Thursday, April 25, 2019

ဘဏ္ဍာငွေများကို အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲ သုံးစွဲကြရန် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မှာကြား




Image may contain: 1 person, sitting, laptop, screen and indoor
နေပြည်တော် ဧပြီ ၂၄


ဘဏ္ဍာရေးကော်မရှင် (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထပ်မံခေါ်ယူရခြင်းဖြစ်
အစည်းအဝေးတွင် ဘဏ္ဍာရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် ဘဏ္ဍာရေးကော်မရှင်၏ (၂/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်များ၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဧပြီ ၉ ရက်တွင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး(၁/၂၀၁၉)ကို ကျင်းပခဲ့ ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် များ၏ ဒေသဖွံဥဖြိုးရေးလုပ်ငန်းများ အတွက် လိုငွေများ ပြင်ဆင်အတည်ပြုရန် အစည်းအဝေးကို ထပ်မံခေါ်ယူရခြင်း ဖြစ်ပါကြောင်း။
ဆွေးနွေးဆုံးဖြတ်
၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်မတိုင်မီ ပေးပို့တင်ပြရမည် ဖြစ်သည့်အတွက် အချိန်မှာ အလွန်နီးကပ် နေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ်များအတွက် ထပ်မံခွင့်ပြုပေးမည့် ဖြည့်စွက်ခွင့်ပြုငွေ များကို ပြည်ထောင်စုလွှတ်တော်သို့ အချိန်မီပေးပို့နိုင်ရေးအတွက် ဆွေးနွေး ဆုံးဖြတ်ကြရန် ဖြစ်ပါကြောင်း။
စစ်ဆေးကြပ်မတ်
တိုင်းဒေသကြီး/ပြည်နယ်အစိုးရ များအနေဖြင့် ဖြည့်စွက်ခွင့်ပြုငွေများကို မိမိတို့ဒေသအတွက် ဟန်ပြဖြစ်စေမည့် လုပ်ငန်းမျိုးမဖြစ်စေဘဲ ဒေသခံပြည်သူ များအတွက် အကျိုးရှိ ထိရောက်သည့် လုပ်ငန်းများတွင် အသုံးပြုသွားကြရန်၊ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးစေရန်နှင့် အရည်အသွေး ပြည့်မီစေရန် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များက စစ်ဆေးကြပ်မတ် စီမံဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း။
ထို့ပြင် ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး (၁/၂၀၁၉) တွင် ပြောကြားခဲ့သလို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည့် တင်ဒါခေါ်ယူမှုများ၊ တင်ဒါစည်းမျဉ်းများ အတွင်း လက်တစ်လုံးခြား လုပ်ကိုင် ဆောင်ရွက်မှုများကို ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်းကို ထပ်မံ သတိပေးလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ၂၀၁၈ -၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ အပါအဝင် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ဘဏ္ဍာ ရေး ကော်မရှင်မှ သုံးသပ်ပြီး ထောက်ခံ အတည်ပြုပေးပါရန် ပြောကြားရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယခုကျင်းပသည့် အစည်းအဝေးတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်များသို့ ထပ်မံ ထောက်ပံ့ငွေကိုသာ အတည်ပြုမည်ဖြစ် ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများအပေါ် ပြင်ဆင်ပြောင်းလဲ ရန် မရှိပါကြောင်း။
၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် အတွက် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ရငွေ ငွေကျပ်ကျပ် ၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ငွေကျပ်ကျပ် ၂၇၁၈၈ ဘီလီယံ၊ ဂျီဒီပီ တန်ဖိုး ငွေကျပ်ကျပ် ၁၀၅၇၂၆ ဘီလီယံ၊ အသားတင် လိုငွေ ငွေကျပ်ကျပ် ၅၃၂၀ ဘီလီယံဖြစ်ပြီး လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၅ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ပါကြောင်း။
သုံးသပ်ထောက်ခံ
နိဂုံးချုပ်အားဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များအတွက် လိုငွေများအား အတည်ပြု ပေးနိုင်ပါရန်နှင့် ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများ၏၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေစာရင်း အပါအဝင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ယနေ့ ဒုတိယအကြိမ် ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင်မှ သုံးသပ်ထောက်ခံ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ်အတွက် တိုင်းဒေသကြီး/ ပြည်နယ် များ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှု အပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စိစစ်ပြီးခွင့်ပြုထားသည့် ဖြည့်စွက်ခွင့်ပြု ငွေကျပ်ကျပ် ၁၂၁ ဘီလီယံနှင့် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ပြည်ထောင်စု က ထောက်ပံ့ရမည့်ငွေကျပ် ၃၉ ဘီလီယံ တို့ကို ဧပြီ ၉ ရက်တွင် ကျင်းပခဲ့သည့် (၁/၂၀၁၉)ကြိမ်မြောက် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးဖြစ်ပါကြောင်း။
၄၀ ဘီလီယံကို ထပ်မံခွင့်ပြုရမည်ဖြစ်
ယခုအခါ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြု ငွေ လိုအပ်လာသည့်အတွက် ငွေကျပ်ကျပ် ၄၀ ဘီလီယံကို ထပ်မံခွင့်ပြုရမည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ ၏ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေမှာ ငွေကျပ်ကျပ် ၁၆၁ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ရမည့် ငွေမှာ ငွေကျပ်ကျပ် ၇၉ ဘီလီယံဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊ အဆိုပါ ငွေရပ်အား ဘဏ္ဍာရေးကော်မရှင် မှ သုံးသပ်အတည်ပြုပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ၂၀၁၈-၂၀၁၉ ပြည်ထောင်စု ဌာန၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြု ငွေ တင်ပြတောင်းခံမှုများနှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထောက်ခံဆွေးနွေး
ထို့နောက် ဘဏ္ဍာရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေ အပါအဝင် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေး နှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာ ငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းကို ထောက်ခံဆွေးနွေးကြသည်။
ယင်းနောက် ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက မိမိတို့ ဆွေးနွေး အတည်ပြုထားသည့်အတိုင်း ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေ တောင်းခံမှုစာရင်း၊ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ဘဏ္ဍာ ရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ပါကြောင်း။
တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အပြည့်အဝရှိကြရန် အရေးကြီး
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့စီးပွားရေးကို အကျိုးပြု နိုင်သည့် စီမံကိန်းများ၊ ဘတ်ဂျက်များ ဖြစ်ရန် ဆိုသည်မှာ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများအားလုံး၊ တိုင်း ဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ အားလုံးအနေဖြင့် တာဝန်သိမှုသာမက တာဝန်ယူမှု၊ တာဝန်ခံမှုတို့ အပြည့်အဝ ရှိကြရန် အရေးကြီးပါကြောင်း။
ပြည်သူ့ဘဏ္ဍာဖြစ်သည့် ဘတ်ဂျက် ငွေများကို ကိုင်တွယ်အသုံးပြုရာတွင် ပြည်သူ့အကျိုးအတွက် စေတနာမှန်ကန် ရန်၊ သုံးစွဲရာတွင် မှန်ကန်စနစ်ကျရန်နှင့် အရည်အသွေးများ စံချိန်စံညွှန်းမီရန် အထူးလိုအပ်ပါကြောင်း၊ ယခုထပ်မံ ခွင့်ပြုပေးရသည်မှာလည်း ဒေသဖွံ့ဖြိုး ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်း များဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များအတွက် အကျိုးဖြစ်ထွန်း မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံတော်ကြီး တိုးတက် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရများ အနေ ဖြင့် မိမိတို့ဒေသအတွက် ဘတ်ဂျက် လျာထားဆောင်ရွက်ရာတွင် စနစ်ကျန သည့် ဘတ်ဂျက်လျာထားမှုဖြစ်စေရန်၊ ရရှိသည့် ခွဲဝေချထားငွေကို သုံးစွဲရာတွင် လည်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် အညီ ဖြစ်စေရန်၊ ပြည်သူများ၏ အကျိုးကို အထူးရှေးရှုပြီး စေတနာမှန်ကန်ဖြူစင်စွာ ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် ဘဏ္ဍာရေး ကော်မရှင်က ထောက်ခံတင်ပြခဲ့သည့် ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ခွဲဝေပေးသည့် ဘဏ္ဍာငွေ များကို နိုင်ငံတော်နှင့် ပြည်သူအတွက် အကျိုးရှိထိရောက်စွာ စီမံခန့်ခွဲ သုံးစွဲ ကြရန် အလေးအနက်မှာကြားလိုပါ ကြောင်း ပြောကြားသည်။ သတင်းစဉ်

No comments:

Post a Comment