Thursday, February 1, 2018

စီးပွားရေးတက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများ လုပ်ငန်းခွင်လက်တွေ့ လေ့လာဆောင်ရွက်နိုင်ရေး ညှိနှိုင်း

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၃၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်း ရရှိချက်အရ ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်နှင့် မုံရွာစီးပွားရေး တက္ကသိုလ်များတွင်ပညာသင်ကြား လျက်ရှိသော ကျောင်းသား ကျောင်းသူ များအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနရှိ ဌာန၊ အဖွဲ့အစည်းများတွင် လုပ်ငန်းခွင်လက်တွေ့လေ့လာရေး (Internship)ဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက စီးပွားရေး တက္ကသိုလ်များတွင် တက်ရောက်နေ သည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် လုပ်ငန်းခွင်လက်တွေ့လေ့ လာရေး (Internship) ဆောင်ရွက်နိုင် ပါက နိုင်ငံတော်၊ တက္ကသိုလ်များ၊ ကျောင်းသား ကျောင်းသူ တစ်ဦးချင်း အနေဖြင့်လည်းကောင်း အလွန် တန်ဖိုးရှိပါကြောင်း၊နိုင်ငံတော်အနေဖြင့် ကျောင်းသား ကျောင်းသူများကို ဦးစားပေး တန်ဖိုးထားပါကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ကျောင်းသား ကျောင်းသူများ ပါဝင်သောကြောင့် အချင်းချင်း ချစ်ကြည်ရင်းနှီးသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုလည်း ရရှိနိုင်မှာဖြစ်ကြောင်း၊ လူငယ်များ၏ အနာဂတ်ကို လူငယ်များကိုယ်တိုင် ဖန်တီးနိုင်ရမည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနရှိ ဌာနအဖွဲ့အစည်းများ အားလုံးမှ စီးပွားရေးတက္ကသိုလ်တွင် သင်ကြားသော ဘာသာရပ်များနှင့် သက်ဆိုင်သောကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း အလွန် အကျိုးရှိမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ရန်ကုန်စီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်နိုင်ဦး၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်ဝင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းခွင် လက်တွေ့လေ့လာရေးအစီအစဉ်များ၊ ကျောင်းသား ကျောင်းသူများစေလွှတ် မည့် ကိစ္စရပ်များ၊လေ့လာရေးကာလ၊ အုပ်ချုပ်မှုကိစ္စရပ်များနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအား စနစ်တကျထိရောက်စွာနှင့် ဆောလျင် စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး အသေးစိတ်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment