Monday, January 30, 2017

မန္တလေးမြို့က စာပေချစ်သူများ၏ ရင်တွင်းစကားများ



Image may contain: 1 person, eyeglasses
စာရေးဆရာ ဆူးငှက်
မန္တလေးမှာ ကျင်းပတဲ့ ကလေးစာပေ ပွဲတော်ကို ဒီနေ့ရောက်ဖြစ်တယ်။ နောက်ဆုံးရက်မှာ ကြိတ်ကြိတ်တိုး စည်ကားတာတွေ့ရတယ်။ ဒီနေ့မှ မဟုတ်ဘူး၊ အရင်နှစ်ရက် ကလည်း တော်တော်စည်ကားတယ်ဆိုတာ လူမှုကွန်ရက်တွေကတစ်ဆင့် ဓာတ်ပုံအထောက်အထားတွေနဲ့ တွေ့ရပါတယ်။
ကလေးစာပေပွဲတော်မှာ ကလေးတွေ ပုံဆွဲကြ၊ ပုံပြောကြ၊ စာဖတ်ကြ၊ ကစားကြ၊ သီချင်းဆိုကြနဲ့ အလွန်ဝမ်းမြောက်စရာပါပဲ။ ကလေးတွေက တီဗွီဂိမ်းတွေ၊ တိုက်ကားတွေ၊ တီဗွီဖန်သားပြင်တွေမှာပဲ တစ်ကိုယ်တော် အချိန်ကုန်နေကြတာများပါတယ်။ အစု အဝေးနဲ့၊ အဖွဲ့အစည်းနဲ့၊ အပေးအယူနဲ့၊ စည်းလုံးညီညွတ်စွာ ဆော့ကစားကြမယ့် အခြေအနေတွေကို ဖန်တီးပေးကြဖို့ ကလေးစာပေပွဲတော်က လမ်းဖွင့်လှုံ့ဆော်ပေးလိုက် တာပါပဲ။
မန္တလေးမှာ ကလေးစာပေပွဲတော် သုံးရက်ကျင်းပရာကနေ သတိပြုမိတာတွေကတော့ လူထုအဖွဲ့အစည်းနဲ့ အားလုံး ပူးပေါင်းပါဝင်ကျင်းပတဲ့ လူထုပွဲတော်ကြီးတွေ၊ ဥပမာ-ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့ အခမ်းအနားမျိုးတွေ မကျင်းပဖြစ်တာ နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်လောက်ရှိပြီ။ ဒါကြောင့် လူထုပွဲတော်ကြီးတွေ မန္တလေးမှာ လိုအပ်နေတာ သေချာတယ်။ လူထုပွဲတော် ကြီးတွေ ကျင်းပကြပါ။
နောက်လူထုပွဲတော်ကြီးတွေ ကျင်းပခဲ့တဲ့ မန္တလေးမှာ အရင်က မန်းရာပြည့်ကွင်းကြီးလို၊ မန်းသီတာဥယျာဉ်လို၊ ဆင်ဖြူကန်ကွင်းလို ကွင်းကြီးတွေရှိခဲ့လို့ ကျယ်ကျယ်လွင့်လွင့် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တယ်။ အခု ဒီကွင်းကြီးတွေအားလုံး မရှိတော့ဘူး။ ဒါကြောင့် မန္တလေးမှာ လူထုပွဲတော်ကြီးတွေ ကျင်းပဖို့ လူထုကွင်းပြင်ကြီးတွေ၊ လူထုရင်ပြင်တွေ၊ လူထုအခမ်းအနားတွေနဲ့ပတ်သက်တဲ့ ပြတိုက်၊ ပြခန်း၊ ခန်းမကြီးတွေ ထိုက်ထိုက်တန်တန် လိုအပ်နေပါပြီလို့ ပြောချင်ပါတယ်။
ဒေါ်နှင်းနှင်းမော် 
မန္တလေးတိုင်းဒေသကြီး 
ကိုယ်ပိုင်ပညာရေးကျောင်းများအသင်းဥက္ကဋ္ဌ 
(CAE ကျောင်းအုပ်ဆရာမကြီး)

ကလေးစာပေပွဲတော်ကြီး မကျင်းပမီ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် အစည်းအဝေးတွေ လုပ်ခဲ့ရပါတယ်။ နေပြည်တော်မှာ ပထမကျင်းပခဲ့ပြီး တော်တော်အောင်မြင်တဲ့ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေ ကလည်း ပိုမိုစည်ကားသိုက်မြိုက်တဲ့ပွဲဖြစ်ဖို့ တော်တော်လေး အားထည့်တိုက်တွန်းပြီး ကျွန်မတို့ကို ပြင်ဆင်ဖို့အကြံပြုခဲ့ပါတယ်။ ကျွန်မတို့လည်း ကိုယ်တာဝန်ကျတဲ့အပိုင်းက အကောင်းဆုံးဖြစ်အောင် ကိုယ်ပိုင်ကျောင်း တွေအစည်းအဝေးပေါင်းများစွာ ပြုလုပ်ပြင်ဆင်ခဲ့ကြရပါတယ်။
မကျင်းပမီကတော့ မျှော်မှန်းတဲ့အထိ စည်စည်ကားကားဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ ပထမနေ့ကတည်းက စည်ကားလွန်းလို့ တိုးမပေါက်အောင်ဖြစ်ခဲ့ရတဲ့ မြင်ကွင်းကို တွေ့ရတော့ ပျော်ပါတယ်။ ကျွန်မတို့ ကိုယ်ပိုင် ကျောင်းပြခန်းလေးမှာလည်း တော်တော်စည်ကားပါတယ်။ အခြားနေရာတွေလည်း တိုးမပေါက်ပါဘူး။ ကလေးတွေလည်း ပျော်ကြ၊ မိဘတွေကလည်း တက်ကြွကြ၊ ပြခန်း တာဝန်ကျဦးဆောင်ရှင်းပြနေတဲ့ ကလေးတွေလည်း မမောနိုင်၊ ပြခန်းကသိမ်းလို့သာ သိမ်းရကြည့်တဲ့သူတွေက မပြန်နိုင်နဲ့၊ ''ပွဲတော် အချိန်နည်းတယ်။ ရက်တိုးသင့်တယ်''ပြောရင်း မချင့်မရဲပြန်သွားတဲ့ ကလေးတွေ၊ လူကြီးတွေကိုကြည့်ရင်း အမောပြေခဲ့ရပါတယ်။ ပွဲတော်ကြီးကအပြန် ဒီပွဲတော် အကြောင်းပြုပြီး စာပေဝါသနာအိုးလေးတွေ ဖြစ်လာမယ့် ကလေးတွေအကြောင်းကို တွေးရင်း ပျော်ရွှင်ရပါတယ်။
ဆရာစိုးဘားဒိုင်(စာရေးဆရာ)
ကလေးစာပေပွဲတော် မန္တလေးမှာလာပြီး ကျင်းပတာက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရက ပူးပေါင်းပြီးလုပ်တာပါ။ ဒီလိုအချိန်တိုလေးနဲ့ ဒီလောက်ကြီးကျယ် ခမ်းနားတဲ့ ပွဲတော်ကြီးတစ်ခုဖြစ်လာတဲ့အတွက်ပါဝင်ပြီး ကြိုးပမ်းကြတဲ့လူတွေကို ချီးကျူးပါတယ်။ ဒီပွဲတော်က တအားအောင်မြင်တယ်။ အားလုံးမြင်ကြတဲ့အတိုင်းပဲ သုံးရက်စလုံး လူတွေတအားစည်ကားတယ်၊ ကလေးတွေ စိတ်ဝင်စားတယ်၊ ပျော်ကြတယ်။ သူတို့ရဲ့ ပျော်နေတဲ့ မျက်နှာလေးတွေမြင်ရတော့ ကျန်တဲ့သူတွေလည်း အပျော်တွေ ကူးစက်တာပေါ့။ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက စာအုပ်ဆိုင်တွေမှာ ကလေးတွေ စုပြုံပြီးတော့ စာအုပ်တွေဝယ်ကြ၊ စာအုပ်တွေကြည့်ကြ၊ ကစားပွဲတွေကလည်း မျိုးစုံဆိုတော့ ကလေးတွေဟာ ပွဲထဲကိုရောက်ပြီဆိုကတည်းက နံပါတ်တစ်အချက် ကလေးတွေပျော်နေကြတယ်။ နောက်အချက်က သူတို့တွေအတွက် မျိုးစုံဆော့ကစားရတဲ့အတွက် လွတ်လပ်မှုပေါ့။ နောက်တစ်ချက်က စာအုပ်တွေဝယ်ကြတာ၊ စာအုပ်တွေပေါ်မှာ အာရုံရောက်လာတာ ဒီပွဲတော်ရဲ့အကျိုးကျေးဇူးပေါ့။ ကလေးတွေက ဂိမ်းပဲဆော့စရာရှိတာ၊ TV ပဲကြည့်စရာရှိတာ၊ ဖုန်းပဲဆော့စရာရှိတာမဟုတ်ဘဲ စာအုပ်တွေလည်း ဖတ်လို့ရတယ်ဆိုတဲ့အသိ ဝင်စေပါတယ်။
အောင်သန်းထွဋ်
( Intensity စာကြည့်တိုက်)

ကလေးတွေ စိတ်ဝင်စားတယ်။ အတော်ကို အုတ်အော်သောင်းတင်းရှိပါတယ်။ ကျွန်တော်တို့ ဘက်က စာကြည့်တိုက်တွေ လုပ်ပေးဖို့ပဲလို တာပါ။ ကလေးတွေ စာမဖတ်ဘူးပြောနေပေမယ့် ဒီဟာတွေကြည့်ရင် လုံးဝသိသာမှာပါ။ ကလေးတွေက လုပ်ချင်ကိုင်ချင်စိတ် ရှိတယ်။ စာကြည့်တိုက်ကိုလည်း ဝင်ချင် ထွက်ချင်စိတ်ရှိတယ်။ ကျွန်တော်တို့ဘက်က ကလေးတွေကို ကြိုဆိုတဲ့ပုံစံမျိုးအစီအစဉ်တွေ လိုအပ်ပါတယ်။ ဒါမျိုးအစီအစဉ်တွေရှိရင် ကလေးတွေ စာကြည့်တိုက်ကိုရောက်လာမှာပါ။ ကလေးတွေဘက်က ချို့ယွင်းချက်မဟုတ်ပါဘူး။ အများစု စာကြည့်တိုက်လုပ်တဲ့သူတွေက ကလေးတွေအတွက် အစီအစဉ်လေးတွေ အားနည်းနေတာက ကလေးတွေနဲ့ မဆိုင်တဲ့ ပုံစံဖြစ်သွားတာပါ။ အခုလိုခေါင်းစဉ်မှာကို ကလေးစာပေသီးသန့်လို့ တပ်လိုက်တော့ ကလေးတွေနဲ့အတူ မိဘတွေပါ ပါလာတယ်။ အဖြေကတော့ ရှင်းပါတယ်။ စာကြည့်တိုက် တွေဘက်က လုပ်ပေးဖို့ပဲကျန်ပါတော့တယ်။ ဒီနေ့ကတော့ စာပေဟောပြောပွဲမှာ ဆွေးနွေးတာက စမ်းသပ်တီထွင်တဲ့ စာကြည့်တိုက်ပေါ့။ အရင်ပုံစံမျိုး စာအုပ်ချည်းသီးသန့်မဟုတ်ဘဲ အကုန်လုံးဝန်ဆောင်မှုပေးနိုင်တဲ့ပုံစံမျိုးတွေ ပါလာမယ်၊ ဒစ်ဂျစ်တယ်နည်းပညာတွေပါလာမယ်။ သူတို့စိတ်ဝင်စားစရာအကြောင်းအရာ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ စာကြည့် တိုက်မှာထားပြီးတော့ IT စတာတွေ အကုန် အစုံဝန်ဆောင်မှုမျိုးတွေပေးနိုင်တဲ့ စာကြည့် တိုက်မျိုးတွေလုပ်သွားဖို့ ဆွေးနွေးတဲ့ပုံစံပါ။
ရဲထက်ဦး(စာကြည့်တိုက်များဖြစ်မြောက်ရေးနှင့် ပြခန်းများစီစဉ်ပေးသူ)
နေပြည်တော်မှာလုပ်တဲ့ ကလေးစာပေပွဲ မှာ စတင်ပါဝင်ခဲ့တယ်။ မန္တလေးပွဲနဲ့ နေပြည်တော်ပွဲဆို မန္တလေးပွဲမှာ အများကြီး ပိုမိုပါဝင်တာတွေ့ရတယ်။ ကလေးတွေ စာအုပ်ဖတ်ဖို့ နည်းလမ်းပေါင်းများစွာတွေ့ရတယ်။ စာကြည့်တိုက်အသင်းတွေဖွဲ့ဖို့ ကြိုးစားနေပါတယ်။ တစ်နေရာထဲမှာပဲ စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်လို့ မြင်ပါတယ်။ စာပေဟောပြောပွဲတို့၊ စာဖတ်ခန်းတို့ဆိုတာ အဓိကကတော့ မိဘတွေကို ဦးတည်တာပါ။ ကလေးတွေအတွက် စာကြည့်တိုက်ပို့ရင် စာဖတ်ဖြစ်အောင်၊ စာအုပ်ဝယ်ဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျင်းပတာပါ။ သုံးရက် စလုံးဆိုရင် စာပေဟောပြောတဲ့သူအယောက် ၃ဝ ကျော်ပါတယ်။ စာအုပ်စာပေဖတ်ခြင်းဆိုတာ တစ်နေ့တစ်ရက်နဲ့ပြောလို့ရတဲ့ အရာမဟုတ်ပါဘူး။ ဒါကြောင့် နိုင်ငံတော် အဆင့်ကရော၊ စာကြည့်တိုက်အဖွဲ့အနေနဲ့ရော ဆက်တိုက်လုပ်ဆောင်နေပါတယ်။ ကလေးတွေရဲ့ ဒီစာဖတ်တဲ့အကျင့်လေးကို ပြုစုပျိုးထောင်မှရမှာပါ ။
မင်းထက်အောင်(မန်းကိုယ်ပွား)
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment