Monday, January 1, 2018

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ၂ဝ၁၈ ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

Image may contain: 1 person
ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုမြန်မာ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ယခုလို မင်္ဂလာရှိတဲ့ နှစ်သစ်အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
အချိန်ရာသီအလီလီပြောင်းပြီး ယခုလို နှစ်ဟောင်း ကုန်လွန်လို့ သစ်လွင်သော နှစ်သစ်ကို ကူးပြောင်းလာတဲ့ အခါသမယမှာ တိုင်းရင်းသား ပြည်သူအားလုံးဟာ နှစ်ဟောင်းမှာ မိမိတို့ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းကိစ္စများမှ ရရှိလာတဲ့ အတွေ့အကြုံ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အားလုံးကို သင်ခန်းစာများအဖြစ် မှတ်ယူသုံးသပ်ပြီး ပိုမိုကောင်းမွန်သော အခွင့်အလမ်းကောင်းများ၊ နည်းလမ်း ကောင်းများနဲ့ အခြေအနေကောင်းများကို အနာဂတ် အတွက် တိုးတက်မှုများအဖြစ် ဖန်တီးရယူ ဆောင်ရွက်သွား ကြရမှာ ဖြစ်ပါတယ်။
နှစ်သစ်မှ အစပြု၍ စိတ်သစ်၊ လူသစ်၊ အင်အားသစ် များဖြင့် မိမိတို့ ဆောင်ရွက်ဖွယ်ရာ ကိစ္စမှန်သမျှကိုလည်း စိတ်စေတနာကောင်းများထားကာ သတိတရား လက်ကိုင် ပြု၍ ကိုယ်ကျင့်တရားကောင်းမွန်စွာဖြင့် ပြုမူဆောင်ရွက် ကြရမှာပဲ ဖြစ်ပါတယ်။
ထို့အတူပင် မိမိတို့ ပြည်ထောင်စုဖွားတိုင်းရင်းသား ပြည်သူများအားလုံး မျှော်လင့်တောင့်တနေတဲ့ တူညီသော ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဒီမို ကရေစီစံနှုန်းများနဲ့အညီ လျှောက်လှမ်းတည်ဆောက် နေတဲ့ ယခုလို အချိန်ကာလမှာ ငြိမ်းချမ်းရေးဟာ အဓိက ကျပြီး ငြိမ်းချမ်းမှုရှိမှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်လို့ ပြည်ထောင်စုကြီးအတွင်း လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးချုပ်ငြိမ်းပြီး မေတ္တာ နှင့်ယှဉ်သော ထာဝရငြိမ်းချမ်းရေးကြီးကို အမြန်ဆုံးရရှိနိုင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုင်းမှာ တိုင်းရင်းသားပြည်သူအားလုံး မိမိတို့ ကျရာ အခန်းကဏ္ဍမှ အတူတကွ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် တွဲလက်မဖြုတ်စတမ်း ကြိုးပမ်းဆောင်ရွက်သွား ကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်။
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး နှစ်သစ်မှာ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေကြောင်း၊ သာယာချမ်းမြေ့ သော ပျော်ရွှင်ဖွယ်ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း နှင့် ဘာသာတရားတိုင်း၏ အဆုံးအမများကို အစဉ် နှလုံးသွင်း ဆောင်ရွက်တတ်သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

No comments:

Post a Comment