Friday, August 31, 2018

လူ့အသိုင်းအဝိုင်းကို မှန်ကန်စွာအကျိုးပြု

Image may contain: text
ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသည် ဓနအင်အားနည်းပါးသည်။ ဓနအင်အား တောင့်တင်းပြီး ဖွံ့ဖြိုးသည့်နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းအားထုတ်ရာ၌ နိုင်ငံသူ နိုင်ငံသားများ၏ စိတ်ဓာတ်အင်အားကောင်းမွန်အောင် ဦးစွာ ပြုစုပျိုးထောင်အပ်သည်။ ကျယ်ပြန့်နက်ရှိုင်းသောကမ္ဘာကြီးဝယ် လူအများ အား ဖမ်းစားနိုင်သောအရာမှာ အနုပညာစွမ်းအား ဖြစ်သည်။ အနုပညာ စွမ်းအားမှ ဖန်တီးပေးသည်မှာ ခံစားမှုရသ ဖြစ်သည်။
သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ ရသစာပေစကားဝိုင်း ကျင်းပခဲ့သည်။ ထိုစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ''ရသစာပေဆိုတာက ကိုယ့်ရဲ့အခြေအနေကိုလည်း ကိုယ်နားလည် အောင်လုပ်ပေးနိုင်သလို တခြားအခြေအနေကိုလည်း နားလည်အောင် လုပ်ပေးနိုင်ရမယ်''ဟု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ''ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း ပိုပြီး နက်နက်နဲနဲ နားလည်ပေးနိုင်သလို တခြားကိုယ်နဲ့မတူတဲ့ လူ့အသိုင်းအဝိုင်းက အဖြစ် အပျက်တွေ၊ ခံစားချက်တွေကိုလည်း နားလည်အောင်လို့ ကူညီနိုင်တယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှုနဲ့ အတွေ့အကြုံတွေကို နီးကပ်တာကိုမှ ဖတ်မယ်ဆိုရင် သိပ်ကျဉ်းသွားမယ်''ဟု ရသစာပေဖန်တီးမှုနှင့် ခံစားမှုအကျိုးရလဒ်တို့ကို သိရှိမှတ်သားနိုင်ရန် ဆွေးနွေးခဲ့သည်။
အဆိုပါစကားဝိုင်းတွင် သုတစာပေကို လေ့လာဆည်းပူးသင်ယူနေကြ သော မျိုးဆက်သစ်လူငယ် လူရွယ်များ ရသစာပေကိုလည်း စိတ်ဝင်တစား လေ့လာလိုက်စား ခံစားကြသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိရသည်။ လူအများအား ဖမ်းစားနိုင်သောအရာမှာ ရသစာပေမှ ပေါ်ထွက်လာသည့် ခံစားမှုများဖြစ်ရာ ယင်းတို့ကို လူငယ် လူရွယ်များ မှန်မှန်ကန်ကန် သိရှိ နားလည်နိုင်ရန် လမ်းမှန်ညွှန်ပြပေးနိုင်ခြင်းသည် နိုင်ငံအတွက် ကောင်းမွန်သော လက္ခဏာတစ်ရပ် ဖြစ်သည်။
ခံစားမှုအတွေ့အကြုံမှတစ်ဆင့် စေတနာနှိုးဆော်မှုကို အဓိကထား ပြီး ဖန်တီးဖွဲ့ဆိုသည့် စာပေအား ရသစာပေဟု ခေါ်ဆိုကြသည်။ ရသ စာပေကို နှစ်မျိုးနှစ်စား ခွဲခြားထားသေးသည်။ တစ်မျိုးမှာ လောက အကြောင်း၊ လူ့အကြောင်း အကောင်း၊ အဆိုး၊ အကျိုး၊ အပြစ်၊ အမှား၊ အမှန် တို့နှင့်ပတ်သက်ပြီး ပရိသတ်အများ၏ စိတ်တွင် ခံစားမှုအတွေ့အကြုံ မှတစ်ဆင့် ဘဝအသိနှင့်အတူ စေတနာတစ်ခုခု ဖြစ်ပေါ်လာအောင် ပြုပြင်ပေးနိုင်သည့် ဘဝအသိပေးစာပေဖြစ်သည်။ တစ်မျိုးမှာ စိတ်ကူးယဉ် အပျော်ဖတ်စာပေဖြစ်သည်။
ရသစာပေသည် စိတ်ကူးဖြင့် ဖန်တီးဖွဲ့ဆိုသော စကားပြေနှင့် ရေးသားထားသည့် စာပေများ၊ ကာရန်များကိုအသုံးပြုကာ လှပတင့်တယ် သာယာနာပျော်ဖွယ်ရှိအောင် ဖွဲ့စည်းထားသော ပျို့၊ ကဗျာ၊ လင်္ကာများ စသည်တို့လည်း ပါဝင်သည်။ ယင်းစာတို့သည် အလင်္ကာနည်းဖြင့် ညီညွတ်ပါက စာဖတ်သူတို့အဖို့ စာတို့၏ အနက်သဘောကို ဆင်ခြင် အောက်မေ့ရာမှ နှစ်သက်အပ်သော သဘောမျိုးကို ဖြစ်စေသည်။ စာဖတ်သူတို့အား စေတနာတစ်ရပ်ရပ်ကို ပေါ်ထွန်းစေသည်။ ယင်းစာတို့ ကို ဖတ်ရှုခံစားရခြင်းကြောင့် စာဖတ်သူတို့၏ အတွင်းစိတ်ဓာတ်ကို ဂယက်ရိုက်ခတ်စေပြီး ပြုံးရွှင်ခြင်း၊ ရယ်မောခြင်း၊ ချစ်ကြိုက်ခြင်း၊ သနား ကြင်နာခြင်း၊ လွမ်းဆွတ်ခြင်း၊ ကြေကွဲခြင်း၊ တက်ကြွခြင်း စသည့် အကျိုး တရားများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ရသစာပေ၏တန်ဖိုးမှာ ကြီးမားကျယ်ပြန့်လှသည်။
သို့ဖြစ်ရာ မျက်မှောက်ကာလသည် လူအများ၏အာရုံကို အလွယ် တကူ ဖမ်းစားနိုင်သောကာလဖြစ်သည်ကို ထိရောက်သော ခံစားတင်ဆက် နိုင်မှုများက သက်သေပြလျက်ရှိသည်။ ထိုတင်ဆက်နိုင်မှုများသည် ရသမြောက်သော စာပေအနုပညာ တင်ဆက်မှုများသာဖြစ်၍ ရသစာပေ ကို သေချာကျနလေ့လာလိုက်စားခြင်းဖြင့် အကြောင်း၊ အကျိုး၊ အကောင်း၊ အဆိုးတို့ကို ခွဲခြားရှုမြင်နိုင်ကာ လူ့အသိုင်းအဝိုင်းကို မှန်ကန်စွာ အကျိုးပြု စေလိုပါကြောင်း။ ။

No comments:

Post a Comment