Thursday, October 10, 2019

လောကဓံတို့နှင့် ရင်ဆိုင်ရသည့်အခါ

 
 
မြန်မာ့အလင်းအယ်ဒီတာအာဘော် 
 

 
သတင်းများနှင့် လူမှုကွန်ရက်များတွင် မိမိကိုယ်ကို သတ်သေမှုများ မကြာမကြာ တွေ့နေရသည်။ သတင်းတစ်ပုဒ်၌ဆိုလျှင် ဒေသအတွင်း ပေါက်သည့် အဆိပ်ပင်ကို ကျိုချက်ပြီး မိဘနှစ်ပါးက သားသမီး လေးယောက်ကို တိုက်ကျွေးကာ ၎င်းတို့ကိုယ်တိုင်လည်း သောက်ကြ ပြီး တစ်မိသားစုလုံး သတ်သေကြခြင်းဖြစ်သည်။ ကလေးနှစ်ဦးမှာမူ အော့အန်မှုကြောင့် သက်သာရာရပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြ သော်လည်း မိခင်၊ ဖခင်နှင့် ကျန်ကလေးနှစ်ဦးတို့ ဆုံးပါးသွားကြရှာသည်။
ကမ္ဘာပေါ်တွင် စက္ကန့် ၄၀ တိုင်း၌ လူတစ်ဦး မိမိကိုယ်ကို သတ်သေမှု ကြောင့် သေဆုံးနေကြရသည်ဟု ဆိုသည်။ ပျမ်းမျှအားဖြင့် နှစ်စဉ် လူရှစ်သိန်းခန့် သတ်သေနေကြရာ အများစုမှာ အရွယ်ကောင်းများ ဖြစ်ကြသည်။ အသက် ၁၅ နှစ်မှ ၂၉ နှစ် အကြား လူငယ်များ သေဆုံး ကြသည့် အကြောင်းရင်းများအနက် မိမိကိုယ်ကို သတ်သေကြခြင်းကြောင့် သေဆုံးကြခြင်းက ဒုတိယနေရာတွင် ရှိနေသည်။ ဆိုခဲ့ပါ ကိန်းဂဏန်း အချက်အလက်များမှာ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်များဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်မူ မိမိကိုယ်ကို သေကြောင်းကြံစည်ကြရာ၌ အသက် ၂၅ နှစ်မှ ၄၀ အတွင်း အရွယ်များက အများဆုံးဖြစ်ကြောင်း သိရသည်။ သတ်သေနှုန်းမှာ ၂၀၁၀ ပြည့်နှစ်ကာလက လူတစ်သိန်းလျှင် တစ်ယောက် နှုန်းရှိခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ စစ်တမ်းတွင်မူ လူတစ်သိန်းလျှင် သုံးယောက် နှုန်းဖြစ်လာသည်ဟု ဆိုသည်။ သတ်သေမှု ၁၀၀ လျှင် အမျိုးသားအရေ အတွက်က ၇၀ ကျော်ရှိပြီး အမျိုးသမီးအရေအတွက်က ၂၀ ကျော်ဖြစ်ရာ အမျိုးသားက သုံးဆခန့် ပိုများသည်ဟု ဆိုရမည်ဖြစ်သည်။
မိမိကိုယ်ကို သေကြောင်းကြံစည်ကြခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စိတ်ဖိစီးမှုများမှ လွတ်မြောက်လိုခြင်းနှင့် လက်စားချေလိုခြင်း သဘော တို့ကို အများဆုံး တွေ့ရသည်ဟု ဆိုသည်။ အများစုမှာ စိတ်ဓာတ်အလွန် အမင်း ကျဆင်းခြင်းကြောင့်ဖြစ်ပြီး ဒုတိယအများစုမှာ အရက်နှင့် မူးယစ် ဆေးဝါး စွဲလမ်းမှုများကြောင့် စိတ်မူမမှန်သူများဖြစ်သည်။ တတိယ အများစုမှာ စိတ်ဝေဒနာ ခံစားနေရသူများဖြစ်သည်။ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းကို ကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ပညာရှင်များက ရှုမြင်ကြပြီး ကြိုတင်ကာကွယ်တားဆီး၍ ရသည် ဟူ၍လည်း ဆိုထားသည်။ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုတိုင်း တွင် အကြိမ်များစွာ (အကြိမ်၂၀ ခန့်) အားထုတ်ပြီးမှသာ ကြံစည်မှု အထမြောက်လေ့ရှိကြောင်း လေ့လာမှုများအရ သိရှိကြရသည့်အတွက် အတူနေမိသားစုဝင်များ၊ ရင်းနှီးသည့် မိတ်ဆွေသူငယ်ချင်းများ၊ လုပ်ဖော် ကိုင်ဖက်များ၊ နီးစပ်သည့် အသိုင်းအဝိုင်းတို့က ဝိုင်းဝန်းကာကွယ်တားဆီးနိုင်ကြသည်။ ရက်ပေါင်းများစွာ စိတ်ဓာတ်အလွန်အမင်း ကျဆင်း နေသူ၊ မျှော်လင့်ချက်ကင်းမဲ့နေပြီး ထွက်ပေါက်မရှိတော့ဘူးဟု ယူဆ နေသူ၊ မိမိတွင် အပြစ်ရှိသည်ဟု ခံစားနေရကြောင်း ပြောနေသူ၊ အသိုက် အဝန်းနှင့် ရှောင်နေသူ၊ နေထိုင်၊ အိပ်၊ စား ပုံမမှန်တော့ဘဲ အမူအရာ များ ထူးထူးခြားခြား ပြောင်းလဲလာသူ၊ စိတ်ခံစားမှုများ အစွန်းရောက် လာသူ၊ ဂနာမငြိမ်၊ သေခြင်းအကြောင်းမကြာမကြာ ထုတ်ဖော်ပြောကြား၊ နှုတ်ဆက်သေတမ်းစာရေး စသည်များ၊ စိတ်ဖောက်လာသူများ စသည် တို့ကို တွေ့ရှိလာပါက မိသားစုနှင့် လူမှုအသိုင်းအဝိုင်းတို့က ဝိုင်းဝန်း ဂရုစိုက်ပေးရန်၊ ၎င်း၏ ခံစားချက်များ ထုတ်ဖော်ပြောကြားဖို့ အခွင့် အလမ်းများပေးရန်၊ နှစ်သိမ့်မှုဖြင့် စိတ်ဖြေသိမ့်ပေးရန်၊ အထူးသဖြင့် တစ်ဦးတည်း အထီးကျန်ခံစားနေရခြင်းမဟုတ်ကြောင်း နားလည် လက်ခံလာစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
ဂရုပြုရမည့်အချက်တစ်ရပ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသည် ကူးစက်တတ်သည့် သဘောရှိခြင်းကြောင့် မီဒီယာများနှင့် လူမှုကွန်ရက် များတွင် အကျယ်တဝင့် ဖော်ပြကြခြင်းကို ဆင်ခြင်ကြရန်ပင် ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သတင်းစာဆရာကြီး အထောက်တော်လှအောင်က ရေးသားဖော်ပြခဲ့ဖူးသလို မကြာသေးမီကလည်း လူမှုအဖွဲ့အစည်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာဂျာနယ်တွင် သုတေသနတစ်ရပ်အရ ကိုယ့် ကိုယ်ကိုယ် သတ်သေခြင်းတစ်ခုသည် အခြားသူများကိုလည်း ၎င်းကဲ့သို့ လိုက်လုပ်လာစေသည့် ကူးစက်မှုမျိုးဖြစ်ပေါ်စေသည်ဟု လေ့လာ တွေ့ရှိကြောင်း ဆိုထားသည်။ မြန်မာနိုင်ငံတွင်မူ မိမိကိုယ်ကို သတ်သေ ခြင်းကို ရိုးရာဓလေ့ကိုယ်နှိုက်က အားပေးခြင်းမရှိ။ စီးပွားဖြစ်ခြင်း၊ စီးပွားပျက်ခြင်း၊ အခြွေအရံအပေါင်းအသင်းများရှိခြင်း၊ စွန့်ခွာသွားခြင်း၊ လူ့အသိုင်းအဝိုင်းက ဝိုင်းဝန်းချီးမွမ်းကြခြင်း၊ ဝိုင်းဝန်းပြစ်တင်ရှုတ်ချ ကြခြင်း၊ ကိုယ်ရောစိတ်ပါ ချမ်းသာသုခခံစားရခြင်း၊ ကိုယ်ရောစိတ်ပါ မချမ်းမသာ ဆင်းရဲရခြင်းတို့ကို လောက၏ ဓမ္မဖြစ်ရိုးဖြစ်စဉ်ဟုသာ သဘောထားပြီး အကောင်းအဆိုး လောကဓံတို့ကို ရင်ဆိုင်ကြုံတွေ့ရ သည့်အခါ မတုန်မလှုပ်ရန်နှင့် မှန်ကန်စွာ သင့်တင့်လျောက်ပတ်စွာ နှလုံးသွင်းကြရန်သာ အစဉ်အဆက် ဆိုဆုံးမခဲ့ကြသည်။
ယနေ့ (အောက်တိုဘာ ၁၀ ရက်) တွင် ကျရောက်သည့် ကမ္ဘာ့စိတ် ကျန်းမာရေးနေ့ (World Mental Health Day-2019) ၏ ဆောင်ပုဒ်မှာ ''Focus on Suicide Prevention'' ဟူ၍ ဖြစ်ရာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ တားဆီးကာကွယ်ရေးတွင် မိမိတို့၏ အသိုက်အဝန်း အတွင်း ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အာရုံစိုက်ဆောင်ရွက် နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment