Wednesday, May 1, 2019

ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက်များပေးနိုင်ရန် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေး

Image may contain: 7 people, people sitting and text
နေပြည်တော် ဧပြီ ၃၀
ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်နှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက် များ ပေးနိုင်ရန်တို့အတွက် တတိယအကြိမ် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပ္ပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုကဲ့သို့ မဏ္ဍိုင်လေးရပ် တွေ့ဆုံကြခြင်းသည် မဏ္ဍိုင် များအချင်းချင်းအကြား အခက်အခဲများကို အပြန်အလှန် ညှိနှိုင်းအဖြေရှာနိုင်ရန် ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲမှတစ်ဆင့် သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့် များ ပိုမိုခိုင်မာလာရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ပိုမိုချောမွေ့လာရန် မျှော်လင့်ပါကြောင်း၊ မဏ္ဍိုင်အချင်းချင်းအကြား အပြန်အလှန် ထိန်းကျောင်းမှု ခံယူနေရသလို ပြည်သူများ၏အသံနှင့်အတူ ဝေဖန်ထောက်ပြသည့် မီဒီယာများ ၏ ထိန်းညှိမှု၊ ထောက်ပြမှုကိုလည်း မပြတ်ခံယူနေရပါကြောင်း၊ မဏ္ဍိုင်အသီး သီးတွင် လုပ်ပိုင်ခွင့်များရှိသလို အကန့်အသတ်များလည်း ရှိပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် သတင်းမီဒီယာများကို ကိုယ်စားပြုသည့် စတုတ္ထ မဏ္ဍိုင်က လုပ်ပိုင်ခွင့်များတောင်းဆိုခြင်းနှင့် ဆွေးနွေးဖြေရှင်းခြင်းများ ပြုလုပ် သွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးမှုအောင်မြင်ပါက မီဒီယာများအတွက် ပိုမို အကျိုးရလဒ်ရရှိမည်ဖြစ်ပြီး ကျန်သည့်မဏ္ဍိုင်များသည်လည်း ဂုဏ်သိက္ခာ တိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယုံကြည်မှုတည်ဆောက်
ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာ၀တီ ဦးအုန်းကြိုင်က အစိုးရနှင့် သတင်းမီဒီယာအကြား ယုံကြည်မှုတည်ဆောက်ရန် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ နားလည်မှုမှတစ်ဆင့် ယုံကြည်မှုတည်ဆောက် ရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် အစိုးရနှင့် မီဒီယာအကြား ယုံကြည်မှုတည်ဆောက်သည့် ဆွေးနွေးပွဲဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက သတင်းသမားများကို စနစ်တကျ အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခြင်းအားဖြင့် ယနေ့ကြုံတွေ့ နေရသည့် သတင်းသမားနှင့် သတင်းဖြေကြားသူများအကြား မယုံကြည်မှုများ၊ သံသယစိတ်များ ပပျောက်သွားမည်ဟု ယုံကြည်ပါကြောင်း၊ သတင်းမီဒီယာနှင့် မဏ္ဍိုင်သုံးရပ်၏ နားလည်မှုသည် အရေးကြီးပါကြောင်း၊ သတင်းမီဒီယာများ သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်သုံးရပ်နှင့် ပြည်သူ အကြား ပေါင်းစပ်ပေးပါကြောင်း၊ မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများ၏ ပူးပေါင်း ဆောင်ရွက်မှု၊ နားလည်မှုသည် သတင်းမီဒီယာသမားများအတွက် အရေးကြီးပါ ကြောင်း၊ သို့မှသာ လွတ်လပ်၍တရားမျှတသည့် သတင်းအချက်အလက်များကို ပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမျိုးသန့်တင်က စတုတ္ထမဏ္ဍိုင်သည် ပြည်သူပြည်သားများ၏ အသံ၊ မျက်လုံးဖြစ်ပြီး နိုင်ငံနှင့်လူမျိုး အဓွန့်ရှည်စွာ တည်ရှိနေရန်အတွက် ပေါ်ပေါက် လာခြင်းဖြစ်ပါကြောင်း၊ ယခု မဏ္ဍိုင်သုံးရပ်နှင့် စတုတ္ထမဏ္ဍိုင်တို့ ညှိနှိုင်းပြီး မိမိတို့နိုင်ငံတွင် ဒီမိုကရေစီမပျက်သုဉ်းစေရန်၊ နိုင်ငံနှင့်လူမျိုးအတွက် ရေရှည် တည်တံ့အောင် ဆွေးနွေးပွဲများ ပြုလုပ်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
အကာအကွယ်ပေးနိုင်
ထို့နောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းသည် သတင်းမီဒီယာကဏ္ဍအတွက်သာမက မိမိတို့နိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ရေး၊ လူ့အခွင့်အရေးနှင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှုများမရှိစေရေးတို့ကို အကာအကွယ်ပေးနိုင်သည့်အတွက် အရေးကြီးပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးညိုထွန်းက ၂၀၁၄ ခုနှစ် သတင်းမီဒီယာ ဥပဒေ ထွက်ပေါ်လာပါ ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားရုံး သတင်းမီဒီယာလက်စွဲကို ထုတ်ပြန်ခဲ့ပါကြောင်း၊ သတင်းပြန်ကြားရေးအဖွဲ့များ ကို တရားရုံးအဆင့်ဆင့်တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ သတင်းမီဒီယာများ၏ သိလိုသည့်သတင်းများကို တစ်နိုင်ငံလုံးရှိ တရားရေးသတင်းပြန်ကြားရေး အရာရှိများက ထုတ်ပြန်ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်က တရားရုံးအဆင့်ဆင့်၏ ဆောင်ရွက်ချက်များကို နှစ်အလိုက် အစီရင်ခံစာ ထုတ်ပြန်လျက်ရှိပါကြောင်း ပြောကြားသည်။
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ဆက်လက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်နှင့်ပတ်သက်သည့် သတင်းအချက် အလက်များကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ထုတ်ပြန်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် သတင်းမီဒီယာများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံ လျက်ရှိပါကြောင်း၊ တပ်မတော်နှင့် သတင်းမီဒီယာဆက်ဆံရေးကို စာနယ်ဇင်း ကောင်စီ စတင်ဖွင့်လှစ်ကတည်းက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်က သတင်းမီဒီယာများကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှု များနှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အတွင်း ရေးမှူး ဦးကျော်စွာမင်းက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေး မဏ္ဍိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက မဏ္ဍိုင်ကြီးသုံးရပ်နှင့် သတင်းမီဒီယာကဏ္ဍတို့အကြား သတင်းမှန်ရရှိရေးနှင့် အပြန်အလှန်နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ BNI (Burma News International)၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ မြန်မာအမျိုးသမီး သတင်းစာဆရာအဖွဲ့တို့မှ သတင်းမီဒီယာသမားများ၏ မေးမြန်းဆွေးနွေးချက်များအပေါ် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
ပထမအကြိမ် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင်လည်းကောင်း၊ ဒုတိယအကြိမ် မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေး ပွဲကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်းကောင်း ပြုလုပ်ခဲ့သည်။
အတည်ပြုနိုင်
ယနေ့အလုပ်ရုံဆွေးနွေးပွဲတွင် ရလဒ်အဖြစ် မြန်မာ့မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဏ္ဍိုင်လေးရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ပြည်ထောင်စုအဆင့် မဏ္ဍိုင်လေးရပ် တွေ့ဆုံမှုများကို အနည်းဆုံး တစ်နှစ်တစ်ကြိမ်ဆောင်ရွက်သွား ရန်၊ သတင်းမီဒီယာသမားများ ကျင့်ဝတ်စည်းကမ်းနှင့်အညီ သတင်းရယူနိုင်ရေး နှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးစီးပြီး အခြား အဖွဲ့ အစည်းအသီးသီးက လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက်သွားရန်၊ သတင်း အချက်အလက်ရယူခြင်းနှင့်ပတ်သက်၍ စိန်ခေါ် မှုများကို ပူးပေါင်းဖြေရှင်းရာတွင် မဏ္ဍိုင်လေးရပ်အကြား အပြန်အလှန်လေးစားမှုကို အခြေခံလျက် ဆောင်ရွက် သွားရန်၊ သတင်းမီဒီယာသမားများ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင် ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဦးစီးဆောင် ရွက်သွားရန်နှင့် ကျန်မဏ္ဍိုင်များမှလည်း လိုအပ်သလို ပံ့ပိုးကူညီဆောင်ရွက် သွားရန်၊ ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သွားရန်၊ သတင်းမှားများပပျောက်ရေး၊ သတင်းမှန်များ လျင်မြန်စွာ ထုတ်ပြန်နိုင်ရေးနှင့် သတင်းအချက်အလက်သိနားလည်မှု (Media and Information Literacy) မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများအား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန်၊ ဝန်ကြီးဌာနများအနေဖြင့် သတင်းများကို အချိန်မီ ထုတ်ပြန်ပေးရန်နှင့် သက်ဆိုင်ရာ Website နှင့် Page များတွင် အချိန်နှင့် တစ်ပြေးညီ သတင်းများ လွှင့်တင်ပေးရန်၊ လွှတ်တော်တွင်း မီဒီယာသမားများ သတင်းရယူမှုများ ပိုမိုအဆင်ပြေချောမွေ့စေရေး လိုအပ်သလို ညှိနှိုင်းပေးရန်၊ မဏ္ဍိုင်လေးရပ်ဆွေးနွေးပွဲများမှ ရရှိသောရလဒ်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရေး ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန်၊ သတင်းအတုအယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့ အသိပေးဖြန့်ဝေသွားရန်၊ Social Media အလွဲသုံးမှုများကို တရားဝင်ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများက လိုအပ်သလို ဆောင်ရွက်ပေးရန်၊ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် ဥပဒေများ အမြန်ဆုံးပေါ်ထွက်လာရေးအတွက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်တို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက တိုင်းရင်းသား မီဒီယာအပါအဝင် သတင်းမီဒီယာသမားများ သတင်းရယူရာ၌ တန်းတူအခွင့်အရေးရရှိစေရေး ဆက်လက်ဆောင်ရွက်ပေးရန်ဟူသည့် အချက် (၁၃)ချက်ကို သဘောတူညီခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment