Thursday, April 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တွေ့ဆုံ





Image may contain: 2 people, people standing
ပေကျင်း ဧပြီ ၂၄



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ရန်နှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်းတဲ့ချို ဟွန်ဆင်၏ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး သွားရောက် ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ထွက်ခွာသည်။
တာဝန်ရှိသူများလိုက်ပါ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တာဝန်ရှိသူများ လိုက်ပါသွားကြသည်။
Chang Shui လေဆိပ်သို့ ရောက်ရှိ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ Chang Shui အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ယူနန်ပြည်နယ်
ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Zang Guohua ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့ဝင် များသည် အထူးလေယာဉ်ဖြင့် ကူမင်းမြို့မှ ပေကျင်းအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် ၂ နာရီ ၄၅ မိနစ်တွင် ရောက်ရှိကြရာ ပေကျင်း မြူနီစပယ်ပြည်သူ့ကွန်ကရက် ဒုတိယ အတွင်းရေးမှူးချုပ်Mr. Cui Xinjian ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့်Shangri – La Hote သို့ ရောက်ရှိကြသည်။
နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် သည့်အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ပြည်သူ့ခန်းမ ဆောင်ကြီး ( Great Hall of the People ) ) သို့ ရောက်ရှိကြ ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တို့ ဦးဆောင်သည့် နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် ပြည်သူ့ခန်းမဆောင်ကြီး၌ နှစ်နိုင်ငံဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်သည်။
ဆက်လက်အကူအညီပေး
နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါအစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘ၀မြှင့်တင်ရေးနှင့် အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင် ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်း အားထုတ်မှုများကို တရုတ်အစိုးရမှ ဆက်လက်အကူအညီ ပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ ဆက်လက်အကူအညီပေးရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြား ရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တရုတ်အစိုးရမှ မြန်မာန်ိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း များအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁၀၀၀ အကူအညီ အထောက်အပံ့ပေးမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်နှင့် ဦးကျော်တင်၊ ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဦးဆက်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment