Thursday, May 31, 2018

ပန်းဆိုးတန်း-ဒလ ဆိပ်ကမ်း၌ ကူးတို့ရေယာဉ်များ ပုံမှန်ပြေးဆွဲလျက်ရှိ

Image may contain: ocean, sky, boat, outdoor, water and nature
ရန်ကုန် မေ ၃ဝ
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မေ ၂၉ ရက်က လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးရွာသွန်းခြင်း များကြောင့် ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြစ်အတွင်း၌ နံနက် ၁ဝ နာရီမှ ညနေ ၃ နာရီအထိ ဒလမြို့နယ်အတွင်း ကူးတို့ဆိပ်များအားလုံးရှိ စက်တပ်သမ္ဗန်များ ခေတ္တရပ်နား ခဲ့ရသည်။
ညနေ ၃ နာရီနောက်ပိုင်းတွင် လေပြင်းများ ငြိမ်သက်သွားခြင်းကြောင့် စက်တပ်သမ္ဗန်များ ပုံမှန် ပြေးဆွဲလျက်ရှိပြီး ခရီးသည်များ လုံခြုံမှုရှိစေရေးအတွက် အသက်ကယ်အင်္ကျီများလည်း ထားရှိဆောင်ရွက်ပေးထား ကြောင်း ကမာကဆစ် စက်တပ်သမ္ဗန်ကူးတို့ဆိပ်ဥက္ကဋ္ဌ ဦးမြင့်ထူးထံမှ သိရသည်။
ထို့အတူ ရန်ကုန်ပန်းဆိုးတန်း-ဒလ ကူးတို့ရေယာဉ်များဖြစ်သည့် ချယ်ရီ (၁)၊ ချယ်ရီ(၂)နှင့် ချယ်ရီ(၃)သင်္ဘောသုံးစင်းကို အလှည့်ကျစနစ်ဖြင့် အသွား၊ အပြန်ခရီးစဉ်တွင် ခရီးသည်ပြည်သူ ၃ဝဝဝဝ နီးပါးခန့်ကို ပို့ဆောင်ပေးလျက်ရှိ ကြောင်း၊ မေ ၂၉ ရက်က ရန်ကုန်မြစ်အတွင်း လှိုင်းကြီးခြင်းနှင့် လေပြင်း များတိုက်ခတ်ခြင်းကြောင့် ခရီးသည်များလုံခြုံမှုရှိစေရေးအတွက် အချိန်အနည်း ငယ်ခန့် သင်္ဘောများ ရပ်နားခဲ့ရပြီး လေငြိမ်သက်စဉ်တွင် ပုံမှန်အတိုင်း ပို့ဆောင်ပေးလျက်ရှိကြောင်း၊ နေ့စဉ် ၄၆ ခေါက်နှုန်းဖြင့် ပြေးဆွဲပေးလျက် ရှိကြောင်း၊ ရာသီဥတုမကောင်းမွန်ခြင်းနှင့် မြင်ကွင်းများမရှင်းပါက ခရီးသည် တင်ဆောင်ပြီး သင်္ဘောများထွက်ခွာခြင်း မပြုလုပ်ရန် သတိပေးထားကြောင်း ဒလသင်္ဘောဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက ပြောသည်။
ဒလမြို့နယ်အတွင်း၌ သမဝါယမအသင်းပိုင် ကူးတို့ဆိပ်ငါးဆိပ်၌ စက်တပ် သမ္ဗန်ပေါင်း ၁၆၇ စင်းနှင့် ပုဂ္ဂလိကပိုင် ကူးတို့ဆိပ်ခြောက်ဆိပ်၌ စက်တပ်သမ္ဗန် ပေါင်း ၃၃၁ စင်း စုစုပေါင်း ၄၉၈ စင်းရှိပြီး ကူးတို့ဆိပ်ပေါင်း ၁၁ ဆိပ်တို့ရှိကြောင်း၊ ရန်ကုန်-ဒလ စက်သမ္ဗန်ခများအနေဖြင့် ယခင်က ငွေကျပ် ၁ဝဝ သတ်မှတ်ထား သော်လည်း ဓာတ်ဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် ခရီးပို့ဆောင်ရာတွင် လမ်းကြော ရှည်ခြင်းတို့ကြောင့် မေ ၁၄ ရက်က စတင်ပြီး သမဝါယမပိုင် သမ္မတကမ်းခြေ ကူးတို့ဆိပ်ကမ်းနှင့် ကြီးကြပ်ရေးအဖွဲ့ ကမာအောင်ကူးတို့ဆိပ်ကမ်းတို့အား ငွေကျပ် ၅ဝ တိုး၍ ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း၊ ဇွန် ၁ ရက်တွင် ကြီးကြပ်ရေးအဖွဲ့ တံလျှပ်ကူးတို့ဆိပ်အား ငွေကျပ် ၅ဝ တိုး၍ ကောက်ခံသွားမည်ဖြစ်ကြောင်း ကမာအောင် စက်တပ်သမ္ဗန်ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်နီထံက ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment