Monday, January 30, 2017

2017 Leopalace 21 မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ သြစတြေးလျနိုင်ငံသား Todd SINNOTT ဗိုလ်စွဲ



Image may contain: 3 people, people smiling, people standing
ရန်ကုန် ဇန်နဝါရီ ၂၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်တို့ ကြီးမှူး၍ မြန်မာပီဂျီအေ၊ Asian Tour နှင့် Japan Golf Tour တို့ ပူးပေါင်းကာ Leopalace 21 ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် 2017 Leopalace 21 မြန်မာအိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲ နောက်ဆုံးနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်း၌ကျင်းပရာ သြစတြေးလျနိုင်ငံသား Todd SINNOTT ဗိုလ်စွဲခဲ့သည်။
Todd SINNOTT သည် နောက်ဆုံးနှစ်ရက်တွင် လျှော့ရိုက်ချက်များ ရိုက်နိုင်ခဲ့သောကြောင့် ထိပ်ဆုံးတွင် ဦးဆောင်နေသည့် ကစားသမားများကို ကျော်ဖြတ်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ တတိယနေ့အပြီးတွင် ထိပ်ဆုံး သုံးဦးစာရင်းတွင် ဦးဆောင်နေသည့် ကစားသမားများမှာ နောက်ဆုံးနေ့တွင် ရလဒ်များဆိုးရွားခဲ့သောကြောင့် လျှော့ရိုက်ချက် ခြောက်ချက်ရိုက်နိုင်ခဲ့သည့် Todd SINNOTT က လျှော့ရိုက်ချက် ၁၄ ချက်ဖြင့် ဗိုလ်စွဲ ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် Todd SINNOTT (သြစတြေးလျ) က သတ်မှတ်ရိုက်ချက်ထက် ၁၄ ချက် လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ပြီး Carlos PIGEM (စပိန်)က သတ်မှတ် ရိုက်ချက်ထက် ၁၁ ချက်လျှော့ရိုက်ပြီး ဒုတိယ၊ Sungjae IM (တောင်ကိုရီးယား)၊ Miguel TABUENA (ဖိလစ်ပိုင်)နှင့် K.T. KIM (တောင်ကို ရီးယား)တို့က ၁ဝ ချက်စီဖြင့် တတိယနေရာတို့ရရှိခဲ့သည်။ နောက်ဆုံးနေ့ အပြီးတွင် ဆုချီးမြင့်ပွဲကို ဆက်လက်ကျင်းပရာ Leopalace 21 ဥက္ကဋ္ဌ Mr.Eisei Miyama နှင့် Asian Tour ကော်မရှင်အဖွဲ့ဝင် ဦးကြည်လှဟန် တို့က အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး က Leopalace 21 ဥက္ကဋ္ဌ Mr.Eisei Miyama ကို လည်းကောင်း၊ Asian Tour က ပန်းလှိုင်ဂေါက်ကွင်းကို လည်းကောင်း အမှတ်တရလက်ဆောင်များ ပေးအပ်သည်။ ဆက်လက်၍ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးက မြန်မာကစား သမားများတွင် အကောင်းဆုံးဆုရရှိသည့် ဘိုဘိုနှင့် ရဲထက်အောင်တို့အား ဆုများချီးမြင့်သည်။ ချန်ပီယံဆုရရှိခဲ့ သည့် သြစတြေးလျနိုင်ငံသား Todd SINNOTTအား Leopalace 21 ဥက္ကဋ္ဌ Mr. Eisei Miyama က ဆုကြေး ဒေါ်လာ ၁၃၅ဝဝဝ ကိုလည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ချန်ပီယံဆု ဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ချန်ပီယံဆုရရှိခဲ့သည့် သြစတြေးလျနိုင်ငံသား Todd SINNOTTနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
(ရဲရင့်ရှိုင်း)

No comments:

Post a Comment