္တာစိတ် အရင်းခံဖြင့် သည်းခံခြင်းသည်သာလျှင်





မင်္ဂလသုတ်လာ ခန္တီစ သော၀စဿတာ အစချီ သည်းခံခြင်းသည် မင်္ဂလာရှိ၏ ဟူသည့် စကားတော်မှာ အဓိပ္ပာယ်များစွာ ရှိသည် ဖြစ်ပါသည်။
လူမှုဆက်ဆံရေးတွင် သည်းခံခြင်းတရားဟူသည် လိုအပ်ပါ သည်။ လောကီလူမှုအဖွဲ့အစည်းအတွင်းတွင် သည်းခံခြင်းဟူသည် အရေးပါ၏။ လူတစ်ဦးက ကိုယ့်ကိုစော်ကားမှုမှန်သမျှကို သည်းခံ နေရမည်ဟု ဆိုလိုခြင်းထက် လူမှုအသိုက်အမြုံထဲက မတူညီသော လူမျိုး ဘာသာ၊ ယုံကြည်မှုတို့အကြားတွင် မတူညီသော အယူအဆ သဘောထား ထုတ်ဖော်မှုတို့ကို အသိအမှတ်ပြု နားလည်ခြင်းဟု ဆိုရမည်ထင်ပါသည်။
လူမျိုးဘာသာတူ၊ ယုံကြည်ချက်တူ၊ သွေးတူသားတူများ ကြားမှာပင် မကြာခဏဆိုသလို သဘောထားချင်း မတိုက်ဆိုင် မှုဆိုသည်မှာ ရှိစမြဲ။ ထိုသို့ အမြင်ချင်း၊ သဘောထားချင်းမတိုက် ဆိုင်သည့်အခါ အခြားသူတစ်ဦး၏ ကိုယ်နှင့် မတူညီသော သဘောထားကို ကျေလည်သည်ထိ နားထောင်ခြင်း၊ နားလည်ဖို့ ကြိုးစားခြင်းဟူသည်ကပင် သည်းခံခွင့်လွှတ်ရခြင်းဖြစ်ပေမည်။
ဥပဒေကို ကျော်လွန်လာခြင်းမဟုတ်၊ ကိုးကွယ်ယုံကြည်ရာကို ထိခိုက်စော်ကားလာခြင်းမဟုတ်သည့် အခြားသူ၏ အမြင် အယူ အဆသဘောထားကို နားလည်ဖို့ ကြိုးစားခြင်း၊ ကိုယ့်အမြင် ကိုယ့်သဘောထားနှင့် မတိုက်ဆိုင်သော်လည်း သူ၏အမြင်၊ သူ၏ သဘောထားအဖြစ် ခံယူခြင်းက လိုအပ်သည်ပဲဖြစ်သည်။
ကိုယ်နှင့်မတူသည်နှင့် ကိုယ့်ရန်သူအဖြစ် သတ်မှတ်နေလို့မရ။ ရန်ပြုတိုက်ခိုက်ချေမှုန်းမည်ဟု ကြွေးကြော်နေလို့မရ။ ကိုယ့်စိတ် ကို ကိုယ်တိုင်ဆုံးမကာ ဒါသည် မတူညီသည့် လူများကြားရှိ မတူညီသော အတွေးအယူများဖြစ်သည်ဟု သဘောထား နားလည် ရန် လိုပါမည်။
ဤသည်ကိုပင် လူ့ကမ္ဘာ လူ့လောက၌ ယဉ်ကျေးမှုဟု ပြယုဂ် အဖြစ် တန်ဖိုးထားကြ၏။ လူအချင်းချင်းကြားရှိ ချစ်ခင်မှု ၊ မေတ္တာ ထားပွားများကြမှုတို့သည် လူယဉ်ကျေးတို့၏ အမှတ်လက္ခဏာ အဖြစ် သတ်မှတ်ကာ ထိုသို့သော ယဉ်ကျေးဖွယ်ရာသူများကို အထင်ကြီးလေးစားကြ၏။ တော်ရုံမတူညီမှုမျှနှင့် တုတ်တစ်ပြက်၊ ဓားတစ်ပြက်ဖြစ်ကြသူများကို အရိုင်းအစိုင်းများအဖြစ် စက်ဆုပ် ကြ၏။ နိုင်ငံအသီးသီး၏ ဥပဒေတို့ကလည်း သည်လိုရိုင်းစိုင်း ရက်စက်မှုများကို ခွင့်လွှတ်လေ့မရှိ။
ယင်းသို့ ယဉ်ကျေးဖွယ်ရာမှုကို ထိန်းသိမ်းခြင်း၊ ရိုင်းပျ ရက်စက်မှုကို ဆန့်ကျင်တားဆီးကြခြင်းကပင် လူ့လောကကို ထိန်းကျောင်းခြင်းဟု အလေးအနက်ထား ယူဆကြ၏။ သည်လို ယဉ်ကျေးမှု အယူအဆများ ကြားထဲမှာပင် မယုံကြည်နိုင် လောက်အောင် ရိုင်းပျရက်စက်သည့် စစ်ပွဲများက လောကတစ်ခွင် ရှိနေဆဲ။
သည်လို စစ်ပွဲများကို ရပ်ဆိုင်းနိုင်ရေး၊ လူသတ်လက်နက်များ ထုတ်လုပ်နေမှုကို ရပ်ဆိုင်းရေး၊ အဏုမြူလက်နက်များ လျှော့ချ ရေး စသည်တို့ကို ကမ္ဘာ့ပြည်သူတို့က နည်းမျိုးစုံဖြင့် အားထုတ်နေ ကြလေသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် သဘာ၀ဘေးဒဏ်များကို တားဆီးနိုင်ရေးကို ကမ္ဘာ့ရေစီးကြောင်းကြီး၊ ကမ္ဘာ့တူရူအဖြစ် သတ်မှတ်ကာ ကြိုးစားနေကြလေသည်။
ထို့နည်းတူစွာ မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားရင်ကြားစေ့ရေးဆိုသည်ကို အလေးအနက်ထားကာ ကြိုးစားနေချိန်ဖြစ်ပါသည်။ အထူးသဖြင့် ကိုယ့်လူမျိုးအချင်း ချင်းအကြား၊ ကိုယ့်မိသားစုအချင်းချင်းများအကြား ဖြစ်ပွား နေရသော စစ်ပွဲများကမူ ရပ်ဆိုင်းသင့်ပြီဟု မြန်မာပြည်သူတို့က ယုံကြည်နေကြပြီ ဖြစ်ချေသည်။
တရားသောစစ်၊ တော်လှန်သောစစ် မည်သို့ပင် အမည်တပ် စေကာမူ ကောင်းမွန်မြင့်မြတ်သော စစ်ပွဲများဟုတော့ ဆိုရခက် မည့် ခေတ်ကာလတွင် စစ်ပွဲများအစား ငြိမ်းချမ်းသော မေတ္တာ တရားများ ထွန်းကားကြွယ်၀ပါစေသတည်း။
မတူညီသော လူမျိုးစုံဖြင့် ဖွဲ့စည်းထားသော နိုင်ငံဖြစ်သည့် အားလျော်စွာ မတူညီမှုများ၊ မတူညီသည့် သဘောထားများ၊ မတူညီသည့် အယူအဆများကတော့ ရှိနေကြမည်သာ။ ဒါကိုပင် သည်းခံစိတ်၊ မြင့်မြတ်စိတ်၊ မေတ္တာစိတ် အရင်းခံတို့ဖြင့် ညှိနှိုင်း အဖြေရှာကာ ငြိမ်းချမ်းရေးကို ရယူနိုင်ကြရမည်သာ။ ။

No comments:

Post a Comment