Tuesday, May 1, 2018

၂ဝ၁၈ ခုနှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် လူရည်ချွန်ကြီးများ တွေ့ဆုံ

Image may contain: one or more people and people sitting
ငွေဆောင် ဧပြီ ၃ဝ
ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း၌ ရောက်ရှိနေသည့် လူရည်ချွန်များနှင့် (၁၉၆၄-၈၈)မှ လူရည်ချွန်ကြီးများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပုသိမ်ခရိုင် ငွေဆောင်မြို့ရှိ ပုလဲငွေဆောင်ဟိုတယ်၌ ကျင်းပသည်။
တွေ့ဆုံပွဲ အခမ်းအနားတွင်(၁၉၆၄-၈၈) လူရည်ချွန် ကြီးများအဖွဲ့က တစ်ဦးချင်း မိတ်ဆက်ကြပြီး ၁၉၆၄-၈၈ လူရည်ချွန်အဖွဲ့ ဖြစ်ပေါ်လာပုံ၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ၎င်းတို့ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများကို မျှဝေပြောကြားကြသည်။
ထို့နောက် လူရည်ချွန်ကြီးများက အမှတ်တရလက်ဆောင် ပစ္စည်း ပေးအပ်ရာ ငွေဆောင်လူရည်ချွန်အပန်းဖြေစခန်း မှ စခန်းမှူး ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါ်မြင့်မြင်သန်းက လက်ခံပြီး ပညာရေးဝန်ကြီးဌာနကိုယ်စား လူရည်ချွန်ကြီးများကို အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
အခမ်းအနားတွင် လူရည်ချွန်ကြီးများက ဥာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပရာ လူရည်ချွန် ကျောင်းသား ကျောင်းသူများက အဖွဲ့ ၁၈ ဖွဲ့ဖြင့် အုပ်စုလိုက် ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိသူများအား လူရည်ချွန်ကြီးများက ဆုများနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
လူရည်ချွန်ကြီးများနှင့် မျိုးဆက်သစ်လူရည်ချွန်များ တွေ့ဆုံမှုနှင့်စပ်လျဉ်း၍ လူရည်ချွန်(၁၉၆၄-၈၈)မှ အလုပ် အမှုဆောင် ဦးဝင်းအောင်က ''ဒီငွေဆောင်စခန်းကို ကျွန်တော်က အဖွဲ့ခေါင်းဆောင်အနေနဲ့လိုက်လာတာပါ၊ အဓိကရည်ရွယ်ချက်ကတော့ လူကြီးနဲ့လူငယ် တစ်ယောက် နဲ့တစ်ယောက် နားလည်မှုရှိလာအောင်၊ အတွေ့အကြုံ တွေ ဖလှယ်လို့ရအောင် ဖြစ်ပါတယ်၊ ပြီးတော့ လူငယ်တွေ အနေနဲ့ နောင်တစ်ချိန်မှာ သက်ဆိုင်ရာပညာရပ် အသီးသီး ကို ဝင်တဲ့အခါမှာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ ရှိနေပြီးသား ဖြစ်တဲ့ လူရည်ချွန်ကြီးတွေနဲ့ ချိတ်ဆက်ပြီး အကူအညီရ ယူနိုင်အောင် ဖြစ်ပါတယ်၊ လူရည်ချွန်ကြီးတွေနဲ့ မျိုးဆက်သစ် လူရည်ချွန်တွေကြားထဲမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ် ပေးတဲ့ပုံစံမျိုးနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပါတယ်'' ဟု ပြောသည်။
''ဒီနေ့ (၁၉၆၄-၈၈)လူရည်ချွန်အဖွဲ့နဲ့ တွေ့ခွင့်ရတာ အများကြီးဗဟုသုတတွေရပါတယ်၊ ပြီးတော့ လူရည်ချွန် ကြီးတွေရဲ့ ဥာဏ်စမ်းမေးခွန်းတွေ ဖြေရတာလည်း ပျော်စရာ ကောင်းပါတယ်၊ လူရည်ချွန်သီချင်းတွေလည်း သင်ပေးပါ တယ်၊ လူရည်ချွန်ကြီးတွေရဲ့ အတွေ့အကြုံတွေလည်း သိခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်'' ဟု မျိုးဆက်သစ် လူရည်ချွန်တစ်ဦးဖြစ်သည့် ချင်းပြည်နယ် မင်းတပ်မြို့မှ လူရည်ချွန် ကျောင်းသား မောင်တမ်ရှယ်လိန်းက ပြောသည်။
မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment