Tuesday, August 27, 2019

ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း)အတည်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေး



Image may contain: 8 people, people standing and people sitting
နေပြည်တော် ဩဂုတ် ၂၆




ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် Technical Working Group ဖွဲ့စည်းဆောင်ရွက်နိုင်ရေး အကြံပြု ဆွေးနွေးခြင်းများအတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ်တို့အကြား ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ထို့အတွက် မိမိတို့ အနေဖြင့် အမျိုးသားအဆင့်ကော်မတီကို ဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ယနေ့အစည်းအဝေး၌ ပဋိပက္ခ အတွင်း လိင်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၀၁၆၊ အပိုဒ် (၁၀) အရ အကောင် အထည်ဖော်ရမည့် အချက်(၃)ချက်နှင့် ပူးတွဲကြေညာချက်ပါ ဦးစားပေးကဏ္ဍ(၆) ရပ်တို့အပေါ် အခြေတည်၍ ရေးဆွဲ ထားသော အမျိုးသားအဆင့် လုပ်ငန်း စီမံချက်(မူကြမ်း)ကို အတည်ပြုနိုင်ရေး ညှိနှိုင်းကြမည်ဖြစ်ကြောင်း၊ လုပ်ငန်း စီမံချက်(မူကြမ်း)နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီး၏ သဘောထားမှတ်ချက်များ ရယူခဲ့ပါ ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ သဘောထား အကြံပြုချက်များကိုလည်း ရယူခဲ့ပါကြောင်း၊ အဆိုပါ အကြံပြုချက် များနှင့် ယခင်အစည်းအဝေးမှ ရရှိထား သော သုံးသပ်ချက်များကိုလည်း ကော်မတီဝင်များထံသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးဥပဒေ ထွက်ပေါ် လာရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယခု လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများနှင့် ပတ်သက်၍ရပ်တည်မှု၊ ဖွံ့ဖြိုးတိုးတက် မှုနှင့် ကာကွယ်စောင့်ရှောက်မှုများ အတွက် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများ နည်းတူ ဆောင်ရွက်နေသည်ကို နိုင်ငံတကာသို့ ပြသနိုင်မည်ဖြစ်သည့် အပြင် မိမိတို့နိုင်ငံအပေါ် တစ်ဖက်သတ် စွပ်စွဲမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် သဘောထား မှတ်ချက်အရပြင်ဆင်ထားသည့် လုပ်ငန်း စီမံချက်(မူကြမ်း)အပေါ် အကြံပြု ဆွေးနွေးပေးကြရန်နှင့် ဆုံးဖြတ်ချက်များ တစ်ပါတည်းချမှတ်နိုင်ပါရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်း စီမံချက်(မူကြမ်း)ကို ကဏ္ဍအလိုက်၊ အကြောင်းအရာ တစ်ခုချင်းစီအလိုက် အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် သက်ဆိုင်ရာဌာနများ၏ သဘောထားမှတ်ချက်များအရ ပြင်ဆင် ထားသည့် အချက်များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ပေးပို့လာသော အကြံပြုချက်များအပေါ် သက်ဆိုင်ရာ ဌာနများက ပြင်ဆင်လိုသည့်အချက်များ ကို ဖတ်ကြားဆွေးနွေးရာ ကော်မတီဝင် ဝန်ကြီးဌာနအသီးသီးက ပြန်လည် ဆွေးနွေးခြင်း၊ ပြင်ဆင်ဖြည့်စွက် အတည် ပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment