Thursday, February 1, 2018

ရွှေတိဂုံစေတီတော်နှင့် သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်တို့၌ တပို့တွဲလပြည့် သြဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကျင်းပ

Image may contain: one or more people, shoes and indoor
ရန်ကုန် ဇန်နဝါရီ ၃၁
ရွှေတိဂုံစေတီတော် ၁၃၇၉ ခုနှစ် တပို့တွဲလပြည့် မြန်မာ့ရိုးရာထမနဲဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲ နှင့် သြဝါဒပါတိမောက်အခါတော်နေ့ အခမ်းအနားကို ယနေ့နံနက် ၅ နာရီမှစတင်၍ ရွှေတိဂုံစေတီတော်ရင်ပြင် ရှိ သတ်မှတ်နေရာအသီးသီး၌ ကျင်းပသည်။
ရှေးဦးစွာ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့များက ရင်ပြင်တော် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဗုဒ္ဓပူဇာအဖြစ် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ထမနဲဆွမ်းတော်ကြီးနှင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး သြဝါဒပါတိမောက် ဒေသနာတော်နှင့် သြဝါဒပါတိမောက်အနှစ်ချုပ်ကို ပါဠိ၊ မြန်မာနှစ်ဘာသာဖြင့် ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်၍ ရင်ပြင်တော် သောကြာထောင့်ရှိ ထီးတော်ပုံတန်ဆောင်း၌ ရွှေတိဂုံစေတီတော် သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆရာတော်ကြီးများနှင့် သံဃာတော်များအား ထမနဲ ဆွမ်းတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
ယင်းနောက် ရေစက်ချအနုမောဒနာအခမ်းအနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဆက်လက် ကျင်းပရာ နိုင်ငံတော်သြဝါဒါစရိယ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယ ရန်ကင်းမြို့နယ် မဟာဓမ္မိကာရုံ ပရိယတ္တိစာသင်တိုက် ကျိုက်ပိကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏေသနထံမှ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက နဝင်္ဂသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ အလှည့်ကျသဘာပတိ ဦးအောင်မြတ်က ဇေယျမင်္ဂလာ အနုမောဒနာစကား လျှောက်ထားပြီး ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားပူဇော်သော ပရိတ်တရားတော်များ နာကြားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ နိုင်ငံတော်(သီးခြား) ဝိနည်းဓိုရ် ဗဟန်းမြို့နယ် ညောင်တုန်းပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ ထံမှ အနုမောဒနာတရား နာကြားပြီး ရေစက်ချတရား နာယူကြသည်။
ထို့အတူ သီရိမင်္ဂလာကမ္ဘာအေးစေတီတော် ဂေါပက အဖွဲ့က ကြီးမှူး၍ ၁၃၇၉ ခုနှစ် တပို့တွဲလပြည့် သြဝါဒ ပါတိမောက် မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ကမ္ဘာအေးစေတီတော် အာရုံခံတန်ဆောင်းအပေါ် ထပ်၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များက သြဝါဒပါတိမောက်အခမ်းအနား ဆိုင်ရာ အမေးအဖြေများ ပြုလုပ်ခြင်း၊ သြဝါဒပါတိမောက် ရွတ်ဆိုပူဇော်ခြင်း၊ အခါတော်နေ့ အဓိဋ္ဌာန်ခြင်း၊ မေတ္တာ ဘာဝနာပွားများခြင်း၊ ဆုတောင်းအမျှဝေ သာဓုခေါ်ဆိုခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း-ကိုကိုဇော်
ဓာတ်ပုံ-ဇော်မင်းလတ်၊ လှမိုး

No comments:

Post a Comment