Monday, January 30, 2017

ပြည်မြန်မာသန့်ရှင်းဖို့ ဝိုင်းဝန်းပါဝင်ကြပါစို့



Image may contain: one or more people, child, grass, outdoor and nature
ရန်ကုန် ဇန်နဝါရီ ၂၉
''ကျွန်ုပ်က အမှိုက်ကောက်တဲ့ သူရဲကောင်းပါ။ ပြည်မြန်မာသန့်ရှင်းဖို့၊ ဝိုင်းဝန်းပါဝင်ကြပါစို့'' ဟူသော စာတန်းများပါဝင်သော အဝါရောင် အင်္ကျီများကို ဆင်တူဝတ်ဆင်ထား သူများသည် ညနေခင်းပူပြင်းသည့် နေရှိန်ကို အံတုလျက်စုပေါင်း၍အမှိုက် ကောက်နေကြသည်။
Trash Hero Myanmar အမှိုက် ကောက်သောအစီအစဉ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိမြို့ကြီးများ၊ လူစည် ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းနှင့် အနီးပတ်ဝန်းကျင်၌ လူအင်အား ၁၅ဝ ခန့်ဖြင့် စုပေါင်းအမှိုက်ကောက် နေကြခြင်းဖြစ်သည်။
အမှိုက်ဆိုသည်များတွင် ဆေးလိပ်တို၊ ကွမ်းယာအိတ်၊ တစ်သျှူးစ၊ သောက်ပြီးသား ရေသန့်ဘူးခွံ၊ အချို ရည်ဘူးခွံ၊ ပလတ်စတစ်အိတ် စသည့် အမှိုက်များပါဝင်သည်။
''ကျွန်တော်တို့ ရည်ရွယ်ချက်က သန့်ရှင်းရေးလုပ်မယ်၊ ပညာပေးမယ်၊ အမူအကျင့်တွေကို ပြောင်းလဲသွားစေ ချင်တာဖြစ်ပါတယ်''ဟု Trash Hero Event ကို ဦးဆောင်သူ ဦးဖုန်းကျော်မိုးမြင့်က ပြောသည်။
Trash Hero World သည် ဆွစ်ဇာလန်နိုင်ငံတွင် Base အဖြစ်ထားရှိပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ နိုင်ငံပေါင်း ၁၁ နိုင်ငံတွင် သက်ဆိုင်ရာ Trash Hero အဖွဲ့များ ဖွဲ့စည်းကာ Trash Hero Event များကို လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ Trash Hero Event တွင် နိုင်ငံပေါင်းများစွာမှ လုပ်အားပေးသူပေါင်း တစ်သောင်းကျော်ရှိခဲ့ပြီး အရှေ့တောင်အာရှ ကမ်းခြေများတွင် အမှိုက်တန်ချိန် ၁၅ဝ ကျော်ကို ကောက်ယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း အဆိုပါ Trash Hero Event ကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့်က ဦးစီးဆောင်ရွက်လျက်ရှိသည်။၂ဝ၁၆ ခုနှစ် ဇူလိုင်လမှ စတင်ခဲ့ပြီး ယခုအထိ ထားဝယ်၊ ငွေဆောင်၊ ပြင်ဦးလွင်၊ မန္တလေးနှင့် ရန်ကုန်မြို့များတွင် (၁၁) ကြိမ်ခန့် စုပေါင်းအမှိုက်ကောက်ခဲ့ကြသည်။
''ကျွန်မတို့ အခုလိုအမှိုက်ကောက် နေတဲ့အချိန်မှာ လမ်းမှာဖြတ်သွားတဲ့အထဲက တစ်ယောက်လောက်ပဲ ဖြစ်ဖြစ် အမှိုက်မပစ်တော့ဘဲ အမှိုက်ပုံးထဲမှာပဲ ပစ်တော့မယ်ဆိုတဲ့ စိတ်ကူးလေးရသွားဖို့ ကျွန်မတို့မျှော်လင့်ပါတယ်''ဟု ပါဝင်အမှိုက်ကောက်သူ မဖြူဖြူခိုင်က ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ ပန်းဆိုးတန်း ဧရိယာအတွင်းတွင် လည်းကောင်း၊ အင်းလျားကန်ပေါင် အတွင်းတွင် လည်းကောင်း ဆောင်ရွက်ခဲ့သလို ထားဝယ်မြို့တွင် တစ်ကြိမ်၊ ငွေဆောင် ကမ်းခြေတွင် သုံးကြိမ်၊ စစ်ကိုင်း သီတဂူဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် လည်း စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုတွင် ယခုထိ အမှိုက်ကောက်သူရဲကောင်း နှစ်ထောင် ကျော်ခန့်ပါဝင်နေပြီး အမှိုက်တန်ချိန် ကီလိုတစ်သောင်းဝန်းကျင် ကောက်ယူသန့်ရှင်းရေးလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် အမှိုက်ကောက် သူရဲကောင်းအဖြစ်ပါဝင်သူ ကိုနေလင်းမောင်က ''အခြားနိုင်ငံတွေရဲ့ကမ်းခြေ တော်တော်များများက လှပကြတယ်။ ဒီဗိုလ်တထောင် ကမ်းနားမှာတော့ ညပိုင်းမှာ အပန်းဖြေလာရင် အမှိုက်တွေကြောင့် အမြင်မတင့်တယ်ဘူး။ ဒါကြောင့် ဒီနေရာကိုအဓိကထားပြီးသန့်ရှင်းရေးလုပ်တာဖြစ်တယ်'' ဟု ဆိုသည်။
မိမိဒေသလှပသန့်ရှင်းပြီး အမှိုက် ကင်းစေလိုသည့်အတွက် အမှိုက်ကောက် သူရဲကောင်းတို့က တန်ဖိုးရှိ သောအချိန်များကိုပေးကာ လှုပ်ရှားမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ စေတနာ သန့်သန့်ဖြင့် သန့်ရှင်းရေးပြုလုပ်ကြသည့်အစီအစဉ်တွင် လူငယ်အများစု ပူးပေါင်းပါဝင်ကြပြီး မည်သူမဆို ပူးပေါင်းနိုင်ကြောင်း သိရသည်။
''အဓိကက ကျွန်တော်တို့တိုင်းပြည်ကို သန့်ရှင်းအောင် လုပ်ချင်တယ်။ ဒီလှုပ်ရှားမှုကို စိတ်ဝင်စားတယ်။ ဘယ်နေရာမှာတော့ အမှိုက်တွေ အများကြီးရှိပါတယ်၊ ဆောင်ရွက်ချင်တယ်လို့ ကျွန်တော်တို့ကို ဆက်သွယ်ရင် ကျွန်တော်တို့ Guide Line တွေ ချပေးမယ်။ အနာဂတ်အတွက် နောက်ထပ် Hero တွေကို လက်ကမ်းကြိုဆိုလျက်ရှိပါတယ်''ဟု ဦးဖုန်း ကျော်မိုးမြင့်က ပြောသည်။
သတင်း- ဝင်းနန္ဒာ၊ဓာတ်ပုံ- ဝင်းဝင်း

No comments:

Post a Comment