Friday, September 1, 2017

ချိန်ဘာလိန်ကို ပေါင်သန်း ၄ဝ ဖြင့် သဘောတူညီချက်ရထားပြီးဖြစ်သော်လည်း လီမာကိုခေါ်ယူရန် လီဗာပူး ကြိုးပမ်းနေပြန်

Image may contain: 1 person
လီဗာပူးအသင်းက အာဆင်နယ်ကွင်းလယ်လူ ချိန်ဘာလိန်ကို ပေါင်သန်း ၄ဝ ဖြင့် ခေါ်ယူရန် သဘောတူညီချက်ရရှိခဲ့ပြီးဖြစ်သော်လည်း မိုနာကို တောင်ပံ တိုက်စစ်မှူး သောမတ်စ်လီမာကို ပေါင် ၇၅ သန်းဖြင့် ဆက်လက်ခေါ်ယူရန် ကြိုးပမ်းနေဆဲဖြစ်ကြောင်း သိရသည်။ နည်းပြ ဂျာဂင်ကလော့ပ်က ဆောက်သမ်တန် ကွင်းလယ်လူ ဗန်ဒိုက်ကို ခေါ်ယူမည့်အစီအစဉ်ကို မစွန့်လွှတ်သေးသလို လီမာအတွက်လည်း ပေါင်သန်း ၇ဝ ကျော် အသုံးပြုရန် အသင့်ရှိနေခြင်းဖြစ်သည်။ အာဆင်နယ်က လီမာကို ခေါ်ယူရန် နွေဈေးကွက်တစ်ခုလုံး ကြိုးပမ်းခဲ့သော်လည်း ပေါင်သန်း ၅ဝ အထက်ပင် အသုံးပြုခြင်းမရှိသည့်အတွက် အပြောင်းအရွှေ့မှာ ဖြစ်မြောက်မလာခဲ့ခြင်းဖြစ်သည်။ သို့သော် အာဆင်နယ်သို့ လီမာ ရောက်၊ မရောက်ဆိုသည်မှာ အာဆင်နယ်မှ ဆန်းချက်ဇ် ထွက်ခွာသွား၊ မသွားဆိုသည့် အခြေအနေပေါ် မူတည်နေဆဲဖြစ်သည်။
လီဗာပူးကလည်း ကွင်းလယ်နှင့် တောင်ပံတိုက်စစ်ပိုင်းတွင် ကစားနိုင်သည့် လီမာကို မြင့်မားသည့် နှုန်းထားတစ်ရပ်ပေးချေခေါ်ယူရန် ကြိုးပမ်းမှုက ကော်တင်ဟိုကို ဆုံးရှုံးနိုင်ဖွယ်ရှိနေဆဲ အနေအထားကြောင့်ဖြစ်သည်။ ဘာစီလိုနာအသင်းက ဒမ်ဘီလီကို ခေါ်ယူနိုင်ခဲ့ပြီးဖြစ်သော်လည်း နောက်ထပ် ကစားသမားနှစ်ဦး (သို့မဟုတ်) သုံးဦးကို ဆက်လက်ခေါ်ယူဦးမည်ဟု အတည်ပြုထားရာ ကော်တင်ဟို ရရှိရေး လက်မလျှော့သေးသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် လီဗာပူးက ကော်တင်ဟိုကို ဆုံးရှုံးပါက လီမာကို အသင့်အစားထိုးနိုင်ရန် ချိတ်ဆက်လာခြင်းဖြစ်သည်။
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြီးခဲ့သည့်နှစ် ဘောလုံးရာသီတွင် အစကောင်းခဲ့သော်လည်း ခရစ္စမတ်ပွဲကျပ်ကာလတွင်း ရလဒ်ပိုင်း ယိမ်းယိုင်သွား ခဲ့မှုကြောင့် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရသည့်အခြေအနေကို သင်ခန်းစာယူပြီး ကစားသမားအင်အားတောင့်တင်းရေးကို ကြိုးပမ်းနေခြင်းဖြစ်သည်။
မေလဲ့သင်း

No comments:

Post a Comment