Tuesday, August 27, 2019

အားကစားခရီးသွားလုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



နေပြည်တော် ဩဂုတ် ၂၆





မြန်မာနိုင်ငံတွင် အားကစားခရီးသွား လုပ်ငန်း(Sports Tourism)နှင့် အစား အသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism) ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန နီလာ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံရှိ ခရီးသွားအရင်းအမြစ်များ ရှိပြီးဖြစ်သော အားကစားခရီးသွား လုပ်ငန်းနှင့် အစားအသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက အားကစား ခရီးသွားလုပ်ငန်းနှင့် အစားအသောက် ဆိုင်ရာ ခရီးသွားလုပ်ငန်းကို စနစ်တကျ နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ပါက နိုင်ငံခြားသားခရီးသွားများ ပိုမို တိုးတက်ဝင်ရောက်လာနိုင်မည် ဖြစ်ပြီး ယင်းလုပ်ငန်းမှ အကျိုးအမြတ်များကို လည်း ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးသည် ဖြစ်နိုင်ခြေရှိသည် များကို ဖော်ထုတ်ဆွေးနွေးခြင်းဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မိမိ တို့ ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည် များကို ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံတွင် အားကစားပွဲများ လက်ခံကျင်းပနေမှုများ၊ နိုင်ငံတကာ အားကစားအဖွဲ့အစည်းများ နှင့် ချိတ်ဆက်၍ အားကစားပွဲများ စီစဉ် ကျင်းပနေမှုများကို ရှင်းလင်းတင်ပြပြီး အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး အောင် အကောင်အထည်ဖော်ရေး အတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ရေး၊ စနစ်တကျနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် လိုအပ်သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊ မဟာ ဗျူဟာလုပ်ငန်းစဉ်များ ရေးဆွဲရေးတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေး စောင့်ရှောက်မှုအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် တာဝန်ရှိသူများက အားကစားခရီးသွားလုပ်ငန်းနှင့် အစား အသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများကို ဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ပေးသည်။ သတင်းစဉ်

No comments:

Post a Comment