Friday, August 31, 2018

ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ဝါခေါင်လ   ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သည်  ကရင်အမျိုးသားတို့ ၏ ရိုးရာထုံးတမ်းအစဉ်အလာတစ်ရပ်  ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား စာပေနှင့်    ယဉ်ကျေးမှုကော်မတီက ကရင်ရိုးရာချည်ဖြူဖွဲ့   မင်္ဂလာပွဲတော် ကို ၂ဝ၁၈ ခုနှစ်၊    သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ  မြန်မာကွန် ဗင်းရှင်းစင်တာ(MCC)ခန်းမ၌ ကျင်းပခဲ့ပါသည်။ ဤကရင်ရိုးရာ ချည်ဖြူဖွဲ့    မင်္ဂလာပွဲတော်ကို    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်    ကရင်အမျိုးသား  အစည်းအရုံး-KNU (ဗဟို)ဒုဥက္ကဋ္ဌ    ပဒိုစောကွယ်ထူးဝင်းတို့က   တက်ရောက်ချီးမြှင့်ပြီး ဖားစည်တီး၍  ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါ   ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်၌     နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က  အမှာစကားပြောကြားခဲ့ ပါသည်။ ဤကဲ့သို့ အမှာစကားပြောကြားရာ၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က   ဤကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်ကို လူငယ်များက ဦးဆောင်ကျင်းပသည့်အပေါ် အထူးအလေးအနက်ထား အသိအမှတ်ပြု ပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လူသားတို့၏ စိတ်ဓာတ်သည်   အမုန်းစိတ်ကို  ဆွသည့်အခါ  ပိုကြွလွယ်သော်လည်း မေတ္တာတရားကို ဆွသည့်အခါ ကြွရန် မလွယ်သည်ကို ထောက်ပြခဲ့ပါသည်။ ဤအချက်သည်   လူမျိုးရေးပဋိပက္ခများနှင့် လူမျိုးရေး၊ ဘာသာရေး အခြေခံအစွန်းရောက် အကြမ်းဖက်ဝါဒတို့ ပျံ့နှံ့နေသည့် ပစ္စုပ္ပန်က္ဘာကြီး၌ အထူးအလေးအနက်ထား သုံးသပ်ရမည့်အချက် ဖြစ်ပါသည်။

ပစ္စုပ္ပန်က္ဘာကြီး၌    မေတ္တာတရား၏ အင်အားကြီးမားလာရန် အရေးကြီးသကဲ့သို့ ပြည်ထောင်စုနိုင်ငံတော်ဖြစ်သော မြန်မာနိုင်ငံ၌လည်း ပြည်ထောင်စုသား    တိုင်းရင်းသားလူမျိုးများကြား၌ မေတ္တာတရား၏ အင်အားကြီးမားလာရေးသည်လည်း  အရေးကြီးပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သည် ကရင် တိုင်းရင်းသားတို့၏ရိုးရာအရ လိပ်ပြာများကို ပြန်ခေါ်ခြင်း(တစ်နည်း)ကွဲပြားသွားသော လူမျိုးစုများ တစ်ယောက်နှင့်တစ်ယောက် သိရှိစေရန် ချည်ဖြူလေးများပတ်ခြင်းဟု ဖွင့်ဆိုတင်ပြသွားပါသည်။ အဆိုပါ ဖွင့်ဆိုမှု အပေါ် မူတည်၍ ကရင်ရိုးရာချည်ဖြူ¸ပွဲတော်၏ အနှစ်သာရသည် စုစည်း ခြင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထပ်ဆင့်သုံးသပ်ရှုမြင်သွားပါ သည်။  တစ်ဆက်တည်း၌ပင်   ပြည်ထောင်စုကြီး  မပြိုကွဲရေးအတွက် ပြည်ထောင်စုသားများဖြစ်သည့်   တိုင်းရင်းသားလူမျိုးစုတိုင်း၌   တာဝန် ရှိသည်ကိုလည်း   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထောက်ပြသွားပါ သည်။

နှစ်ပေါင်းများစွာ လက်နက်ကိုင်ရာမှ  ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်သို့ လျှောက်လှမ်းရခြင်းသည် စေတနာမှန်ကန်ရုံသာမက သတ္တိနှင့် စိတ်ဓာတ်ခိုင်မာမှုလိုအပ်သည့်အတွက် ဤကဲ့သို့ စွမ်းဆောင်နိုင်ခဲ့သည့် ကရင်အမျိုးသား   ခေါင်းဆောင်ကြီးများနှင့်အတူ တိုင်းရင်းသားခေါင်း ဆောင်ကြီးများအား  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးဇူးတင် စကားပြောခဲ့ခြင်းသည်     ပြည်ထောင်စုစိတ်ဓာတ်ကို ထပ်မံအားသစ် လောင်း ပုံဖော်လိုက်ခြင်းပင်  ဖြစ်ပါသည်။ ထမင်းလက်ဆုံစား   မိတ်ဆွေဖွဲ့ ခြင်း၏  အရေးပါပုံကို   အသိအမှတ်ပြုလျက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ညီညီ ညွတ်ညွတ် ကျင်းပနိုင်ရေးအတွက် ဆုတောင်းမေတ္တာပို့သခဲ့ခြင်းသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် မေတ္တာပို့သ ခဲ့ခြင်းဖြစ်ပါကြောင်း လေးစားစွာ  တင်ပြအပ်ပါသည်။     ။

No comments:

Post a Comment