Tuesday, August 2, 2016

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ထမ်းများတွေ့ဆုံ




The Mirror Daily's photo.


ရန်ကုန် သြဂုတ် ၁

တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် အသင်းအဖွဲ့၏ စွမ်းရည်ပြည့်ဝစေရန်နှင့် စွမ်းဆောင်မှုအရည်အချင်းပြည့်ဝမှ ရလဒ်ကောင်းရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုရှိရန် လိုအပ်ကြောင်း၊ ပျော်ရွှင်မှုရှိပါက အလုပ်လုပ်နိုင်စွမ်းအားများ ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းအဖွဲ့ဖြင့် စည်းစည်းလုံးလုံးလုပ်ကိုင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သြဂုတ် ၁ ရက် နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး မြပန်းအိုင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်မှ အစိုးရကဏ္ဍနိုင်ငံတကာစာရင်း စံကျင့်သုံးရေး၊ ငွေကြေးစီမံခန့်ခွဲမှုခိုင်မာမှုရှိစေရေး၊ ပိုင်ဆိုင်ပစ္စည်းများကို ကောင်းမွန်ထိရောက်စွာ စီမံခန့်ခွဲအသုံးချနိုင် ရေးတို့ကို စိစစ်မှု၊ ပုဂ္ဂလိက ကဏ္ဍစာရင်းစံများ လိုက်နာကျင့်သုံးမှုအခြေ အနေစိစစ်မှု၊ အစိုးရကဏ္ဍ အစိုးရ စာရင်းထားနည်းကို ငွေသားအခြေခံမှ စေ့ရောက်မှုအခြေခံသို့ ပြောင်းလဲဆောင်ရွက်မည့်အပိုင်းနှင့် ပုံမှန် စစ်ဆေးရေးလုပ်ငန်းများတွင် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းမှ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းသို့ ဦးတည် ပြောင်းလဲဆောင်ရွက်ရန်တို့ကို ဆွေးနွေးပြောကြားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့်အတူ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်-၁ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
သတင်း-ဇာနည်မောင်
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment