Sunday, July 2, 2017

ပြုဖွယ်ရှိက ပြုရမည်သာ





မြန်မာ့အလင်းအယ်ဒီတာအာဘော်



ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၏ လုံခြုံရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်လာ ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်လိုက်သည်။ 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလမှသည် ယခုနှစ် ဇွန်လ ၃ဝ ရက်အထိ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့ ပြည်သူ ၄၁ ဦးသေဆုံးကာ အကြမ်းဖက်သူများက ဖမ်းဆီးခေါ်ဆောင် သွားမှုကြောင့် အပြစ်မဲ့ပြည်သူ ၂၃ ဦးမှာလည်း ပျောက်ဆုံးလျက်ရှိသည်။ သတ်ဖြတ်ခံရသူများမှာ ဒေသခံတိုင်းရင်းသားများအပါအဝင် အပြစ်မဲ့ ပြည်သူများ၊   ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်    နောက်ဆုံးသတင်းအရ ဖိလစ်ပိုင် အခြေစိုက်INGO အဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်းတစ်ဦးပင် ပါဝင်လာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း၏အခြေအနေမှာ တည်ငြိမ် အေးချမ်းစွာ နေထိုင်လိုသူများနှင့် အကြမ်းဖက်လိုသူများအကြား နီးစပ်မှု၊ ရောထွေးယှက်တင်နေမှုများနှင့်အတူ အကြမ်းဖက်တိုက်ခိုက်မှု၊ ဖမ်းဆီး သတ်ဖြတ်မှုများပြုလုပ်၍ လူမှုအသိုင်းအဝိုင်းများအတွင်း ရည်မှန်းချက်၊ ရည်ရွယ်ချက်ရှိရှိဖြင့်  အကြောက်တရားများ  ဖြစ်ပေါ်ဖိစီးလာအောင် ပြုလုပ်နေခြင်းပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင်  ရခိုင်ပြည်နယ်မြောက်ပိုင်းသည်   နိုင်ငံ တကာက အာရုံစူးစိုက်သည့် နေရာတစ်ခုဖြစ်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုခေါင်းစဉ်များအောက်မှနေ၍ မိမိတို့ နိုင်ငံအား ဖိအားပေးမှုများပြုလုပ်လျက်ရှိသည်။ စင်စစ်အားဖြင့် ရခိုင် ပြည်နယ်မြောက်ပိုင်း  ပဋိပက္ခဖြစ်ပွားရာဒေသများမှာ ရခိုင်နှင့်တကွ အခြားမျိုးနွယ်စုဝင် တိုင်းရင်းသားများမှာ လူနည်းစုများဖြစ်ပြီး ၄င်းတို့၏ ခြိမ်းခြောက်ခံနေရသည့် အခြေအနေနှင့် နိစ္စဓူဝစိုးရိမ်ထိတ်လန့်စွာ နေထိုင် နေရသည့်ဘဝများကို မိမိတို့နိုင်ငံအား ဖိအားပေးမှုများ ပြုလုပ်နေသည့်  နိုင်ငံများနှင့်    ပြည်ပမီဒီယာများက     မျက်ကွက်ပြုထားသည်မှာ အထင်အရှားပင်ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ လူနည်းစုများဟု ၄င်းတို့က ညွှန်းဆိုသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များ အတွက် အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုကို  အဖွဲ့ဝင် သုံးဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း   ကုလသမဂ္ဂက မေ ၃ဝ ရက်တွင်   ကြေညာခဲ့ရာ နိုင်ငံတော်အစိုးရက  လက်မခံဘဲ ပယ်ချခဲ့သည်။  ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတူကွဲပြား သည့် လူမှုအသိုင်းအဝိုင်းများကြားတွင် ရန်လိုမုန်းတီးမှုများကို ပိုမိုတိုးမြင့် ဖြစ်ပေါ်လာစေလိမ့်မည်ဖြစ်ကြောင်း၊   မိမိတို့   တည်ဆောက်လိုသည့် အပြန်အလှန်ယုံကြည်နားလည်မှုနှင့် သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင် မှုကို အထောက်အပံ့ပြုနိုင်မည်ဟု မယုံကြည်သလို လူမှုအသိုင်းအဝိုင်း နှစ်ခုစလုံးရှိ ကြောက်ရွံ့ မှုများကိုလည်း  ဖယ်ရှားပေးနိုင်လိမ့်မည်မဟုတ် ကြောင်း ပြောကြားခဲ့သည်။

အဆိုပါမစ်ရှင်တွင် ပါဝင်သည့်အဖွဲ့ဝင် သုံးဦးတို့၏ နောက်ခံသမိုင်း ကြောင်း မရှင်းလင်းမှု၊  သမာသမတ်ကျနိုင်ပါမည်လား  စသည်တို့နှင့် စပ်လျဉ်း၍လည်း     ဝေဖန်မှုနှင့်    မေးခွန်းထုတ်မှုများရှိနေခဲ့သည်။   လူ့အခွင့်အရေးကောင်စီအပါအဝင်   ကုလသမဂ္ဂအေဂျင်စီများသည် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂအပါအဝင် အနောက်နိုင်ငံများ အတွက်  စံနှုန်းတစ်မျိုးနှင့်   အားနည်းသည့်   နိုင်ငံငယ်များအပေါ်တွင်  စံနှုန်းတစ်မျိုး  ကျင့်သုံးနေကြောင်း နိုင်ငံရေးသုတေသီတို့က ထောက်ပြ မှုများလည်း ရှိနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းသည် ပြည်ပမှ လက်နက်၊ ငွေကြေးနှင့် ကျွမ်းကျင်မှုအထောက်အပံ့များ  နောက်ခံပြုထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့်အပြင် မတည်ငြိမ်မှုများ ထပ်မံ ဖြစ်ပေါ်စေရန်  လှုံ့ဆော်မှုများရှိနေသည့်  ဒေသဖြစ်သည်။    ဒေသခံ တိုင်းရင်းသားလူနည်းစုများနှင့်  အေးချမ်းစွာနေထိုင်လိုသူ  အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်တို့ကို ရန်ရှာခြိမ်းခြောက်ခံနေရသည့် ဒေသလည်းဖြစ်သည်။ အဆိုပါ ဖြစ်ပေါ်နေသည့် အခြေခံအကြောင်း တရားများအပေါ်မူတည်၍ နိုင်ငံတော်အစိုးရ၏    လုံခြုံရေးအခြေအနေ သုံးသပ်ဆောင်ရွက် ချက်များ၊ လိုအပ်ပါကသင့်လျော်သည့် ဆောင်ရွက် ချက်များ လုပ်ဆောင် သွားမည့်အပေါ်   တိုင်းရင်းသား   နိုင်ငံသားပြည်သူ တစ်ရပ်လုံးက အပြည့်အဝနှစ်ထောင်းအားရ ကြိုဆိုထောက်ခံကြမည်သာ ဖြစ်သည်ဟု ယုံကြည်ပါကြောင်း။          ။

No comments:

Post a Comment