Monday, January 1, 2018

မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ဆုကြေးငွေတိုးမြှင့်ပေးမည်

Image may contain: 3 people, people standing and outdoor
မန္တလေး ဒီဇင်ဘာ ၃၁
မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၅ နာရီခွဲတွင် မန္တလေးမြို့တော် စည်ပင်သာယာရုံးရှေ့မှ စတင်တာလွှတ်၍ မန္တလာသီရိ အားကစားကွင်းတွင် ပန်းဝင်ရမည်ဖြစ်ပြီး ၁၃ မိုင်ခန့် ခရီးရှည်မည်ဖြစ်သောကြောင့် ဆုရရှိသူများအား ယခင်နှစ် ထက် ဆုကြေးများ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။
ယခင်နှစ်များက အလွတ်တန်းနှင့်လူသစ်တန်း ပြိုင်ပွဲတွင် ပထမဆုကို ငွေကျပ် ၁၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၁၂ သိန်း၊ တတိယဆုကို ငွေကျပ် ၁ဝ သိန်း ချီးမြှင့်ခဲ့သော်လည်း ယခုနှစ်တွင် ပထမဆုငွေကျပ်သိန်း သိန်း ၃ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝ နှင့် တတိယဆု ငွေကျပ် ၁၅ သိန်းဖြစ်၍ ဒီဇင်ဘာ ၃ဝ ရက်အထိ ပြိုင်ပွဲဝင် ရန် လျှောက်လွှာဝယ်ယူသူ ၁၂ဝဝ ခန့်ရှိကြောင်း သိရ သည်။
''ဒီနှစ်ထူးခြားချက်က ပြိုင်ပွဲဝင်ဆုရသူတွေကို ပေးမယ့်ဆုကြေးက အရင်နှစ်ကထက် နှစ်ဆလောက်ပိုပေး မှာဖြစ်သလို ဆုဖလားလည်းပေးအပ်မှာပါ၊ ဒါ့အပြင် ပထမ၊ ဒုတိယ၊ တတိယဆုရသူတွေအတွက် အိုင်ဖုန်း၊ အိုင်ပက်တို့လို အဖိုးတန်လက်ဆောင်တွေလည်း ချီးမြှင့် ဖို့ စီစဉ်ထားပြီး လက်ရှိမှာ လမ်းတံတားဌာနက ပြေးလမ်းကြောင်းတစ်လျှောက် ပြင်ဆင်မှုတွေ လုပ်နေပါ တယ်'' ဟု ၎င်းကပြောသည်။
ယခုနှစ်ပြိုင်ပွဲတွင် ကျား/မ အလွတ်တန်းအတွက် ပထမဆုငွေကျပ်သိန်း ၃ဝ၊ ဒုတိယဆုငွေကျပ်သိန်း ၂ဝ၊ တတိယဆုငွေကျပ် ၁၅ သိန်း၊ စတုတ္ထဆု ငွေကျပ် ၁ဝ သိန်း၊ ပဉ္စမဆု ငွေကျပ် ရှစ်သိန်း၊ ဆဋ္ဌမဆုငွေကျပ် ခြောက်သိန်း၊ သတ္တမဆု ငွေကျပ် လေးသိန်း၊ အဋ္ဌမဆု ငွေကျပ် သုံးသိန်းခွဲ၊ နဝမဆု ငွေကျပ် သုံးသိန်း၊ ဒသမ ဆု ငွေကျပ် နှစ်သိန်းခွဲနှင့် နှစ်သိမ့်ဆု ၁-မှ ၅ အထိ ငွေကျပ် တစ်သိန်းစီဖြင့်လည်းကောင်း၊ ကျား/မ လူသစ်တန်းတွင် ပထမဆု ငွေကျပ် သိန်း ၃ဝ၊ ဒုတိယဆု ငွေကျပ်သိန်း ၂ဝ၊ တတိယဆု ငွေကျပ် ၁၅ သိန်း၊ စတုတ္ထဆု ငွေကျပ် ၁၂ သိန်း၊ ပဉ္စမဆု ငွေကျပ် ၁၁ သိန်း၊ ဆဋ္ဌမဆု ငွေကျပ် ၁ဝ သိန်း၊ သတ္တမဆု ငွေကျပ် ကိုးသိန်း၊ အဋ္ဌမဆု ငွေကျပ် ရှစ်သိန်း၊ နဝမဆု ငွေကျပ် ခုနစ်သိန်း ဒသမဆု ငွေကျပ်ခြောက်သိန်းနှင့် နှစ်သိမ့်ဆု ၁-မှ ၅ အထိ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းခွဲစီ၊ ၆ မှ ၁ဝ အထိ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ၊ ၁၁ မှ ၁၅ အထိ တစ်ဦး လျှင် ငွေကျပ်ရှစ်သောင်းစီနှင့် ၁၆ မှ ၂ဝ ထိ ငွေကျပ် ခြောက်သောင်းစီဖြင့်လည်းကောင်း ချီးမြှင့်မည်ဖြစ်သည်။
''ပထမနဲ့ ဒုတိယဆုကြေးမှာ ငွေကျပ် ၁ဝ သိန်း ကွာခြားမှုဖြစ်နေတာက တစ်ယောက်နဲ့တစ်ယောက်ညှိပြီး ပြေးတာမျိုးမဟုတ်ဘဲ အကြိတ်အနယ်ကြိုးစားပြီး ဝင်ရောက်ယှဉ်ပြိုင်စေချင်လို့ တိုးမြှင့်ပေးထားတာပါ၊ အလယ်တန်းအဆင့်ပြိုင်ပွဲမှာ အသက်ကန့်သတ်ချက်မရှိဘဲ အလယ်တန်းပညာသင်နေတဲ့သူဆိုရင် ရပါပြီ။ နိုင်ငံခြားသားတွေ ဝင်ရောက်ယှဉ်ပြိုင်ချင်ရင်တော့ အလွတ်တန်းမှာ ပြိုင်လို့ရပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထို့အပြင် အသက် ၆ဝ ပြည့်ပြီးသူများနှင့် ၎င်း အထက် ပြိုင်ပွဲဝင်ကြမည့် သက်ကြီးတန်းတွင် ပထမ ပန်းဝင်သူ ငါးဦးအား တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းစီနှင့် သတ်မှတ်ချိန်အတွင်း ပန်းဝင်လာသူ ငါးဦးအား တစ်ဦး လျှင် ငွေကျပ်ငါးသောင်းစီကိုလည်းကောင်း၊ အလယ်တန်း အဆင့်ပြိုင်ပွဲတွင် ပထမပန်းဝင်လာသူ အမျိုးသားသုံးဦး နှင့် အမျိုးသမီးသုံးဦးတို့အား ငွေကျပ်တစ်သိန်းစီကို လည်းကောင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment