Friday, June 1, 2018

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားကျင်းပ

Image may contain: 6 people, people standing and indoor
နေပြည်တော် မေ ၃၁
ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ (၂ဝ၁၈)အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မေ ၃၁ ရက်ကို ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှစ၍ ကမ္ဘာတစ်လွှား၌ နှစ်စဉ် ကျင်းပလျက်ရှိကြောင်း၊ ယခုနှစ်ကို နှလုံးသွေးကြောရောဂါ ကင်းဝေးဖို့ ဆေးလိပ်၊ ဆေးရွက်ကြီးရှောင်ကြဉ်စို့ (Tobacco Breaks Hearts; Choose health, not tobacco) ဆောင်ပုဒ်ဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုအန္တရာယ်ကို လူအများပိုမိုသိရှိ နားလည် သတိပြုလာရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း။
ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်းသည် နှလုံးနှင့် သွေးကြောရောဂါများသာမက အဆုတ်ကင်ဆာ၊ ပါးစပ်ကင်ဆာအပါအဝင် ကင်ဆာရောဂါ ၁၆ မျိုးခန့်၊ ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း၊ နာတာရှည် အဆုတ်ရောဂါ၊ ခြေလက်များပုပ်ခြင်း၊ အမျိုးသားများတွင် ပန်းသေ၊ ပန်းညှိုးဖြစ်ခြင်း စသည့် မကူးစက်တတ်သော ရောဂါ အမျိုးမျိုးကိုဖြစ်စေကြောင်း။
မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး လုပ်ငန်းကို ဆောင်ရွက်နေသည်မှာ နှစ်များစွာကြာမြင့် နေပြီဖြစ်သော်လည်း ဆေးလိပ်သောက်သုံးသူ ပိုများ လာခြင်း၊ ဆေးလိပ်သောက်သုံးခြင်းနှင့် ဆက်စပ်နေသော မကူးစက်တတ်သောရောဂါများ ပိုမိုများပြားလာသည်ကို တွေ့နေရ၍ ဘာကြောင့် ဤသို့ဖြစ်ရသည်ကို ပြန်လည် သုံးသပ်လျက်ရှိပါကြောင်း။
မိမိကိုယ်တိုင် ဆေးလိပ်သောက်သုံးမှုမရှိသော်လည်း ပတ်ဝန်းကျင်ရှိ အခြားသူများ၏ သောက်သုံးမှုကြောင့် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်း (secondhand smoke) သည် မိမိ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည် သာမက ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေသည် ၃ဝ ရာခိုင်နှုန်း ခန့် ပိုမိုများပြားသည်ကို သိနားလည်ရန် အရေးကြီးပါ ကြောင်း၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သူတစ်ပါး၏ ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းကြောင့် မွေးချိန် မတိုင်မီ စော၍မွေးဖွားခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးများမွေးဖွားခြင်း၊ ဥာဏ်ရည်မမီသော ကလေး များမွေးဖွားခြင်း၊ ကလေးငယ်ရုတ်တရက်သေဆုံးခြင်းများ ဖြစ်နိုင်သည်ကို အထူးဂရုပြုရန်လိုအပ်ပါကြောင်း။
ဆေးလိပ်ရောင်းသူများ၊ ထုတ်လုပ်သူများအနေဖြင့် မိမိတို့သည် ပြည်သူလူထု၏ ကျန်းမာရေးကို အန္တရာယ်ရှိစေ သည့်ပစ္စည်းများအား ရောင်းနေသူများ၊ ထုတ်လုပ်နေသူများ ဖြစ်သည်ကို သိရှိရန်လိုအပ်ကြောင်း။
ဆေးလိပ်ကြောင့် ပြည်သူ့ကျန်းမာရေးအဆင့်အတန်း နှင့် ကျန်းမာရေးကဏ္ဍတစ်ခုလုံးအပေါ် သက်ရောက်မှုက အလွန်ဆိုးရွားကြီးမားသည့်အတွက် ''ဆေးလိပ်ဆိုသော အရာ''၊ ''ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း''သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ များ၏ အဓိကရန်သူကြီးဖြစ်သည်ကို ပြောကြားလိုကြောင်း မှာကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ ရုံး ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကိုဖတ်ကြားပြီး ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယို ကို ပြသကာ ဆေးလိပ်ငွေ့ကင်းစင် တက္ကသိုလ်တစ်ခွင် လုပ်ငန်းအတိုးတက်ဆုံး ဆောင်ရွက်နိုင်ဆုံးသောတက္ကသိုလ် များအား ဆုများချီးမြှင့်သည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များသည် ''ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့(၂ဝ၁၈)'' အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။
သတင်းစဉ်

No comments:

Post a Comment