Sunday, July 1, 2018

နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်ရန် အီရန်နှင့် ပါကစ္စတန် သဘောတူ

Image may contain: 2 people, people standing and outdoor
တီဟီရန် ဇွန် ၃ဝ
နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အီရန်နှင့် ပါကစ္စတန် နိုင်ငံတို့မှ အထက်တန်းစစ်ဘက်တပ်မှူးများက ဇွန် ၂၉ ရက်တွင် သဘောတူညီခဲ့ကြကြောင်း အီရန်အစိုးရသတင်းဌာန အိုင်အာရ်အင်န်အေက သတင်းဖော်ပြသည်။
ပါကစ္စတန်ကြည်းတပ်ဦးစီးချုပ် ဘီလယ်အက်ဘာနှင့် အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့မှ ကြည်းတပ်အကြီးအကဲ မိုဟာမက်ပက်ပူဇာတို့ ဇွန် ၂၉ ရက်က အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
အီရန်နှင့် ပါကစ္စတန် အထက်တန်းတပ်မှူးများ အစည်းအဝေးမှ နှစ်နိုင်ငံ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသအတွင်း၌ အကြမ်းဖက် သမားများအား တိုက်ခိုက်ရေးအတွက် အရေးပါသော ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက် အလက်များ အပြန်အလှန် မျှဝေပေးရန်တို့ကို အလေးပေးဆွေးနွေးခဲ့ကြသည်။
ဇွန် ၂၆ ရက်က အီရန်နှင့် ပါကစ္စတန်နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အီရန် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဇွန် ၂၈ ရက်တွင် အီရန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး အဆစ်အလီခန်ဒူရာနီအား အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့သည်။
လက်နက်ကိုင်ပါကစ္စတန်လူမျိုး ဓားပြများ၏တိုက်ခိုက်မှုကြောင့် အီရန်စစ်ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး မီရာဂျာဗက်မြို့မှ စစ်ရဲတပ်ဖွဲ့ဝင်ရှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မီရာဂျာဗက် မြို့သည် အီရန်နိုင်ငံ စစ္စတန်နှင့် ဘလူချီစတန်ပြည်နယ်မှ မြို့တစ်မြို့ဖြစ်ပြီး ပါကစ္စတန်နှင့် အီရန်နှစ်နိုင်ငံနယ်စပ်ကို အဓိကဖြတ်သန်းရာလမ်းတွင် တည်ရှိသည်။
ဆင်ဟွာ

No comments:

Post a Comment