Monday, January 1, 2018

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် Myanmar International Radio အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

Image may contain: 6 people
ရန်ကုန် ဒီဇင်ဘာ ၃၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် Skynet ဝင်းအတွင်းရှိ Myanmar International Radio အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရွှေသံလွင်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးကျော်ဝင်းက ''Myanmar International Radio က နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တစ်ဖက် တစ်လမ်းကနေ အထောက်အကူဖြစ်အောင် ဆောင်ရွက်နေ ပါတယ်၊ တိုင်းပြည်အကျိုး၊ ပြည်သူအကျိုး၊ ငြိမ်းချမ်းရေး အကျိုးတွေကို ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပြောကြား သည်။
ထို့နောက် Myanmar International Radio မန်နေးဂျင်းဒါရိုက်တာ ဒေါ်နွဲ့ကြိုင်ကြိုင်က ထုတ်လွှင့်မည့် ပရိုဂရမ်များနှင့် ရွှေသံလွင်မီဒီယာ ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်)က ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Myanmar International Radio အသံထုတ်လွှင့်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ တိုက်ရိုက်(Live)တင်ဆက်ရန် အခန်း၊ ရိုက်ကူးရေးအခန်း၊ ပင်မထိန်းသိမ်းရေး အခန်းများ ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြား သည်။
Myanmar International Radio သည် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရွှေသံလွင်ကုမ္ပဏီလီမိတက်တို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ စတင်ကာ အင်္ဂလိပ်ဘာသာဖြင့် နံနက် ၆ နာရီမှ ည ၁၁ နာရီအထိ ထုတ်လွှင့်မည့် FM ရေဒီယို အစီအစဉ်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံ၏ သတင်းအမှန်များကို ကမ္ဘာကသိရှိရန်၊ မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရန်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာစေရန်စသည့် ရည်ရွယ် ချက်များဖြင့် အစီအစဉ်များကို ထုတ်လွှင့်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် 96.1 MHz၊ မန္တလေးမြို့ နှင့်အနီးတစ်ဝိုက်တွင် 96.5 MHz နှင့် နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် 96.7 MHz တို့မှ ဖမ်းယူနားဆင်နိုင် မည်ဖြစ်ကြောင်း၊ ထို့အပြင် အင်တာနက်မှ လည်းကောင်း၊ မိုဘိုင်းဖုန်းများမှလည်းကောင်း ဖမ်းယူနားဆင်နိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment