Tuesday, July 3, 2018

မကွေးတိုင်းဒေသကြီးအတွင်းရှိ သာကြီးတောင်/စပယ်ရေနံမြေ၊ ကျွန်းချောင်းဓာတ်အားပေးစက်ရုံနှင့် ဓာတ်မြေသြဇာစက်ရုံတို့အား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကြည့်ရှုစစ်ဆေး

Image may contain: 8 people, people standing
နေပြည်တော် ဇူလိုင် ၂
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဇူလိုင် ၁ ရက် နံနက်ပိုင်းက မကွေး တိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း သာကြီးတောင်/စပယ်ရေနံ မြေသို့ရောက်ရှိ စစ်ဆေးသည်။
ရှေးဦးစွာ ရေနံမြေရှင်းလင်းဆောင် ၌ တာဝန်ရှိသူများက ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးရေး အတွက် ဆောင်ရွက်နေမှု၊ ရေနံရှာဖွေ ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လူမှုရေးတာဝန်သိမှု (CSR)လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြကြရာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရန်နှင့် ရေနံများ တိုးမြှင့် ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။
သာကြီးတောင်/စပယ်ရေနံမြေ သည် မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့နယ်အတွင်း တည်ရှိပြီး ယခုအခါ ရေနံတွင်းပေါင်း ၂ဝ မှ တစ်နေ့လျှင် ရေနံစိမ်းစည် ၁၁၉ စည်နှင့် သဘာဝ ဓာတ်ငွေ့ ၂ ဒသမ ၄၉၈ ကုဗပေသန်း ထုတ်လုပ်ပေးလျက်ရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ စဉ်ဆက်မပြတ် တိုးတက်ထုတ်လုပ်နိုင်ရန် လုပ်ငန်း စီမံချက်များ စနစ်တကျရေးဆွဲ၍ ကြိုးစားရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ (ကျွန်းချောင်း)သို့ ရောက်ရှိပြီး ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင် စက်ခန်းများအတွင်း ဓာတ်အားပေး စက်များ မောင်းနှင်၍ နိုင်ငံတော် ဓာတ်အားစနစ်သို့ ချိတ်ဆက်ပြီး ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေနှင့် Switchyard အတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျွန်းချောင်းသဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသည် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် တွင်တည်ရှိပြီး နိုင်ငံတော်၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် အရာတော်၊ ကျောက်ခွက်၊ လက်ပံတို၊ သာကြီးတောင်ရေနံမြေ များမှထွက်ရှိသော သဘာဝဓာတ်ငွေ့ ကိုအသုံးပြု၍ နိုင်ငံတော်ပိုင် စက်ရုံ အလုပ်ရုံများ၊ မကွေးတိုင်းဒေသကြီး အတွင်း ဧရာဝတီမြစ် အနောက်ဘက် ခြမ်းရှိ မြို့ကြီးများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၉၇၂ ခုနှစ်တွင် စတင်တည်ဆောက်၍ ၁၉၇၄ ခုနှစ်တွင် ပြီးစီးခဲ့ပြီး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေး လျက်ရှိသည်။
ဓာတ်အားပေးစက်များမှာ အင်္ဂလန် နိုင်ငံJOHN BROWNကုမ္ပဏီ ထုတ်Frame-5 Gas Turbine အမျိုး အစားဖြစ်ပြီး စက်တစ်လုံးလျှင် ၁၈ ဒသမ ၁ မဂ္ဂါဝပ် ထွက်ရှိသော ဓာတ်အားပေးစက် သုံးလုံးဖြင့် စုစုပေါင်း စက်တပ်ဆင် အင်အား ၅၄ ဒသမ ၃ မဂ္ဂါဝပ်ဖြစ်ပြီး မြန်မာ နိုင်ငံတွင် သဘာဝဓာတ်ငွေ့ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ပေးရန် ပထမဆုံးတည်ဆောက်ခဲ့သော ဓာတ်အားပေးစက်ရုံဖြစ်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်း၊ ဓာတ်မြေသြဇာစက်ရုံ(ကျွန်း ချောင်း)သို့ရောက်ရှိပြီး စက်ရုံအစည်း အဝေးခန်းမ၌ စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံကာ နိုင်ငံတော်ပိုင် စက်ရုံပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိအောင် စနစ်တကျ ထိန်းသိမ်းထားရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ မှာကြားပြီး စက်ရုံအတွင်းရှိ Control Room ၊ Amonia Plant နှင့် Urea Plant တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment