Thursday, December 1, 2016

သုံးနိုင်ငံချစ်ကြည်ရေးပြိုင်ပွဲဝင်ယာဉ်များ ထိုင်းနိုင်ငံသို့ထွက်ခွာ



Image may contain: 1 person , outdoor
မြဝတီ နိုဝင်ဘာ ၃ဝ
အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ခရီးသွားလာရေးမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မော်တော်ကားပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် ယနေ့ မွန်းလွဲ ၂ နာရီခန့်က မြဝတီမြို့သို့ ရောက်ရှိပြီး မြဝတီ-မဲဆောက်ဝင်ထွက်ဂိတ် အမှတ်(၁)ချစ်ကြည်ရေးတံတား မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
အဆိုပါ ချစ်ကြည်ရေးပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီ မြို့မှ စတင်ထွက်ခွာလာပြီး မြန်မာနိုင်ငံ တမူးမြို့မှ တစ်ဆင့် ကလေးမြို့၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်မြို့များသို့ ဖြတ်သန်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့သို့ ရောက်ရှိကာ ထိုင်းနိုင်ငံသို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထွက်ခွာခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်တို့ ဒီခရီးစဉ်မှာ မတူညီတဲ့ မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံဖြစ်ပေမယ့် တူညီတာကတော့ အားလုံးက ဗုဒ္ဓဘာသာဝင်နိုင်ငံတွေပါ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့နိုင်ငံတွေကနေပြီးတော့ ချစ်ကြည်ရင်းနှီးမှုနဲ့ အလုပ်တွေအများကြီးလုပ်ဖို့ကိုလည်း ဆွေးနွေးဖြစ်ခဲ့ကြပါတယ်''ဟု မြန်မာ အဖွဲ့မှ ရုပ်ရှင်သရုပ်ဆောင် ကိုဝေဠုကျော်က ပြောကြားသည်။
အဆိုပါ ချစ်ကြည်ရေးပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် စုစုပေါင်း မော်တော်ယာဉ် အစီး ၂ဝ ဖြင့် မြန်မာနိုင်ငံသား ခုနစ်ဦး၊ ထိုင်းနိုင်ငံသား ခြောက်ဦးနှင့် အိန္ဒိယနိုင်ငံသား ၄၃ ဦး စုစုပေါင်း ၆၅ ဦးပါဝင်ကာ ခရီးစဉ် များတွင် မြန်မာနိုင်ငံအပိုင်း စီစဉ်သူအနေဖြင့် Myanmar Travels Co.,Ltd မှ MD ဦးတံခွန်အဖွဲ့က စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ အလားတူ မြဝတီ မြို့သို့ရောက်ရှိလာသည့် အဆိုပါမော်တော်ယာဉ်အဖွဲ့အား မြဝတီခရိုင်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနရုံးမှ ဦးစီးအရာရှိ ဒေါ်ချောကြည်ကြည်နှင့် ဝန်ထမ်းများကလည်း လိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အဆိုပါ ချစ်ကြည်ရေးပြိုင်ပွဲဝင် မော်တော်ယာဉ်များသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံမှ မြဝတီမြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး မြဝတီမြို့မှတစ်ဆင့် ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ ကလေး၊ တမူးမြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)

No comments:

Post a Comment