Friday, June 1, 2018

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၏ ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: one or more people, people sitting, table and indoor
နေပြည်တော် မေ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာန ၁၁ ခုမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂ဝ၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ကြေညာသည့်နေ့မှစ၍ ရလဒ်များကြေညာမည့်နေ့အထိ လုပ်ငန်းစဉ်အချိန်ဇယား ရေးဆွဲဆောင်ရွက် လျက်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိကြောင်း၊ လစ်လပ်မဲဆန္ဒနယ်ရှိသည့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကိုလည်း ပို့ချလျက်ရှိကြောင်း၊ ဧပြီ ၁၉ ရက်မှစတင်ကာ မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်း ကို ၁၄ ရက် နှစ်ကြိမ် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း၊ ကပ်ထား ကြေညာချိန်တွင် သက်ဆိုင်ရာမဲဆန္ဒရှင်များက သွားရောက်ကြည့်ရှုစစ်ဆေး၍ တောင်းဆိုခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်းတို့ကို ဆောင်ရွက်ကြစေလိုကြောင်း၊ ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီရှိကြောင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်း လုပ်ငန်းအချိန်ဇယားကို ထုတ်ပြန် ကြေညာပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော၊ ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သော၊ အများယုံကြည် လက်ခံသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေး အကြံပြုကြသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment