Monday, April 30, 2018

တောင်ညိုဆည်ရေသောက်စနစ်ရှိ လက်တံ (၄) ရေအသုံးချရေးအသင်း မှတ်ပုံတင်ပြီးစီး

Image may contain: sky, outdoor and nature
နတ်တလင်း ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် အတွင်းရှိ တောင်ညိုဆည်ရေသောက် စနစ် အဆင့်မြှင့်တင်ပြုပြင်ခြင်း လုပ်ငန်း များကို ဂျပန်နိုင်ငံချေးငွေဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၂) မှ တာဝန်ယူ၍ ၂ဝ၁၄-၂ဝ၁၅ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ရေသောက်စနစ် ၏ ၇၅ ရာခိုင်နှုန်းခန့်ကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး အဆိုပါ စီမံကိန်းပြီးစီးပါက ဆည် ရေသောက်ဧက ၅ဝဝဝဝ ကျော်ကို ရေပေးဝေနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများမှ ဆည်ရေသောက်ဧက ၁၁ဝဝ ခန့်ရှိ လက်တံ (၄) တူးမြောင်းမှ တောင်သူ များကို ရေအသုံးချသူများအဖွဲ့ (WUG) ဖွဲ့စည်းနိုင်ရေးအတွက် ဂျပန်နိုင်ငံ အတိုင်ပင်ခံအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များ၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာနမှတာဝန်ရှိသူများ ပူးပေါင်း၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လမှစတင်ကာ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြပြီး လက်တံ(၄) တူးမြောင်းသည် ရေယူပေါက် ၂၁ ခုရှိသဖြင့် ရေအသုံးချသူများအဖွဲ့ငယ် (WUG) ၂၁ ခုအား ဖွဲ့စည်း၍ ပထမ ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင် များကို တောင်သူများကိုယ်တိုင် ရွေးချယ်စေခဲ့သည်။ အဖွဲ့ငယ် ၂၁ ခု၏ ခေါင်းဆောင်များမှ ဒါရိုက်တာ အဖွဲ့ ဖွဲ့စည်းကာ အထွေထွေညီလာခံ ကျင်းပ၍ အသင်းအမည်ကအစ ရွေးချယ်ခဲ့ကြပြီး သက်ဆိုင်ရာ ကော်မတီအသီးသီးကို ဖွဲ့စည်းနိုင်ခဲ့ ကြောင်း သိရသည်။
ယခုအခါ လက်တံ(၄) တူးမြောင်း တွင် ရေအသုံးချသူများအသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီး နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဧပြီ ၂၄ ရက်တွင် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ယခင်ကာလများက တောင်သူများ အနေဖြင့် ဆည်ရေရယူရာတွင် စုစည်း တိုင်ပင်မှု မရှိခြင်းကြောင့် ရေရရှိမှု မမျှတဘဲ အခက်အခဲမျိုးစုံ ကြုံတွေ့ ခဲ့ရကြောင်း၊ ယခုအခါ ရေအသုံးချသူ များ အသင်းဖွဲ့စည်းပြီးဖြစ်ခြင်းကြောင်း ယခုနှစ် နွေစပါးကာလ စိုက်ပျိုးရေ စယူချိန်မှ ယခု အောင်ရေရရှိချိန်ထိ အသင်း၏ ဦးဆောင်မှုဖြင့် ဆည်ရေ ရယူသည့် လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ သဖြင့် လယ်ကွက်များသို့ ဆည်ရေ အချိန်မီ ရောက်ရှိပြီးကောင်းမွန်သည့် စပါးခင်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိကြောင်း သိရှိရသည်။
မြင့်နိုင်(ပြည်)

No comments:

Post a Comment