Friday, August 31, 2018

အပူပိုင်းဆေးပညာကွန်ရက်၏အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး ကျင်းပ

Image may contain: 9 people, people smiling, people standing
နေပြည်တော် သြဂုတ် ၃ဝ
(၅၇)ကြိမ်မြောက် အရှေ့တောင် အာရှ ပညာရေးဝန်ကြီးများအသင်း အပူပိုင်း ဆေးပညာကွန်ရက်၏ အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် ရှိ Parkroyal Hotel ပိတောက်ခန်းမ ၌ ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း တက်ရောက်ဖတ်ကြား သည်။
အဆိုပါ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအသင်း အပူ ပိုင်းဆေးပညာကွန်ရက်သည် အရှေ့ တောင်အာရှဒေသတွင်း နိုင်ငံများ၏ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုဌာနသုံးခုကို အခြေပြု ကာ ဒေသတွင်းလူငယ်ပညာရှင်များ အပူပိုင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေသော ပညာရပ်ဆိုင်ရာ ကွန်ရက်ဖြစ်သည်။ အဆိုပါ ကွန်ရက်၏အုပ်ချုပ်မှု ဘုတ်အဖွဲ့ အစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့်ကျ ကျင်းပလျက်ရှိရာ (၅၇) ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံ နေပြည်တော်တွင် လက်ခံကျင်းပခြင်း ဖြစ်ပြီး အဆိုပါအစည်းအဝေး၏ ဥက္ကဋ္ဌအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်တွင်း၊ ပြည်ပ ဆက်သွယ်ရေးနှင့် သတင်း ပြန်ကြားရေးဌာနခွဲမှ လက်ထောက် အတွင်းဝန် ဒေါက်တာကျော်ခိုင်က ဆောင်ရွက်၍ ဒေသတွင်းနိုင်ငံများမှ အုပ်ချုပ်မှုဘုတ်အဖွဲ့ဝင်များ၊ နှီးနွှယ် အဖွဲ့အစည်းများနှင့် အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစည်းအဝေးသို့ ကာကွယ်ရေး ဝန်ကြီးဌာန ဆေးသုတေသန ညွှန်ကြားရေးမှူးရုံးမှ ဗိုလ်မှူးချုပ် တင်မောင်လှိုင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ဒေသတွင်းနိုင်ငံများမှ အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင်များနှင့် နှီးနွှယ်အဖွဲ့အစည်းများမှ တာဝန်ရှိသူ များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ပြီး အစည်း အဝေးကို နှစ်ရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းကြည်

No comments:

Post a Comment