Tuesday, July 3, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်း(၂ဝ၁၉- ၂ဝ၂၂)နှင့်စပ်လျဉ်း၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

Image may contain: one or more people and crowd
ရန်ကုန် ဇူလိုင် ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ မဟာဗျူဟာစီမံကိန်း (၂ဝ၁၉- ၂ဝ၂၂) နှင့်စပ်လျဉ်း၍ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သုံးသပ် ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊International Foundation for Electoral Systems(IFES) မှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်း ၅၇ ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ကျင်းပသည့် ဆွေးနွေးပွဲကို လူမှုအဖွဲ့အစည်းများ အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂ဝ၁၉-၂ဝ၂၂)အပေါ် အကြံပြု ဆွေးနွေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် ၂ဝ၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအတွက် (၂ဝ၁၃-၂ဝ၁၈)မဟာဗျူဟာစီမံကိန်းကိုရေးဆွဲ၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ယခု (၂ဝ၁၉ - ၂ဝ၂၂) မဟာဗျူဟာစီမံကိန်းကို ရေးဆွဲထားရှိကြောင်း၊ ၎င်းစီမံကိန်းတွင် အခန်း(၁၁) ခန်းပါဝင်ပြီး ယခင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများနှင့် ယနေ့ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်အလိုက် အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနှင့် အခက်အခဲများအပေါ် သုံးသပ်၍ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်တရားမျှတမှုတို့အပေါ်အခြေခံ၍ ရေးဆွဲထားပါကြောင်း၊ အဆိုပါစီမံကိန်းတွင် ကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ပါဝင်သက်ဆိုင်သူအားလုံးတို့ ၏ ဆောင်ရွက်ရန်တို့ကို အခန်းကဏ္ဍအလိုက် ထည့်သွင်းရေးဆွဲထားကြောင်း၊ ထို့အပြင် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း မိမိကျရာအခန်းကဏ္ဍမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ လူမှုအဖွဲ့အစည်းများသည် မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်ဆက်ဆံခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှုမြှင့်တင် ခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း စသည့်လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များအပေါ် လေ့လာ သုံးသပ်ဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း၊ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ များ အောင်မြင်ခဲ့ခြင်းမှာ လူမှုအဖွဲ့အစည်းများ၏ စိတ်ရောကိုယ်ပါ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရှင်သန်မှု၊ နိုင်ငံတော်၏ ရေရှည်အကျိုးကို ကြည့်ရှု၍ လူမှုအဖွဲ့ အစည်းများအနေဖြင့် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် IFESမှ Country Director Mr. Paul Guerin OBE က သုံးသပ်ဆွေးနွေးပွဲအစီအစဉ်များကို ရှင်းလင်းပြောကြားပြီး မဟာဗျူဟာ စီမံကိန်းပါ အခန်းအလိုက် တက်ရောက်လာသော လူမှုအဖွဲ့အစည်းများက အဖွဲ့ခြောက်ဖွဲ့ခွဲ၍ ဆွေးနွေးအကြံပြုတင်ပြကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဟာဗျူဟာစီမံကိန်းနှင့် စပ်လျဉ်း ၍ နိုင်ငံရေးပါတီများနှင့် သုံးသပ်ဆွေးနွေးပွဲကို ဇူလိုင် ၃ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment