Thursday, December 1, 2016

လူသားတွေအတွက် အကျိုးပြုမယ့် စာပေတွေ ရေးသွားမယ်ဆိုရင် နာမည်တစ်လုံးဟာ တင်ကျန်နေမှာပါ



The Mirror Daily's photo.
မြန်မာစာဆိုတော်ကြီးများသည် ခေတ်အဆက်ဆက် တိုင်းပြည်နှင့်လူမျိုးအကျိုးရှိစေမည့် စာကောင်းပေမွန်များကို အမြောက်အမြားရေးသားဖွဲ့ဆိုခဲ့ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း တစ်ဖက်တစ်လမ်းမှ စာပေရေးသားခြင်းဖြင့် ပါဝင်ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ မြန်မာ့စာပေယဉ်ကျေးမှုသည် ရှေးနှစ်ပေါင်းများစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ယနေ့အထိ ရှင်သန်ဖွံ့ဖြိုးလျက်ရှိသည်။ ခေတ်အဆက်ဆက် စာဆိုတော်ကြီးများကလည်း မျိုးဆက်သစ်စာပေပညာရှင်များအား မြန်မာ့စာပေ ဖွံ့ဖြိုးတိုးတက်စေရန် အစဉ်အဆက် လက်ဆင့်ကမ်းအမွေ ပေးခဲ့ကြသူများလည်းဖြစ်သည်။
စာပေဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် စာပေပညာရှင်များအား နိုင်ငံတော်မှ နှစ်စဉ် ဂုဏ်ပြုချီးမြှင့်ခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ၂ဝ၁၅ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆုများ ပေးအပ်ချီးမြှင့်ခဲ့သည့်အတွက် ဆုရစာပေပညာရှင်များနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ရေးသားဖော်ပြလိုက်ပါသည်-
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
''အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းတဲ့အနေနဲ့ ဒီကနေ့မှာ စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပတာဖြစ်ပါတယ်။ ဒီခေတ်မှာ တချို့က ပြောကြတာတွေရှိတယ်။ စာဖတ်တာ နည်းလာတယ်ဆိုပြီးပြောလာတာရှိတယ်။ လူငယ်တွေ စာမဖတ်ဘူးပေါ့။ ကျွန်တော့်အမြင်ကတော့ ဒီခေတ်မှာ စာအုပ်စာတမ်းတွေ အများကြီးထွက်လာတယ်။ စာအုပ်ဆိုင်တွေလည်း အများကြီး ပေါ်လာတယ်။ စာအုပ်ရောင်းပွဲတို့၊ စာအုပ်ဈေးပွဲတော်တို့လိုလည်း ကျင်းပတယ်။ အဲဒီမှာ စာအုပ်ဝယ်ယူဖတ်ရှုသူတွေလည်း အများကြီးများလာတယ်။ စာဖတ်ခြင်းကြောင့် နိုင်ငံသူ နိုင်ငံသား လူကြီး လူငယ်တွေ အသိပညာ ဖွံ့ဖြိုးတိုးတက် လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ဒီလို စာပေဆုချီးမြှင့်ပွဲတွေ၊ တခြားစာပေဆုချီးမြှင့်ပွဲတွေ၊ စာပေဆိုင်ရာ ပွဲလမ်းသဘင်အခမ်းအနားတွေ စာပေကို တိုးတက်အောင် မြှင့်တင်တဲ့ အစီအစဉ်တွေ လုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ လူမျိုးရဲ့ အသိဉာဏ်ဟာ ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်။ အဲဒါဆိုရင် ကမ္ဘာနဲ့ ရင်ပေါင်တန်းပြီးတော့ ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စာရေးဆရာ ဖြစ်ပါတယ်။ ကျွန်တော့်ရှေ့က စာရေးသူတွေရေးခဲ့တဲ့ စာပေတွေဖတ်ရှုပြီး ကိုယ်တိုင်လည်း ရေးသားချင်စိတ်ရှိလာတဲ့အခါ ကိုယ်တိုင်ရေးသားပြီး စာရေးသူဖြစ်လာပါတယ်။ ဒီလိုပဲ ဒီကနေ့ ဆုရတဲ့ ဆရာကြီး၊ဆရာမကြီး တွေရဲ့ စာပေတွေကို ဖတ်ရှုပြီးတဲ့နောက် လူငယ်မျိုးဆက်သစ်တွေလည်းပဲ အလားတူ ဒီစာတွေကနေ စိတ်ကူးစိတ်သန်းတွေရမယ်။ တို့တွေလည်း ဒီလိုစာမျိုးပြောင်မြောက်တဲ့ လက်ရာတွေ ဖန်တီးမယ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေရ မယ်။ စိတ်အားထက်သန်ပြီးရေးသားခြင်းအားဖြင့် သူတို့ကိုယ်တိုင်အတွက်လည်း အောင်မြင်မှုတွေရသလို မြန်မာစာပေအတွက်လည်း ပိုပြီးဖွံ့ဖြိုးတိုးတက် မှုတွေဖြစ်စေမယ်လို့ မြင်ပါတယ်။''
ဦးတင်ခ(တက္ကသိုလ်တင်ခ) အမျိုးသားစာပေတစ်သက်တာဆု
'' စာပေလောကထဲမှာ နှစ်ပေါင်းများစွာ စာပေကို ပြုစုပျိုးထောင်ပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့ သူတွေကို တစ်သက်တာစာပေဆုပေးတာပါ။စာပေနဲ့ စာနယ်ဇင်းမှာက ဥက္ကဋ္ဌ။သတင်းနဲ့ စာနယ်ဇင်းမှာ ဦးဆောင်ညွှန်ကြား ရေးမှူးလုပ်ခဲ့တာဆိုတော့ စာပေလောကထက် အထူးသဖြင့် သတင်းသမားအဖြစ်က ပိုများတာပေါ့ ။ အမျိုးသားစာပေဆုရွေးတဲ့အခါမှာလည်း ပါဝင်ဆောင်ရွက် ခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်လည်း အမျိုးသားစာပေ တစ်သက်တာ ဆုရွေးချယ်ခံရတယ်ဆိုရော။ အထူးသဖြင့် ဒီခေတ်ဒီမိုကရေစီခေတ်မှာအများ ဆန္ဒအရ ရွေးချယ်ခံရတယ်ဆိုတော့ ဝမ်းသာမိတာပေါ့။ဆက်ပြီးတော့လည်းစာပေကို ပြုစုပျိုးထောင်မယ်။ တတ်နိုင်သလောက် လူငယ်တွေအတွက်စာပေတွေကို ကြိုးစားပြီးရေးသွားမယ်။
စာရေးဆရာဆိုတာ သူများကိုချမ်းသာအောင်နည်းပေးလမ်းပြရေးသား ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ချမ်းသာတဲ့သူရှားတယ်။စာရေးဆရာ ကောင်းဖြစ်ဖို့အဓိက ဇွဲပဲ စွဲစွဲမြဲမြဲလုပ်ရမယ်။ စိတ်ဓာတ်ကျလို့မရဘူး။ဒီတစ်ခါ အဖော်ပြမခံရရင်လည်း ဆက်ရေး။နောက်တစ်ခါ ဖော်ပြမှာပဲ။ကြိုးစားပါ ဘဝဒဏ်၊ လောကဒဏ်ကို ခံနိုင်အောင် မှတ်သားသတိဆောင်ဆိုတဲ့ ပါမောက္ခ ဦးအေးမောင်ရေးခဲ့တဲ့ ကဗျာလေးလိုပဲ။ ကြိုးစားကြရင်တော့ စာပေအတွက်ရော လူမျိုးအတွက်ပါ အကျိုးရှိမှာပါ။
ရသစာပေရော၊ သုတစာပေရော အရေးပါတာပဲ။ဘယ်လို စာပေမဆို၊ ဘာအလုပ်မဆို ရိုးရိုးသားသားနဲ့ တစိုက်မတ်မတ်လုပ်သွားမယ်။စာပေရေးသား တဲ့အခါမှာ လူသားတွေအတွက် အကျိုးပြုမယ့် စာပေတွေ ရေးသွားမယ်ဆိုရင် နာမည်တစ်လုံးဟာ တင်ကျန်နေမှာပါပဲ။ဒါ့ကြောင့် လူငယ်တွေကြိုးစားပါ။စာဖတ်ပါ၊ ဖတ်သမျှထဲက အကျိုးရှိမယ့် စာပေအသိတွေကို မှတ်သားလိုက်နာပါလို့ ပြောချင်ပါတယ်။''
ဦးစိန်ဝင်း(ခ) Terence Tan (အင်္ဂလိပ်ဘာသာ သုတဆု၊အမျိုးသားစာပေဆု)
''မြန်မာနိုင်ငံမှာရှိတဲ့ ရှေးဟောင်း ပျူခေတ်နဲ့ ပျူခေတ်မတိုင်မီကရှိခဲ့တဲ့ လက်ဝတ်ရတနာတွေအကြောင်းကို အင်္ဂလိပ်လို ရေးသားဖော်ပြထားတဲ့ (Acient Jewellery of Myanmar from Prehistory to Pyu Period) စာအုပ်နဲ့ ဆုရတာပါ။ဒီစာအုပ်က နိုင်ငံခြားမှာ ပညာရေးအတွက် စာတမ်းပြုစု သူတွေကို များစွာအထောက်အကူပေးနိုင်မယ်လို့ ယူဆပါတယ်။ ပျူခေတ်မှာရှိတဲ့ ယဉ်ကျေးမှုလက်ရာ၊လက်ဝတ်ရတနာတွေ၊ ရွှေလက်ဝတ်လက်စားတွေ ဘယ်လိုတိုးတက်ခဲ့သလဲ။ ပျူခေတ်မတိုင်မီက ပုတီးယဉ်ကျေးမှု ဘယ်လို ထွန်းကားခဲ့သလဲ ဒါမျိုးတွေကို သေချာလေ့လာပြီး ရေးသားဖော်ပြခဲ့ပါတယ်။
အဓိကက ကိုယ့်နိုင်ငံရဲ့ ကြွယ်ဝချမ်းသာမှု၊ သမိုင်းယဉ်ကျေးမှုတွေကို မြန်မာနိုင်ငံသာမက နိုင်ငံတကာကပါ သိအောင် ဖော်ပြချင်လို့ အခုလို ရေးသားပြီး ထုတ်ဝေဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်ဖြစ်ဖို့ အနှစ် ၂ဝလောက် လေ့လာပြုစုခဲ့တာ ဖြစ်တဲ့အတွက်အခုလို ဆုချီးမြှင့်ခံရတော့ ပြုစုရကျိုးနပ် တာပေါ့။ ဝမ်းလည်းသာပါတယ်။ ဒီစာအုပ်က နောက်ထပ်စာတမ်းပြုစုမယ့် သူတွေအတွက် အထောက်အကူ ပြုပေးနိုင်မယ်ဆိုရင်လည်း အတိုင်းမသိ ဝမ်းသာမိမှာပါ။''
ဆရာ ဝိဿဇ္ဇက(ပဲခူး) (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေတတိယဆု၊ စာပေဗိမာန်စာမူဆု)
''ရက္ခပူရ ယဉ်ကျေးမှုအလှစာအုပ်နဲ့ ဆုရတာပါ။ဆုရမယ်လို့တောင် ထင်မထားမိပါဘူး။ ရခိုင်လူမျိုးတွေရဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှု၊ ရခိုင်လူမျိုးတွေရဲ့ သမိုင်းကြောင်းတွေအပြင် ကျောက်စာတွေ။ နောက်ပြီး ရခိုင်အသုံးအနှုန်းတွေ အများကြီးပါပါတယ်။ဆုရတော့ ဝမ်းသာမိပါတယ်။
အခုနှစ်မှာဆို ပြည်ထောင်စုဝန်ကြီးက ကလေးစာပေတွေ။ ကဗျာတွေကို ပိုပြီးအားပေး အလေးထားဆောင်ရွက်လာတာတွေ့ရတယ်။သတင်းစာတွေထဲမှာ ကလေးတွေအတွက် ကာတွန်းကဏ္ဍလေးတွေ ပါလာတာတွေ့ရတယ်။ ဒါဟာ အင်မတန်ကောင်းမွန်တယ်လို့ ထင်မိတယ်။ တကယ်တော့ ကလေးတွေအတွက် ပြင်ပဗဟုသုတနဲ့ တခြားစာပေတွေဖတ်ရှုဖို့ အများကြီးလိုအပ်တယ်။ မိဘတွေကလည်း ဘာသာရပ်ဆိုင်ရာတွေမှာ ထူးချွန်ဖို့အတွက်ပဲ အလေးထားပြီး ကျောင်းပြီး ကျူရှင် ၊ကျူရှင်ပြီး ကျောင်းဆိုတော့ ကလေးတွေမှာ ကိုယ်ပိုင်ချိန် မရှိသလောက်ဖြစ်နေတာတွေ့ရတယ်။ဒါဟာမှားတယ်၊ကလေးတွေအတွက် ရေးထားတဲ့ စာပေက ကလေးတွေရဲ့စိတ်ကို နူးညံ့စေတယ်။ လိမ္မာစေတယ်။ စာပေကို ဖတ်ရှုဖို့ မိဘတွေကလည်း ကလေးတွေကို အားပေးဖို့လိုမယ်ထင်ပါ တယ်။''
ဆရာမ မေဇွန်အေး(ကလေးစာပေ ပထမဆု၊ စာပေဗိမာန် စာမူဆု)
''နေခြည်နုနု ပန်းကလေးများဆိုတဲ့ ကလေးစာပေအမျိုးအစားနဲ့ ဆုရတာပါ။ဆုကြေညာတဲ့အထဲပါတဲ့အတွက် အံ့သြဝမ်းသာဖြစ်ခဲ့ရပါတယ်။တကယ့် ကလေးစာပေစစ်စစ်ပါ။ ကလေးတွေရဲ့ ရင်ထဲကို ဝင်ကြည့်ပြီးရေးထားတာပါ။ ပြိုင်ပွဲမဝင်တော့ဘူးလို့ ဆုံးဖြတ်ပြီး လစဉ်ထုတ် မဂ္ဂဇင်းတွေမှာပဲ အားကောင်းမောင်းသန် ရေးရင်တာဝန်ကျေပြီဆိုပြီး ရေးခဲ့ပါတယ်။ အခု ပြိုင်ပွဲဝင်ဖို့ ရက်ကလည်းမီသွားတယ်။ ပုဒ်ရေကလည်းပြည့်သွားတယ်။ အချိန်တွေ၊ ကန့်သတ်ချက်တွေက ပြည့်မီသွားတော့ ပြိုင်ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ အားစမ်းမှုတစ်ခုလည်း ပြောလို့ရပါတယ်။ဆုဆိုတာကို စိတ်ထဲလည်း မထားခဲ့ဘူး။ စာပေဗိမာန် ရွေးချယ်ရေးအဖွဲ့က ရွေးချယ်တဲ့အတွက် ဆုဆိုတာ လူတိုင်းအတွက် အထွတ်အထိပ်တစ်ခုပေါ့။ ကိုယ်လျှောက်တဲ့ စာပေလမ်းခရီးမှာ ဒီဆုတွေက တစ်တပ်တစ်အားဖြစ်စေတယ်။ တာဝန်လည်းကြီးသွားတယ်။ကလေးတွေအတွက် အထူးသဖြင့် လုပ်ရမယ့်အလုပ်တွေအများကြီး ဖြစ်သွား တာပေါ့။''
ဆရာ ဇော်လွင်ဦး(ဟင်္သာတ)(မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယ၊ ဝတ္ထုရှည် တတိယ၊ စာပဒေသာ ဒုတိယ၊ စာပေဗိမာန်စာမူဆု)
''ဒီနှစ်ရတဲ့ ဆု သုံးဆုလုံးက မတူကွဲပြားတဲ့ သုံးမျိုးလို့ပြောလို့ရပါတယ်။ ဝတ္ထုရှည်က ရသစာပေစစ်စစ်ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာကတော့ သုတေသနလုပ်ထားတဲ့ သုတစစ်စစ်ပါ။စာပဒေသာကတော့ သုတရသ ရောထားတာကို ရသဘောင်ဝင်အောင်ရေးရတဲ့ စာပေပေါ့။အခုလိုဆု သုံးဆု ချီးမြှင့်ခံရတဲ့အတွက် အလွန်ပဲ ဝမ်းသာမိပါတယ်။
စာပေရဲ့ သဘောက ကိုယ်တိုင်ဖတ်နိုင်ရင် ဖတ်၊ မဖတ်နိုင်ရင် စာပေပညာရှင်တွေ ဟောပြောတဲ့ ဟောပြောပွဲတွေမှာ နားထောင်သင့်တယ်။ အဲ့လို နားထောင်ရင် ဗဟုသုတလည်းရမယ်၊စာပေကြောင့် အသိဉာဏ်တွေလည်းရှိ လာမယ်။ အခုနောက်ပိုင်း စာပေဟောပြောပွဲတွေ လုပ်လာတာအများကြီး ကောင်းပါတယ်။
နောက်ပြီး လူငယ်တွေ စာဖတ်စေချင်သလို ကိုယ်တိုင်လည်း စာရေးကြစေချင်ပါတယ်။ လူငယ်တွေမှာ အတွေ့အကြုံကောင်းတွေ အများကြီးရှိပါတယ်။ ခေတ်ကာလကပြောင်းလာတော့ သူတို့သိလာတဲ့ အသိတွေကို စာရေးပြီး ပြန်လည်မျှဝေစေချင်ပါတယ်။
နောက်တစ်ခုက ကလေးစာပေတွေကိုလည်း ဒီထက် ပိုပြီးထွက်ရှိလာ စေချင်ပါတယ်။ ရုပ်ပြတို့၊ ကာတွန်းတို့ကလည်း ကလေးတွေကို ဗဟုသုတတွေ ပေးစွမ်းနိုင်ပါတယ်။ အဲဒီစာအုပ်တွေကနေမှ တဖြည်းဖြည်း ကလေးတွေက ဗဟုသုတဖြစ်ဖွယ်စာအုပ်တွေ၊ သုတ၊ရသ စာအုပ်တွေ ရှာဖွေဖတ်လာကြမှာပါ။ နိုင်ငံတော်က အခုဆို ကလေးစာပေကို ပိုပြီး အားပေးလာသလို စာရေး ဆရာတွေကလည်း ကြိုးစားပြီးရေးနေကြတယ်။ ဒါတိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာပါ။ကျောင်းတွေမှာလည်း စာကြည့်တိုက်တွေ ရှိဖို့လိုပါတယ်။''
စုစည်းရေးသားသူ-သီသီမင်း/ဓာတ်ပုံ ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment