Monday, January 1, 2018

မြန်မာ့ငြိမ်းချမ်းရေးပုံဖော်သူတို့၏ ငြိမ်းချမ်းရေးနှစ်သစ်ဆုတောင်း

Image may contain: 1 person, smiling, closeup
ဒေါက်တာတင်မျိုးဝင်း(ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်)
မြန်မာပြည်သူ ပြည်သားအပေါင်း၊ ကမ္ဘာပြည်သူပြည်သား အပေါင်း နှစ်သစ်မှာ ကျန်းမာချမ်းသာကြစေဖို့ ဆုတောင်း မေတ္တာပို့ပါတယ်။ မြန်မာနိုင်ငံသားတွေ အားလုံးဟာ အထူးသဖြင့် ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ ကိုယ်ချင်းစာ တရားတွေ၊ မေတ္တာတွေနဲ့ ဝိုင်းကြိုးစားနေကြတာ အသိပါ ပဲ။ ငြိမ်းချမ်းရေးရမှသာလျှင် မိမိကိုယ်တိုင်၊ ပတ်ဝန်းကျင်၊ နောက်တိုင်းပြည်ပါ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တဲ့အတွက် အားလုံးငြိမ်းချမ်းရေး လိုချင်ကြတယ်ဆိုတာ သံသယ မရှိပါဘူး။ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးကို အားလုံးက ဝိုင်းဝန်းကြိုးစားနေသလိုပဲ အားလုံး ဆန္ဒတူညီ ပြီး ငြိမ်းချမ်းရေးရဖို့ တစ်ပြိုင်တည်း ဝိုင်းကြိုးစားမယ်ဆိုရင် ငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်ရှိမယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ အားလုံးက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ကြမယ်၊ ကိုယ်ချင်းစာတရား ထားတတ်မယ်၊ မေတ္တာတရားကို အခြေခံမယ်ဆိုရင် ကျွန်တော်တို့ဟာ ၂ဝ၁၈ မှာပဲ အားလုံးသောအဖွဲ့အစည်း တွေနဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို ဆုပ်ကိုင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါမှသာ ပြည်သူတွေ အေးချမ်း သာယာမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပြီး ကမ္ဘာအထိ စံနမူနာ တစ်ခုကို ပြပေးနိုင်မှာ ဖြစ်ပါတယ်။
ဦးလှမောင်ရွှေ (အတွင်းရေးမှူး အဖွဲ့ဝင်)ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)
၂ဝ၁၇ ကို ငြိမ်းချမ်းရေးအနေနဲ့ ဦးတည်သတ်မှတ်ပြီး ကြိုးစားခဲ့ကြပါတယ်။ ၂ဝ၁၇ မှာ ထိုက်သင့်တဲ့ ရလဒ်တွေ ရတယ်လို့ ပြောနိုင်စရာတွေ ရှိပါတယ်။ ၂ဝ၁၇ မှာ လူမျိုး အလိုက်၊ အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို နေရာခြောက်နေရာမှာ ကျင်းပနိုင် တယ်။ အဲဒီက ထွက်လာတဲ့ ရလဒ်တွေနဲ့ ၂ဝ၁၇ မှာပဲ ပြည်ထောင်စု သဘောတူစာချုပ်မှာ အစိတ်အပိုင်းတစ်ခု အနေနဲ့ အချက်ပေါင်း ၃၇ ချက် သဘောတူနိုင်ခဲ့ပါတယ်။ ဒါဟာ ၂ဝ၁၇ မှာရတဲ့ အခြေအနေနဲ့ အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။ နောက် ၂ဝ၁၇ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ အစိုးရနဲ့ တပ်မတော်က ညီလာခံတက်ရောက်မယ့်သူတွေအနေနဲ့ အကြိမ်ကြိမ်တွေ့ဆုံ ပြီး အခုလာမယ့် ညီလာခံမှာ အောင်မြင်နိုင်ဖို့ ညှိနှိုင်းမှုတွေ ပိုလုပ်နိုင်ခဲ့ပါတယ်။ အခု ၂ဝ၁၇ ကုန်ခါနီးမှာတော့ ညီညွတ်သောတိုင်းရင်းသားလူမျိုးစု ဖက်ဒရယ်ကောင်စီ (UNFC) မှာ ပါဝင်တဲ့ အဖွဲ့လေးဖွဲ့ ကိုယ်စားပြုတဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) နဲ့ ကျွန်တော်တို့ ငြိမ်းချမ်းရေးကော်မရှင် ညှိနှိုင်းမှု တွေ လုပ်ခဲ့ပါတယ်။ နောက်ဆုံးညှိနှိုင်းမှုတွေဟာ အခု အချောသပ်နေပါပြီ။
ဒါကြောင့် ၂ဝ၁၈ မှာ ကျွန်တော်တို့ မျှော်လင့်တာက ၂ဝ၁၈ ဇန်နဝါရီလကုန်လောက်မှာလုပ်မယ့် ညီလာခံ အတွက် ပြင်ဆင်မှုတွေ ပိုလုပ်လာနိုင်မယ်။ နောက် UNFC ဘက်က ညီလာခံမတိုင်မီ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ထိုးဖို့ အဆင်သင့်ဖြစ်တဲ့ အဖွဲ့တွေလည်း လက်မှတ်ရေးထိုး နိုင်ဖို့ ကျွန်တော်တို့ဘက်က မျှော်လင့်တယ်။ လက်မှတ် မထိုးရသေးတဲ့ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေလည်း ၂ဝ၁၈ မှာ NCA လက်မှတ်ရေးထိုးနိုင်ဖို့ အများကြီး မျှော်လင့်မိပါတယ်။
ရဲဘော်မျိုးဝင်း (ဒုတိယ ဥက္ကဋ္ဌ)
ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး)
၂ဝ၁၈ မှာ ကျွန်တော်တို့တိုင်းပြည်အတွက် ငြိမ်းချမ်းရေးကို အကောင်းဆုံး အဖြေရှာနိုင်အောင် ကြိုးပမ်းရမှာပါ။ ၂ဝ၁၇ မှာလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျွန်တော်တို့ တတ်နိုင်သမျှ အကောင်းဆုံး အားလုံးကြိုးစား အကောင်အထည်ဖော်ခဲ့ကြတယ်။ တိုင်းပြည်မှာ နှစ်ပေါင်းများစွာ ဖြစ်လာခဲ့တဲ့ နိုင်ငံရေး ပြဿနာကို နေ့ချင်းညချင်း အဖြေရှာဖို့တော့ မလွယ်ပါဘူး။ အခက်အခဲရှိမယ်ဆိုတာ နားလည်တယ်။ ဒါပေမယ့် နိုင်ငံ ပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတဲ့ နေရာမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံးပါဝင်ပြီး အဖြေရှာဖို့ လိုပါတယ်။
ကျွန်တော်တို့အားလုံးသင်ခန်းစာ ယူသင့်ပါပြီ။ နိုင်ငံရေးပဋိပက္ခမှာ ပါဝင်တဲ့ သူတွေအားလုံး မပါဝင်ဘဲနဲ့ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ ခက်ပါတယ်။ ပဋိပက္ခမှာ ပါဝင်တဲ့ အင်အားစုအားလုံး ပါဝင်ဖို့အတွက်ဆိုရင် ယနေ့ ကာလမှာ အားလုံးပါဝင်နိုင်ဖို့လမ်းကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်မှာ အခြေခံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင် အထည်ဖော်နေပါတယ်။ NCA ဟာ ပြီးပြည့်စုံတဲ့ စာချုပ် တစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက တော့ လက်နက်ကိုင်ပဋိပက္ခတွေကို လျှော့ချနိုင်တယ်။ နိုင်ငံရေးအရ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖို့ တံခါးဖွင့်ထားတဲ့ လမ်းစတစ်ခုဖြစ်တယ်။ NCA က လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း ဒီလမ်းကြောင်းပေါ်မှာ လျှောက်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးဖို့ ပွင့်လာနေတဲ့ တံခါးကို ဒီထက်မက ပိုမိုပွင့်လာအောင် ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။
ရဲခေါင်ညွန့်၊ ဖိုးထောင်

No comments:

Post a Comment