Friday, June 1, 2018

ပြည်သူ့အတွက် ဒုတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Image may contain: 1 person, sitting
နေပြည်တော် မေ ၃၁
ပြည်သူ့အတွက် ဒုတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ ထုတ်ပြန်ပြီး နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်ပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများသတ်မှတ်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အထောက် အကူပြုခြင်းစသည့်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
၇၅၁ ဦး ရွေးချယ်ပေးခဲ့
နိုင်ငံတော်အစိုးရ ဒုတိယ (၁)နှစ်တာကာလအတွင်း ဝန်ကြီးဌာန/အဖွဲ့အစည်း(၂ဝ)မှ အရာထမ်း လစ်လပ် ရာထူး ၈၆၈ နေရာအတွက် ရေးဖြေစာမေးပွဲသို့ ၆၄၂၄ ဦး လာရောက်ဖြေဆိုကာ ၉၈၄ ဦးတို့ကို စိတ်အခြေအနေ နှင့် လူတွေ့စစ်ဆေးခြင်းခံယူရန်ခေါ်ယူ၍ ၇၅၁ ဦးတို့ကို ရွေးချယ်ပေးခဲ့ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက် ဆရာဝန်/သွားဘက်ဆိုင်ရာဆရာဝန် လစ်လပ်ရာထူး ၂ဝ၂၂ နေရာအတွက် ရေးဖြေစစ်ဆေးခြင်းမပြုဘဲ လျှောက်ထားသူ ၁၃၆၁ ဦးအနက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းခံယူရန် လာရောက်သူ ၁၁၈ဝ တို့ ကို တိုက်ရိုက်လူတွေ့စစ်ဆေး၍ ၁၁၈ဝ ရွေးချယ်ပေး ခဲ့ပါကြောင်း။
ပြန်တမ်းဝင်အရာရှိရာထူးများအတွက် ကြော်ငြာစာ ငါးခုမှ လစ်လပ်ရာထူးနေရာ ၃၂၁ဝ အတွက် ဝန်ထမ်း လောင်း ၂၆၆၄ ဦးနှင့် အကူအညီတောင်းခံလာသော ပြင်ပဌာနအဖွဲ့အစည်းလေးခုရှိ ဝန်ထမ်း ၂၁၆၈ ဦးတို့ကို လည်း စိတ်အခြေအနေကူညီစစ်ဆေးပေးခဲ့ကြောင်း။
ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်း အကယ်ဒမီတစ်ခုစီကို ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း။
ဘွဲ့လွန်ဒီပလိုမာများ
CSA များတွင် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်လှစ်ခြင်း ဆောင်ရွက်ရာတွင် Public Private Partnership (PPP) အကောင်အထည်ဖော်မှုအနေဖြင့် သင်တန်းအမှတ်စဉ် (၁)မှ (၃) အထိ ပုဂ္ဂလိကဝန်ထမ်း များ အပါအဝင် သင်တန်းသားစုစုပေါင်း ၇၆၄ ဦးအား ဘွဲ့လွန်ဒီပလိုမာများ ပေးအပ်နိုင်ခဲ့ပါကြောင်း။
၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂ဝ၁၈ ခုနှစ် မတ် ၃၁ ရက်အထိ (၂)နှစ်တာကာလအတွင်း ဗဟိုဝန်ထမ်း တက္ကသိုလ်များတွင် လေ့ကျင့်ပေးနိုင်ခဲ့သည့် သင်တန်း ၁၃ ခုတွင် သင်တန်းသားဦးရေ ၁၇၆၄၇ ဦး၊ ၂ဝ၁၇ ခုနှစ် ဧပြီမှ ၂ဝ၁၈ ခုနှစ် မတ်အထိ သင်တန်း ၁ဝ ခုတွင် ဦးရေ ၇၃၁၃ ဦး ရှိပါကြောင်း။
ဒုတိယ(၁)နှစ်တာကာလအတွင်း ဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ ဒုတိယညွှန်ကြားရေးမှူးအဆင့်မှ ညွှန်ကြားရေးမှူးအဆင့်သို့ တန်းစီဇယားအတိုင်း ရာထူး တိုးမြှင့်ပေးသည့် ဦးရေ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၃ဝ စုစုပေါင်း ၉၈ ဦး၊ ညွှန်ကြားရေးမှူးအဆင့်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်အဆင့်သို့ တန်းစီဇယားအတိုင်း ရာထူးတိုးမြှင့်ပေးသည့်ဦးရေ အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ရှစ်ဦး စုစုပေါင်း ၃၅ ဦး ရှိပါကြောင်း။
ရာထူးတိုးမြှင့်ပေး
ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ အမှုထမ်းများ အား ပြန်တမ်းဝင်အရာရှိ ရာထူးတိုးမြှင့်ခြင်းဆိုင်ရာ စိစစ်ထောက်ခံမှုအခြေအနေတွင် ဌာနတွင်းဝန်ထမ်းများ လုပ်သက်ပြည့် ရာထူးတိုးမြှင့်ပေးသူဦးရေ ၇၈၅၆ ဦး၊ ဌာနတွင်းဝန်ထမ်းများ လုပ်သက်လျှော့ အထူးကိစ္စဖြင့် ရာထူးတိုးမြှင့်ပေးသူဦးရေ ၈၂ ဦး၊ ပညာအရည်အချင်းကို လျှော့ပေါ့၍ ရာထူးတိုးမြှင့်ပေးသူဦးရေ ၁၃ ဦး ရှိပါ ကြောင်း။
ဒုတိယ(၁)နှစ်တာကာလအတွင်း နိုင်ငံ့ဝန်ထမ်း အရာထမ်းများ ဌာနပြောင်းရွှေ့တာဝန်ထမ်းဆောင်နိုင် ရန်အတွက် ဝန်ကြီးဌာန/အဖွဲ့အစည်းတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ အရာထမ်းဦးရေ ၄၅၇ ဦး၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ အရပ်ဘက်ဝန်ကြီးဌာန/အဖွဲ့အစည်းသို့ ပြောင်းရွှေ့အရာထမ်းဦးရေ ကိုးဦး၊ အရပ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းက ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်တမ်းဝင် အရာရှိများ တောင်းခံသည့် အရာထမ်းဦးရေ ၅၇ ဦး စုစုပေါင်း ၅၂၃ ဦး ဖြစ်ပါကြောင်း။
ဖြည့်စွက်ခန့်ထားနိုင်ရေး
နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ အတွက် လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများအား နည်းဥပဒေ (၂၉)ခုနှင့် ပုံစံ(၄)ခုတို့ ပြင်ဆင်ဖြည့်စွက်၍ ၂ဝ၁၇ ခုနှစ် ဇွန် ၉ ရက်တွင် အမိန့်ကြော်ငြာစာ (၃၅/ ၂ဝ၁၇) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းခြင်း၊ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများအား နိုင်ငံတော်နှင့် အများပြည်သူ အကျိုးငှာ ဆက်လက်တာဝန်ပေးအပ်ရန် လိုအပ်ပါက အသက်(၆ဝ) နှစ်ပြည့်ပြီး တစ်ဆက်တည်း တစ်နှစ်ထက် မပိုသော ကာလအတွက် ဆက်လက်တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရေး အထောက်အကူပြုခြင်း၊ ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက် တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမယူမီ ကြိုတင်ပြင်ဆင်ခွင့် ခံစားကာလအတွင်း အခြားဝန်ထမ်းတစ်ဦးအား ဖြည့်စွက် ခန့်ထားနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ကို ဒုတိယအကြိမ် ပြင်ဆင်သည့်နည်းဥပဒေများအား ထုတ်ပြန်ပြဋ္ဌာန်းခြင်း။
အထောက်အကူပြု
ပြည်သူ့ဝန်ထမ်း၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဖြည့်စွက် ၍ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေအား ထုတ်ပြန်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ခြင်း၊ နိုင်ငံ့ဝန်ထမ်းများ ရာထူးတိုးမြှင့်ခန့်ထားရာ၌ အနည်းဆုံး လိုအပ်သည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည် အချင်းQ-Sheet သတ်မှတ်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားချက်ထုတ်ပြန်နိုင်ရန် အထောက်အကူပြုခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဦးစားပေးဆောင်ရွက်
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ က နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပိုမို ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတကာမျက်နှာစာတွင် ပိုမို တက်ြ<ွကစွာပါဝင်ရေး၊ မြန်မာနိုင်ငံသားများနှင့် မြန်မာ နိုင်ငံသားဟောင်းများ၏ အကျိုးစီးပွားကာကွယ်စောင့် ရှောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
အစိုးရ၏ ပထမ(၁)နှစ်တာကာလအတွင်း သိသာထင်ရှား သည့် တိုးတက်အောင်မြင်မှုများ ရရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၇ ရက်တို့တွင် ရခိုင်ပြည်နယ်အတွင်း ARSA အကြမ်း ဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ နောက်ပိုင်း နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများနှင့် ဖိအားပေးမှုများ ပိုမိုများပြားလာခဲ့ပါကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ဖိအားပေးမှုများ၊ စိန်ခေါ်မှုများကို တုံ့ပြန် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး တစ်ဖက်မှလည်း နိုင်ငံခြားရေး မူဝါဒနှင့်အညီ နိုင်ငံတကာနှင့် ဆက်ဆံရေးကို ပိုမို တိုးတက်ကောင်းမွန်စေရန် အထူးအလေးထားဆောင်ရွက် လျက်ရှိပါကြောင်း။
ဆောင်ရွက်ပေးနိုင်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်နိုင်ရန် တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော် အကြီးအကဲများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အဆင်ပြေချောမွေ့စေရေး အတွက် သံတမန်လမ်းကြောင်းမှတစ်ဆင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အလားတူ ပြည်ပ မှ နိုင်ငံတော်အကြီးအကဲများ၊ အဆင့်မြင့်အရာရှိကြီးများ ၏ ခရီးစဉ်များ အဆင်ပြေချောမွေ့စေရန်လည်း စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
အဆိုပါ ချစ်ကြည်ရေးခရီးစဉ်များတွင် နှစ်နိုင်ငံ အကြီးအကဲများအကြား ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှု၊ အပြန် အလှန်နားလည်မှု တိုးမြှင့်တည်ဆောက်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အသိပေးပြောကြားနိုင်ခဲ့ပါကြောင်း။
ညှိနှိုင်းဆောင်ရွက်
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၊ ဘင်းမ်စတက်၊ မဟာ မဲခေါင်ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (ဂျီအမ် အက်စ်)၊ ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေး ဆောင်ရွက်မှုမဟာဗျူဟာ၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်၊ မဲခေါင်-ဂျပန်၊ မဲခေါင်- ကိုရီးယား၊ မဲခေါင်မြစ်အောက်ပိုင်းနိုင်ငံများ ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် (အယ်လ်အမ်အိုင်) အစရှိသည့် ဒေသတွင်းအဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန တို့အနေဖြင့် ဦးဆောင်ဝန်ကြီးဌာနများအဖြစ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
မြှင့်တင်ဆောင်ရွက်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အာဆီယံအဖွဲ့၏ အမျိုးသားအတွင်းရေးမှူးရုံးအဖြစ် ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ဆက်သွယ်ရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် သံတမန်ဆက်သွယ်မှု များကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ပိုမိုထိတွေ့ ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာသံရုံး/အဖွဲ့ရုံး/မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးများကို ပြည်ပနိုင်ငံများတွင် ဖွင့်လှစ် ထားရှိပြီး သံတမန်ဆက်ဆံရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း။
သံတမန်ဆက်သွယ်မှု
လက်ရှိအားဖြင့် မြန်မာသံရုံး ၃၅ ရုံး၊ မြန်မာအဖွဲ့ရုံး ငါးရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး ခြောက်ရုံး၊ စုစုပေါင်း ၄၆ ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံး ၁၃ ရုံးကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါ ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဒုတိယ(၁)နှစ်တာကာလ အတွင်း မော်လတာ၊ အီကွေဒေါ၊ မာရှယ်ကျွန်းစု၊ လိုက် ဘေးရီးယား၊ ဂီနီ၊ ဆေးရှဲလ်နှင့် ဗာတီကန်မြို့ပြနိုင်ငံတို့ဖြင့် သံတမန်ဆက်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံအနက် မြန်မာနိုင်ငံအနေဖြင့် ၁၂၁ နိုင်ငံနှင့် သံတမန်အဆက်အသွယ် ထူထောင်ထား ရှိပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရှေ့အာရှ နှင့် ပစိဖိတ်ဒေသရှိ ၁ဝ နိုင်ငံ၊ ဥရောပဒေသရှိ ၄၆ နိုင်ငံ၊ အရှေ့တောင်အာရှဒေသရှိ ၁ဝ နိုင်ငံ၊ အရှေ့အလယ်ပိုင်း နှင့် အာဖရိကဒေသရှိ ၂၆ နိုင်ငံ၊ အမေရိကဒေသရှိ ၁၄ နိုင်ငံ၊ တောင်နှင့် အနောက်အာရှဒေသရှိ ရှစ်နိုင်ငံ စုစုပေါင်း ၁၁၄ နိုင်ငံနှင့် ၂ဝ၁၇ ခုနှစ်အတွင်း သံတမန် ဆက်ဆံရေးဆောင်ရွက်ခဲ့သည့် နိုင်ငံ ခုနစ်နိုင်ငံ စုစုပေါင်း ၁၂၁ နိုင်ငံဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ တွင်ပါရှိသည့် အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်းDr. Surakiart Sathirathai ဦးဆောင်သည့် အကြံပေးဘုတ်အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ဖြေလျှော့မှုများပြုလုပ်ပေး
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ''ပြည်သူကို ဗဟိုပြု သည့်သံတမန်နည်းလမ်း''ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်ပရောက် မြန်မာနိုင်ငံသား များနှင့် မြန်မာနိုင်ငံသားဟောင်းများ၏ အကျိုးကို အလေးထားကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားဟောင်းများက မြန်မာ နိုင်ငံသား ပြန်လည်လျှောက်ထားလာမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေသကဲ့သို့ လူမှုရေးဗီဇာဖြင့် ပြန်လာလိုသူများအတွက်လည်း ပိုမို အဆင်ပြေစေရန် ဖြေလျှော့မှုများ ပြုလုပ်ပေးခဲ့ပါကြောင်း။
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်ပတွင် သေဆုံးခြင်း၊
ထိခိုက်ဒဏ်ရာရခြင်းများရှိပါကလည်း လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အထူးသဖြင့် ထိခိုက်ဒဏ်ရာရရှိသည့် မြန်မာအလုပ်သမား များအတွက် လျော်ကြေးငွေရရှိရေး၊ လေယာဉ်စရိတ် အခက်အခဲကြောင့် မြန်မာနိုင်ငံသို့ မပြန်နိုင်ဘဲ ဒုက္ခ ရောက်နေသူများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းလျက် ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိပါကြောင်း။
အစည်းအဝေးများ
ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ် ခံရပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံသားများ၊ လူကုန်ကူးခြင်းခံရသည့် နိုင်ငံသားရေလုပ်သားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးနိုင်ခဲ့ပါကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကဘော်ချိုင့်ဝှမ်း နယ်နိမိတ်မှတ်တိုင် ကိုးတိုင်ကို အိန္ဒိယဘက်နှင့် ပူးတွဲကွင်းဆင်းစစ်ဆေးနိုင် ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ မကြာမီ နှစ်နိုင်ငံ မြေတိုင်းညွှန်ကြားရေးမှူးချုပ်အဆင့် အစည်းအဝေးနှင့် ပူးတွဲနယ်နိမိတ်တိုင်းတာရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး များ ကျင်းပသွားရန် ရှိပါကြောင်း။
ညှိနှိုင်းဆောင်ရွက်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နတ်မြစ် မြောက်ဘက် ကုန်းပိုင်းနယ်နိမိတ်စာချုပ် ၁၉၉၈ ကို အတည်ပြုသည့်စာချွန်လွှာနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နတ်မြစ်နယ်နိမိတ် ဖြည့်စွက်အခြေပြစာချုပ် ၂ဝဝ၇ တို့ကို နေပြည်တော်တွင် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုး လဲလှယ်နိုင်ရန် ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအကြား နယ်နိမိတ်ကို ၁၉၅၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်များအတွင်း Ba Ba Campaign နှင့် တိုင်းတာ သတ်မှတ်နိုင်ခဲ့ပြီး ပထမအကြိမ် ပူးတွဲကွင်းဆင်းစစ်ဆေးမှု ကို ၁၉၈၅-၁၉၈၆ ခုနှစ်ကလည်းကောင်း၊ ဒုတိယအကြိမ် ပူးတွဲကွင်းဆင်းစစ်ဆေးမှုကို ၁၉၉၃-၁၉၉၄ ခုနှစ်က လည်းကောင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ တရုတ်ဘက်မှ တတိယအကြိမ် ပူးတွဲကွင်းဆင်းစစ်ဆေး ရန် အဆိုပြုလာသည့်အတွက် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း။
တိုက်တွန်းဆောင်ရွက်
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအနေဖြင့် ဒုတိယ(၁) နှစ်တာကာလအတွင်း နိုင်ငံတကာမျက်နှာစာတွင် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပေးလျက်ရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုက်အဝန်းနှင့် ထိတွေ့ပြီး ဝေဖန်ပြစ်တင်ဆောင်ရွက်ခြင်းထက် မြန်မာ နိုင်ငံအစိုးရက ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ တွင် အပြုသဘော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ပြဿနာကို ပိုမိုဆိုးရွားလာစေနိုင်သည့် လုပ်ရပ်များကို ရှောင်ရှားပြီး ပြဿနာဖြေရှင်းရေးကို အပြုသဘော ပါဝင်ကြရန် တိုက်တွန်းဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနနှစ်ခုအနေဖြင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမျက်နှာစာတွင် လတ်တလော ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်၊ မြေပြင်တွင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများကို ပိုမို သိရှိနားလည်စေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းနှင့် သိမ်မွေ့နက်နဲသည့်ကိစ္စရပ်များကို မိတ်ဆွေ နိုင်ငံများ၊ နားလည်မှုရှိသည့် နိုင်ငံများ၏ ကူညီပံ့ပိုးမှုဖြင့် ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၂ဝဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနယ်ပယ်သုံးရပ်တွင် ပါဝင် ဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ပြောင်းလဲလာသည့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးဆီသို့ ဆောင်ပုဒ်နှင့်အတူ မဟာဗျူဟာစီမံကိန်း ၂ဝ၁၅-၂ဝ၁၉ ခုနှစ်ကို နိုင်ငံတော်အစိုးရ၏ တရားဥပဒေ စိုးမိုးရေးဆိုင်ရာမူဝါဒများ ပိုမိုခိုင်မာအားကောင်းလာစေ ရန်နှင့် ပြည်သူများက လေးစားရသည့် အဖွဲ့အစည်းတစ်ခု ဖြစ်စေရန်ရည်ရွယ်၍ ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဥပဒေစိစစ်ရေးဦးစီးဌာနသည် ပထမ(၁)နှစ်တာ ကာလထက် ဒုတိယ(၁)နှစ်တာကာလတွင် ဥပဒေကြမ်း စိစစ်ခြင်း၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြား ချက်စိစစ်ခြင်းနှင့် ဥပဒေဘာသာပြန်ဆိုခြင်းတို့ကို (၉၁)ကြိမ် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
စိစစ်ခဲ့သောဥပဒေများမှ ကောက်နုတ်ချက်အနေဖြင့် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဥပဒေ၊ အမုန်းစကားများကာကွယ်တားဆီးရေး ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ၊ သစ်တောဥပဒေနှင့် ပြည်ထောင်စု အခွန်အကောက်ဥပဒေတို့ ဖြစ်ပါကြောင်း။
ဥပဒေအကြံပေးရေးဦးစီးဌာန၏ ဆောင်ရွက်ချက် အနေဖြင့် ဥပဒေအကြံပေးလုပ်ငန်းတာဝန်များအပြင် မြန်မာနိုင်ငံက စာချုပ်ဝင်အဖြစ်ပါဝင်မည့် နှစ်နိုင်ငံ သဘောတူစာချုပ်များနှင့် ဒေသတွင်း သဘောတူစာချုပ် များမှာ ဥပဒေရေးရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ဆွေးနွေး ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ရပါကြောင်း၊ ထို့ပြင် စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းအမျိုးအစား ၁၄ မျိုးအနက် အများဆုံးစိစစ်ဆောင်ရွက်ရသော စာချုပ် စာတမ်းများမှာ နိုင်ငံတော်၏ သယံဇာတ တွင်းထွက် ပစ္စည်းများကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် လုပ်ငန်း သဘောတူ စာချုပ်များ၊ လမ်း၊ တံတား၊ ရုံး၊ အဆောက် အအုံများ ဆောက်လုပ်ရန်အတွက် လုပ်ငန်းအပ်နှံခြင်း စာချုပ်များ ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေအရ အရေးယူဆောင်ရွက်သည့်ကိစ္စ၊ မြေသိမ်းကိစ္စ၊ ပြည်သူ့ ဘဏ္ဍာ သိမ်းဆည်းသည့်အမိန့်အပေါ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ အယူခံဝင်ရောက်သည့် ကိစ္စများအား အထွေထွေဥပဒေအကြံပေးရပါကြောင်း၊ အပြည်ပြည် ဆိုင်ရာ၊ ဒေသဆိုင်ရာစာချုပ်စာတမ်းများ၊ နားလည်မှု စာချွန်လွှာများ၊ အစိုးရဌာနများနှင့် ပြည်တွင်းပြည်ပ ပုဂ္ဂလိကကုမ္ပဏီများက ချုပ်ဆိုသော စီးပွားရေးစာချုပ် စာတမ်းများနှင့် အထွေထွေဥပဒေအကြံပေးခြင်းတို့ကို ပထမ(၁)နှစ်တာကာလထက် ဒုတိယ(၁)နှ
စ်တာကာလ တွင် ၇၉၂ ကြိမ် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
စိစစ်ခဲ့သောစာချုပ်များမှ ကောက်နုတ်ချက်အနေဖြင့် မြန်မာ-အီးယူနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာ အကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၊ မြန်မာ-စင်ကာပူ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်၊ ဒေသတွင်း ဘက်စုံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ အာဆီယံ ဝန်ဆောင်မှု ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် အာဆီယံဒေသတွင်း တရားခံလွှဲပြောင်းရေးဆိုင်ရာ စံပြ သဘောတူစာချုပ်တို့ ဖြစ်ပါကြောင်း။
တရားစွဲနှင့် အမှုလိုက်လုပ်ငန်းတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်သည် ရာဇဝတ်အမှု များနှင့် နိုင်ငံတော်က တရားလို၊ တရားပြိုင်အဖြစ် ပါဝင် သော တရားမအမှုများတွင် နိုင်ငံတော်ဘက်က အမှု လိုက်ပါဆောင်ရွက်ခြင်း၊ ပြည်ထောင်စုတရားလွှတ်တော် ချုပ်တွင် စာချွန်တော်အမှုများ လိုက်ပါဆောင်ရွက်ခြင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတွင် ရုံးသဟာယအဖြစ် လိုက်ပါဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ရုံးသဟာယအဖြစ် လိုက်ပါဆောင်ရွက်ရပြီး ဥပဒေအရာရှိများ၏ အဓိကပင်မ လုပ်ငန်းဖြစ်သော တရားမစွဲမီ ဥပဒေအကြံပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ အမှုရုပ်သိမ်းခြင်း၊ ပိတ်သိမ်း ခြင်း၊ တရားမမှုများမှာ နိုင်ငံတော်ကိုယ်စား လိုက်ပါ ဆောင်ရွက်ခဲ့ရာ ပထမ(၁)နှစ်တာကာလထက် ဒုတိယ (၁)နှစ်တာကာလတွင် အမှုအရေအတွက် စုစုပေါင်း ၃၁၆၇ မှု ပိုမို၍ ဆောင်ရွက်ခဲ့ရပါကြောင်း။
အဂတိကင်းရှင်းရေး ဆောင်ရွက်ချက်များအနေဖြင့် လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်း၊ အပြန်အလှန် ကြီးကြပ် ထိန်းကျောင်းခြင်း၊ တိုင်ကြားရန် ဖုန်းနံပါတ်များ သတင်းစာ တွင် ဖော်ပြခြင်း၊ ဥပဒေရုံးများတွင် ကြော်ငြာစာကပ်ခြင်း နှင့် တိုင်ကြားစာများအပေါ်တွင် အရေးယူဆောင်ရွက်ခဲ့ပါ ကြောင်း၊ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ၏ တာဝန် ဆောင်ရွက်မှုများနှင့်စပ်လျဉ်းပြီး တိုင်ကြားစာများအပေါ် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးပြီး ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခဲ့ရာတွင် ပထမ (၁)နှစ်တာကာလထက် ဒုတိယ(၁)နှစ်တာကာလတွင် ပိုမိုထိရောက်သော ပြစ်ဒဏ်များဖြစ်သည့် ရာထူးအဆင့် လျှော့ချခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်းနှင့် ဝန်ထမ်း အဖြစ်မှ ထုတ်ပယ်ခြင်း စသည့် ပြစ်ဒဏ်များကို ချမှတ်ခဲ့ ပါကြောင်း။
ဥပဒေဘာသာပြန် ကော်မရှင်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ် ဦးဆောင်သည့် ဥပဒေဘာသာ ပြန်ကော်မရှင်အဖွဲ့သည် မြန်မာနိုင်ငံရှိအင်္ဂလိပ်ဘာသာ ဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေပေါင်း ၈၁ ခုကို မြန်မာ ဘာသာသို့ ပြန်ဆိုလျက်ရှိပါကြောင်း။
တရားလွှတ်တော် ရှေ့နေများကောင်စီသည် ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် ၁၁ ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ စိစစ်ခြင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်မှုနှင့်စပ်လျဉ်း၍ သဘောထား ပေးခြင်းတို့ကို ဆောင်ရွက်ပြီး တရားလွှတ်တော် ရှေ့နေ များကောင်စီသို့ ပေးဆောင်ရမည့်ဝင်ကြေးအား ခေတ် ကာလနှင့်လျော်ညီစွာ တိုးမြှင့်ကောက်ခံခဲ့ပါကြောင်း။
တရားဥပဒေစိုးမိုးရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်သည် တရားဥပဒေစိုးမိုးရေးအား ဦးစားပေးဆောင်ရွက်နေသည့် ကာလဖြစ်၍ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုအစိုးရက ဖွဲ့စည်းခွင့်ပြုခဲ့ပါကြောင်း၊ ဒုတိယ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆိုင်ရာအစည်းအဝေး သုံးကြိမ် ကျင်းပခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် လုပ်ငန်းအဖွဲ့ခွဲများ ဖွဲ့စည်းခြင်း၊ တရား ဥပဒေစိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးညီလာခံ ကျင်းပခြင်း၊ ညီလာခံရလဒ်များအပေါ် အခြေခံ၍ မဟာဗျူဟာ ရေးဆွဲခြင်းများကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း။
ဥပဒေအရာရှိများ လိုက်နာရမည့် ကျင့်ဝတ်များ နှင့်ပတ်သက်၍ UNDPအကူအညီဖြင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ အကြံဥာဏ်များကို ရယူကာ ဥပဒေ အရာရှိကျင့်ဝတ်ကို ရေးသားပြုစုခဲ့ပါကြောင်း၊ ဒုတိယ (၁)နှစ်တာကာလအတွင်း ဥပဒေအရာရှိ ကျင့်ဝတ်စာအုပ် ထုတ်ဝေခြင်း၊ ရှင်းလင်းပွဲများ ကျင်းပခြင်း၊ လိုက်နာကျင့် သုံးရန် ညွှန်ကြားချက်များ ထုတ်ဝေခြင်း၊ ကြီးကြပ်ဆောင် ရွက်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေပညာ တတ်ကျွမ်းပြီး သိက္ခာရှိသူများ ဖြစ်စေရန်အတွက် ဥပဒေ အရာရှိကျင့်ဝတ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း။
မျှတသော တရားစီရင်ရေး စံနှုန်းများစာအုပ်တွင် နိုင်ငံတကာစံနှုန်း၊ ပြည်တွင်း ဥပဒေစီရင်ထုံးများ ထည့်သွင်းတင်ပြထားပါကြောင်း၊ အဆိုပါစံနှုန်းများတွင် ဥပဒေ၏ရှေ့မှောက်တွင် တန်းတူညီမျှရှိခြင်းနှင့် ဥပဒေ အရ ညီမျှစွာ ဆက်ဆံခြင်း၊ နောက်ကြောင်းပြန် အာဏာ သက်ရောက်မှုမရှိစေခြင်း၊ အပြစ်မရှိဟု မှတ်ယူခြင်းနှင့် သံသယ အကျိုးခံစားခွင့်၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ဂုဏ် သိက္ခာ ညှိုးနွမ်းစေသည့် ဆက်ဆံမှုများမှ ကာကွယ်ခြင်း၊ ဝန်ခံထွက်ဆိုခြင်းမပြုဘဲ နှုတ်ဆိတ်နေခွင့်၊ ဥပဒေ အကြံဥာဏ်ရယူခွင့်၊ စကားပြန်နှင့် ဘာသာပြန်အကူအညီ ရယူခွင့် စသည့်အချက်များ ပါဝင်ပါကြောင်း၊ ဥပဒေအရာရှိ များအနေဖြင့် ၎င်းစံနှုန်းများကို လေ့လာကျင့်သုံးခြင်းဖြင့် အမှုလိုက်လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ပြီး ဥပဒေနှင့်အညီ အများပြည်သူရပိုင်ခွင့်ရှိသော အခွင့် အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါဌာနများ၏ ရှင်းလင်းချက်များအပေါ် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများက သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် သိရှိလိုသည်များကို မေးမြန်းကြ သည်။
အခြားအကျိုးခံစားခွင့်
ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့်ပတ်သက်၍ တစ်နိုင်ငံ လုံးရှိ နိုင်ငံ့ဝန်ထမ်းဦးရေ၊ နေ့စားဝန်ထမ်းများခန့်အပ်မှု နှင့် အရာထမ်း ရာထူးတိုးစာမေးပွဲဖြေဆိုခွင့်တို့အား အဆင့်ဆင့်ခွင့်ပြုချက် တောင်းခံနေရမှု၊ နိုင်ငံ့ဝန်ထမ်း များ သက်ပြည့်ပင်စင် ရယူခြင်းကိစ္စ၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်အပေါ်မူတည်၍ လစာအပြင် အခြားအကျိုးခံစားခွင့်၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရပ်ဘက် ဝန်ကြီးဌာန/အဖွဲ့အစည်းများသို့ ပြောင်းရွှေ့ လာမှုနှင့် နေပြည်တော်တွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ လေ့ကျင့်ရေးဗဟိုသင်တန်းကျောင်း ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေကိစ္စတို့ကို မေးမြန်းကြရာ တာဝန်ရှိသူများက ဖြေကြားကြသည်။
သံရုံးဖွင့်လှစ်မှု
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့နှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် UNDP နှင့် UNHCRတို့မှ ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နေမှု၊ ဒုက္ခသည်များအရေး နှင့်ပတ်သက်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံအား နိုင်ငံတကာက ဖိအားပေးနေမှုနှင့် ဖြေရှင်း ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်ရှိ အရေးကိစ္စများ ကဲ့သို့သော အထူးကိစ္စရပ်များအတွက် ချက်ချင်းဖြေရှင်း တုံ့ပြန်နိုင်ရန် ကိုယ်စားလှယ်အဖွဲ့ထားရှိရေး၊ ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံသား ဟောင်းများ မြန်မာနိုင်ငံသားပြုခွင့် ပြန်လည်လျှောက် ထားလာမှုနှင့်လက်ခံနေမှု၊ မြန်မာနိုင်ငံတွင် လာရောက်သံရုံးဖွင့်လှစ်မှုအခြေအနေကို မေးမြန်းကြရာ တာဝန် ရှိသူများက ဖြေကြားကြသည်။
ပြစ်ဒဏ်ချမှတ်နေမှု
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့်ပတ်သက်၍ သတင်း ထောက်နှစ်ဦး နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေပေါက်ကြား မှုဖြင့် အဖမ်းခံရသည့်ကိစ္စတွင် ပြည်ထောင်စုရှေ့နေချုပ် ရုံး၏ အတည်ပြုချက်ကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး တွင် ကြန့်ကြာနေသည့် ဥပဒေများနှင့်ပတ်သက်ပြီး တွေ့ကြုံရသည့် အခက်အခဲများ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခြင်းနှင့်ပတ်သက်ပြီး ပြစ်ဒဏ်ချမှတ်နေမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာတာဝန်ရှိသူများက ဖြေကြားကြသည်။
ဟန်မွှေး၊ လင်းနိုင်(သတင်းစဉ်)

No comments:

Post a Comment