Tuesday, May 1, 2018

ပုဂံလူရည်ချွန်စခန်းရှိ ၂ဝ၁၈ ခုနှစ် အဋ္ဌမတန်း လူရည်ချွန်မောင်မယ်များနှင့် ၁၉၄၇-၁၉၈၈ လူရည်ချွန်ကြီးများအဖွဲ့ တွေ့ဆုံ

Image may contain: 1 person, indoor
ပုဂံ ဧပြီ ၃ဝ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ၂ဝ၁၈ ခုနှစ် အဋ္ဌမတန်း လူရည်ချွန် ကျောင်းသား ကျောင်းသူများအား လာရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ အပါအဝင် ၁၉၄၇-၁၉၈၈ လူရည်ချွန်ကြီးများ အဖွဲ့သည် ပုဂံလူရည် ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူ များနှင့် ယနေ့မွန်းလွဲပိုင်းတွင် တွေ့ဆုံကြပြီး ၁၉၄၇- ၁၉၈၈ လူရည်ချွန်ကြီးများက တစ်ဦးချင်း မိတ်ဆက်အမှာ စကားပြောကြားကာ ¤င်းတို့၏ လူရည်ချွန် အတွေ့အကြုံ များ မျှဝေခြင်းနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ဒေါက်တာသန်းမင်းထွဋ်က ''ဘယ်သူ့ အတွက် ပညာသင်တာလဲ''ဟူသော ခေါင်းစဉ်ဖြင့် လည်းကောင်း၊ လူရည်ချွန်ကြီးဖြစ်သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ၎င်း၏ အတွေ့အကြုံ များကို လည်းကောင်း၊ လူရည်ချွန်ကြီးတစ်ဦးဖြစ်သည့် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာနေစိုးမောင်က ''ဆေးလိပ် ကွမ်းယာကင်းစင်သော မျိုးဆက်သစ်သို့'' ဟူသော ခေါင်းစဉ် ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးကြသည်။
အခမ်းအနားတွင် ၁၉၄၇-၁၉၈၈ လူရည်ချွန်ကြီးများက ဦးဆောင်၍ ၂ဝ၁၈ ခုနှစ် အဋ္ဌမတန်းလူရည်ချွန် ကျောင်းသား ကျောင်းသူများအား ဥာဏ်စမ်းပဟေဠိ ၅ဝ ကို မေးမြန်း၍ ဆုရရှိသည့် လူရည်ချွန်များအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆုများပေးအပ်ခဲ့သည်။ ယင်းနောက် လူရည်ချွန် ကျောင်းသား ကျောင်းသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပုဂံလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲအခမ်းအနားကို မေ ၁ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက အစမ်းလေ့ကျင့်မှုများပြုလုပ်ခဲ့သည်။ မေ ၁ ရက် နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးပါက ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ လူငယ်မောင်မယ်များသည် ပုဂံဒေသရှိ ရှေးဟောင်းတန်ခိုးကြီးဘုရားများအား လှည့်လည် ဖူးမြော်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇင်ဦး(မြန်မာ့အလင်း)
ဓာတ်ပုံ - သီဟစည်သူ

No comments:

Post a Comment