Friday, September 1, 2017

မွမ်ဘိုင်း၌ လူနေအိမ်ငါးထပ်တိုက်ပြိုကျ သုံးဦးထက်မနည်းသေဆုံး





Image may contain: one or more people and outdoor
မွမ်ဘိုင်း သြဂုတ် ၃၁ 





အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် သြဂုတ် ၃၁ ရက်က ငါးထပ်လူနေ အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူသုံးဦး ထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်အဖွဲ့က ပြောခဲ့သည်။ အဆိုပါ ဟောင်းနွမ်းနေသော အဆောက်အအုံသည် မွမ်ဘိုင်းမြို့၏ ဘန်ဒီဒေသ မူလာ နာရှက်ကတ် အလီလမ်းပေါ်တွင် တည်ရှိပြီး ဒေသစံတော်ချိန် နံနက် ၈ နာရီ ၄၅မိနစ်တွင် ပြိုကျခဲ့ခြင်း ဖြစ်သည်။ အပျက်အစီးများကြားတွင် လူ ၂ဝ ခန့် ပိတ်မိနေကြောင်း သိရသည်။
အပျက်အစီးများကြားတွင် လူ ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူရှိမရှိကို ဆက်လက်ရှာဖွေနေကြောင်း၊ အဆောက်အအုံ ပြိုကျမှုကြောင့် ပိတ်မိနေသူများကို အတည်မပြုနိုင်သေးကြောင်း ရဲအရာရှိ မနော့ဂ်ျ ရှာမာက ပြောသည်။
လတ်တလောတွင် သဘာဝဘေး တုံ့ပြန်ရေးတပ်ဖွဲ့ (အင်န်ဒီအာရ်အက်ဖ်) မှ အဖွဲ့တစ်ဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ပြိုကျအဆောက်အအုံတွင် မိသားစု ၁၁ စု နေထိုင်လျက်ရှိကြောင်း၊ မွမ်ဘိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်းခဲ့သောကြောင့် အဆောက်အအုံပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (ရိုက်တာ)

No comments:

Post a Comment