Monday, September 25, 2017

အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း



မြန်မာ့အလင်းအယ်ဒီတာအာဘော်



အိပ်ချင်ယောင်ဆောင်သူကို အနှိုးရခက်သကဲ့သို့ မကြားချင်ယောင်ဆောင်သူ ကို ပြောရခက်ကာ မမြင်ချင်ယောင်ဆောင်သူကိုလည်း ပြရခက်သည်ဟုပင် ဆိုရတော့မည်။ အထူးသဖြင့် ရှုပ်ထွေးသလောက် နက်ရှိုင်းလှသည့် ရခိုင် ပြည်နယ်မြောက်ပိုင်း အရေးနှင့်ပတ်သက်လျှင် အဆိုပါဥပမာက ပို၍ ဆီလျော်လှသည်။ နေ့စဉ်နှင့်အမျှ တစ်ခုပြီးတစ်ခုပေါ်ထွက်နေသော သတင်း များအရ ရခိုင်မြောက်ပိုင်းနှင့် စပ်လျဉ်း၍ သတင်းမှားများကသာ က္ဘာကို ပတ်နေခြင်းမဟုတ်သည့်တိုင် တစ်နည်းနည်းဖြင့် မိမိတို့အကျိုးစီးပွား အတွက် အမြတ်ထုတ်လိုသူများက အမှန်တရားကို မျက်ကွယ်ပြုနေကြခြင်း ဖြစ်ကြောင်းကို တွေ့ရှိနေရပြီဖြစ်သည်။
ကုလသမဂ္ဂမှ တာဝန်ရှိသူများအပါအဝင် နိုင်ငံခေါင်းဆောင်အချို့က မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် အလွန်အကျွံစကားလုံးများ သုံးစွဲကာ ဖိအားပေးရန်ပြင်ဆင်လာကြချိန်တွင် မြန်မာနိုင်ငံဘက်မှ ရပ်တည် ကြသူ မိတ်ဆွေနိုင်ငံများလည်း ရှိနေခြင်းကြောင့်သာ စိတ်သက်သာရာ ရဖွယ်ဖြစ်ရသည်။ အိမ်နီးချင်း အင်အားကြီးနိုင်ငံများဖြစ်ကြသော တရုတ် နှင့်အိန္ဒိယ၊ ရုရှား၊ ဂျပန်နှင့် ထိုင်း စသောနိုင်ငံများက မြန်မာနိုင်ငံအပေါ် စာနာမှုဖြင့် နားလည်မှုပေးကြသည်။
ကုလသမဂ္ဂတွင် ရခိုင်ဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံတကာ၏အမြင်မှာ အင်မတန်ပြင်းထန်သည်ဟု သိရကြောင်း၊ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေနိုင်ငံအဖြစ် မိတ်ဆွေအခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံနှင့်အတူ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် စက်တင်ဘာ ၂၁ ရက်က တွေ့ဆုံရာ တွင် ပြောကြားခဲ့သည်။ တစ်ဖန် စက်တင်ဘာ ၁၉ ရက်က နေပြည်တော် တွင် ကျင်းပခဲ့သည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောကြားသည့်အခမ်းအနားသို့ တက်ရောက်လာကြ သော သံအမတ်ကြီးများ၏ ရခိုင်ပြည်နယ်ဖြစ်စဉ်အပေါ် သဘောထား အမြင်များမှာ ¤င်းတို့ကိုယ်စီ ကိုယ်စားပြုထားကြသည့် နိုင်ငံများမှ အစိုးရ အသီးသီးတို့၏ သဘောထားများကို ထင်ဟပ်နေသည်ကိုတွေ့ရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရခိုင် ပြည်နယ်အရေးသည် ရှုပ်ထွေးနက်နဲသည့်အတွက် စနစ်တကျဖြေရှင်းရန် လိုကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းကလည်း အပြုသဘောဆောင်သည့် ကူညီပံ့ပိုးမှုများ ပေးဖို့လိုအပ်ကြောင်းပြောကြားခဲ့သလို အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗစ်ခရမ် မစ္စရီကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်ဖက်မှ တိုက်ခိုက်လာသည်ကို ပြန်လည်ခုခံခြင်းသည် ဥပဒေအရလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် နိုင်ငံတကာအသိုင်းအဝိုင်းက လည်း ကူညီပံ့ပိုးပေးရန်အသင့်ဖြစ်နေပြီဟု မြင်ကြောင်း၊ ရခိုင်အရေးသည် စနစ်တကျနှင့် အချိန်ယူဖို့လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ရုရှားသံအမတ်ကြီး မစ္စတာနစ်ကိုလေ လစ္စတိုပါဒေါ့ဖ်ကလည်း အပြုသဘော ဆောင်သည့်ချဉ်းကပ်မှုမျိုးကသာ ရှုပ်ထွေးနက်နဲသည့် ရခိုင်ပြည်နယ်က ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ထင်ကြောင်း၊ နိုင်ငံတကာအသိုင်း အဝိုင်းအနေဖြင့် ဘယ်လိုထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်မလဲဆိုသည်ကို ပြသဖို့လိုကြောင်း ပြောကြားခဲ့သည်။
ဤသည်တို့မှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အပေါ် သဘောထားမှန် ကန်သော၊ ရခိုင်ပြည်နယ်ဖြစ်စဉ်အပေါ်တွင်လည်း မှန်ကန်သည့်ဘက်မှ မြင်နိုင်စွမ်းရှိပြီး ဆင်ခြင်တုံတရားပြည့်ဝသူတို့၏ စိတ်ရင်းစေတနာမှန်များ ပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ရခိုင်အရေးကို နိုင်ငံတကာအသိုက် အဝန်းနှင့်ရင်ဆိုင်ဖြေရှင်းရာတွင် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံတို့နှင့် နားလည်မှုပိုမိုရယူဆောင်ရွက်သွားရမည်ဟု ယုံကြည်မိပါ ကြောင်း။ ။

No comments:

Post a Comment