Monday, January 1, 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Image may contain: 1 person, sitting and indoor
ခရစ်သက္ကရာဇ် ၂ဝ၁၈ ခုနှစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်မင်္ဂလာအခါသမယမှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
ယနေ့အချိန်အခါဟာ ဒီမိုကရေစီအသွင်ကူးပြောင်း ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် လျက်ရှိတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား များအားလုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်နိုင်ရန် အထူး ကြိုးပမ်းလျက်လည်း ရှိပါတယ်။ ထိုလုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန် ဒီမိုကရေစီကျင့်စဉ်များ၊ ပြည်ထောင်စု စိတ်ဓာတ်များ ပွားများကြရန် အထူးလိုအပ်လှပါ တယ်။
မိမိတို့မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင်သို့ လျှေက်လှမ်းတဲ့ ခရီးလမ်းမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲ အကျပ်အတည်းနဲ့ စိန်ခေါ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှု၊ ပံ့ပိုးကူညီမှုများနဲ့ အတူ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ဆောင်ရွက်လျက်ရှိပါ တယ်။
ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ နိုင်ငံသူ နိုင်ငံသားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ၊ ငြိမ်းချမ်း သာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီး အမြန်ဆုံးပေါ်ပေါက်နိုင်ပါစေလို့ အလေးအနက်ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျာ။

No comments:

Post a Comment