Tuesday, August 2, 2016

အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးသည် မဖြစ်မနေဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်ဟုခံယူ အနုပညာသည် သက်ဆိုင်ရာနိုင်ငံ၊ လူမျိုးများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ကိုယ်စားပြု




The Mirror Daily's photo.


နေပြည်တော် သြဂုတ် ၁

မြန်မာ့တန်ဖိုးဆိုသည်မှာ မြန်မာနိုင်ငံ၏ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုအမွေအနှစ်၊ အနုပညာနှင့် သုခုမလက်ရာများကို ကိုယ်စားပြုပါကြောင်း၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံဟုဆိုလိုက်သည်နှင့် ယင်းတန်ဖိုးများကို အလိုအလျောက် မြင်ယောင်လာ စေမည်ဖြစ်ပါကြောင်း၊ ထို့အတူ အဆိုပါယဉ်ကျေးမှုအထိမ်းအမှတ်များကို မြင်လိုက်သည်နှင့် မြန်မာဆိုသည်ကိုလည်း ယှဉ်တွဲသိမြင်လာစေမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပသည့် (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာ့တန်ဖိုးထဲတွင် အဆို၊ အက၊ အရေး၊ အတီးအပါအဝင် အနုသုခုမပညာရပ်များ ပါဝင်ပါကြောင်း၊ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား သွေးရင်းသားရင်း အားလုံးတွင် သီးခြားစီထင်ရှားပေါ်လွင်သည့် အနုသုခုမ တေးဂီတနှင့် အဆို၊ အကများစွာရှိကြပါကြောင်း၊ ထို့ကြောင့် အဆို၊ အက၊ အရေး၊ အတီးအပါအဝင် အနုသုခုမ ပညာရပ်များကို နောင်လာနောက်သားများလက်ထက်အထိ အရှည်သဖြင့် တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်သွား ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယသမ္မတက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် တိုင်းပြည်အတွက် မဖြစ်မနေ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်ဟု ခံယူသည့်အတွက် စဉ်ဆက်မပြတ် ကျင်းပနိုင်ရန် လက်ဆင့်ကမ်းတာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အနုသုခုမ သဘင်၊ ဂီတ စသည့် အနုပညာများသည် သက်ဆိုင်ရာနိုင်ငံ၊ သက်ဆိုင်ရာ လူမျိုးများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ညွှန်းနေပြီး တန်ဖိုးကို ကိုယ်စားပြုနေခြင်းဖြစ်သည့်အတွက် မူလ အနှစ်သာရ၊ သမိုင်းအဆက်အစပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး ပိုမိုကောင်းမွန်၊ ပိုမို တင့်တယ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ယခုကျင်းပမည့် ဆိုကရေးတီးပြိုင်ပွဲကြီး အဆင့်အတန်းမြင့်မားပြီး အနှစ်သာရပြည့်ဝစေရန်အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လုပ်ငန်းကော်မတီများဖွဲ့စည်းမှု နှင့် လုပ်ငန်းတာဝန်များကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဒေါက်တာဒေါ်နန္ဒာမွှန်းက ဘဏ္ဍာရေးအခြေအနေနှင့် ဘဏ္ဍာငွေရရှိမှုကိုလည်းကောင်း၊ ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီ တွဲဖက်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ဂုဏ်ပြုတံဆိပ်၊ ဂုဏ်ပြုလွှာမှတ်တမ်းနှင့်ဆုများ ပေးအပ်ချီးမြှင့်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေ အနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ လှုံ့ဆော်ရေး၊ သတင်းထုတ်ပြန်ရေး၊ နေရေးထိုင်ရေး၊ ပို့ဆောင်ဆက်သွယ် ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးသည်။

(၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာလတွင် နေပြည်တော် ရေဆင်းနယ် မြေ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲ၏ဦးတည်ချက်မှာ တစ်မျိုး သားလုံး၏ အမျိုးသားရေးစိတ်ဓာတ် ပိုမိုတိုးတက်ဖြစ်ထွန်း လာစေရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအနုပညာအမွေအနှစ်များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ထာဝရရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေးနှင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရာတွင် အနုသုခုမပညာဖြင့် ပါဝင် ဆောင်ရွက်ရေးတို့ဖြစ်သည်။
(သတင်းစဉ်)

No comments:

Post a Comment