Tuesday, August 2, 2016

2.8.2016...ကြေးမုံ စာတည်းရှုထောင့်




နိုင်ငံ့ခေါင်းဆောင်များနှင့်ယုံကြည်မှုတည်ဆောက်ရေး


(၂၁) ရာစု ပင်လုံညီလာခံကို ဦးတည်နေသောဆွေးနွေးပွဲများ၊ တွေ့ဆုံ ပွဲများကို ခပ်စိပ်စိပ်တွေ့မြင်နေရရာ ငြိမ်းချမ်းရေးအတွက်အားတက်ဖွယ် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ မိုင်ဂျာယန်တွင် တိုင်းရင်းသားလက်နက် ကိုင်များ၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ ဖိတ်ကြားထားသူများ တက်ရောက်နေစဉ် နေပြည်တော်၌ 'ဝ' အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံ ခဲ့ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်တွေ့ဆုံရာတွင် 'ဝ' အဖွဲ့မှ ကျောင်းသားလူငယ် တစ်ရာခန့်ကိုပါ လက်ခံတွေ့ဆုံခဲ့ရာ ထူးခြားလှသည် ဟု ဆိုနိုင်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းသား လူငယ်များအား နှုတ်ခွန်းဆက်စကားပြောကြားပြီး ၎င်းတို့မေးသော မေးခွန်းများကို စိတ်ရှည်လက်ရှည် ပြန်လည်ဖြေကြားခဲ့သည်။ မေးခွန်းများမှာ အဆင့်မြင့်သည်။ ပညာရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာများဖြစ်သည်။ အဖြေများက သူတို့အတွက် ကျေနပ်မှုရစေလိမ့်မည်ဖြစ်သည့်အပြင် လူထုခေါင်းဆောင်တစ်ယောက်က အလေးထားလက်ခံတွေ့ဆုံခဲ့သော ဖြစ်ရပ်က ၎င်းတို့ဘဝအတွက် ကောင်းမွန်သော လွှမ်းမိုးမှုတစ်ရပ်ဖြစ်စေ နိုင်ပါသည်။
ဤသို့နိုင်ငံတော်အဆင့် ခေါင်းဆောင်များက ကျောင်းသားလူငယ် များနှင့်လက်ခံတွေ့ဆုံခြင်းမှာ ဒီမိုကရေစီနိုင်ငံများတွင်သာ တွေ့မြင်ရသော ကိစ္စဖြစ်သည်။ ယခင်က အိန္ဒိယသမ္မတ အဗ္ဗဒူကလန်က သူ၏သမ္မတသက်တမ်းကာလအတွင်း ကျောင်းသား ၅ဝဝဝဝ အထိ တွေ့ဆုံနိုင်ရန် ကြိုးစားခဲ့သည်။ အမေးအဖြေကဏ္ဍတစ်ခုတွင် သူက ''အိန္ဒိယရဲ့ အကြီးဆုံးရန်သူက ဘာဖြစ်မလဲ''ဟု ကျောင်းသားများကို မေးလိုက်ရာ (၁၁)နှစ်အရွယ် ကျောင်းသူတစ်ဦးကထပြီး ''ဆင်းရဲမွဲတေမှုပါ သမ္မတကြီး''ဟု ဖြေဆိုခဲ့သည်။ ထိုအဖြေအတွက် ကလေးငယ်၏ ဥာဏ်ပညာကို သမ္မတကပင် အံ့သြချီးကျူးခဲ့ရပြီး ထိုသတင်းမှာ အိန္ဒိယသာမက ကမ္ဘာသို့ပင် ပျံ့နှံ့ခဲ့သည်။
ပြီးခဲ့သော သုံး၊ လေးလက အမေရိကန်သမ္မတ ၅ဝ ကျော်အဆက်ဆက်၏ အမည်များကို အစဉ်လိုက်ရွတ်ပြနိုင်သော ခုနစ်နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမ္မတ အိုဘားမားက အိမ်ဖြူတော်သို့ ဖိတ်ကြားကာ လက်ခံတွေ့ဆုံခဲ့သည်။ ထိုကလေးမကလေးနှင့် သမ္မတ အပြန်အလှန် စကားပြောဆိုခန်းကို တွေ့မြင်ရသည်မှာ ကြည်နူးဖွယ်ဖြစ်သည်။ ကလေးငယ်၏ မေးခွန်းများကို သမ္မတက လေးလေးစားစား ဖြေဆိုခဲ့သည်ကို တွေ့ရသည်။
၁၉၆ဝပြည့်နှစ် တစ်ဝိုက်က ဘီလ်ကလင်တန်အမည်ရသော ထူးချွန် အထက်တန်းကျောင်းသားလူငယ်သည် သမ္မတ ကနေဒီနှင့်တွေ့ဆုံခွင့်ရ ခဲ့သည်။ နောင်အနှစ် ၃ဝ လောက်ကြာသောအခါ သူသည် အမေရိကန်သမ္မတ ဖြစ်လာခဲ့သည်။ ယခုသူ၏ဇနီး ဟီလာရီကလင်တန်ကို လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတလောင်းအဖြစ် ဒီမိုကရက်တစ်ပါတီက ရွေးချယ်ခဲ့သည်။ ဒီမိုကရေစီနိုင်ငံတွင် အိပ်မက်များ တကယ်ဖြစ်နိုင်သည်။ လူငယ်များအတွက် တိုးတက်ရာ တိုးတက်ကြောင်းကို အပြောမဟုတ် တကယ်လက်တွေ့ဖြစ်မြောက်အောင် ဖန်တီးနိုင်သည်ကို ပြဆိုနေခြင်းပင်ဖြစ်သည်။
ယခင်အာဏာရှင်ခေတ်များတွင် "Hand Shaking and baby kissing" ဆိုသော ဒီပလိုမေစီခေတ်စားခဲ့သည်။ အာဏာရှင် ထိပ်သီးများနှင့် လူထုတွေ့ဆုံပွဲများတွင် ရွေးချယ်ထားသော လူတချို့နှင့် လက်ဆွဲ နှုတ်ဆက်ပြီး ကလေးငယ်တစ်ဦးကို နမ်းပြလိုက်လျှင်ပင် လူထုအတွက် အလွန်တာဝန်ကျေသော ပုဂ္ဂိုလ်များအဖြစ် မီဒီယာများက ပုံဖော်ချီးကျူး ပြကြရသည်။
ကျောင်းသားလူငယ်များနှင့် အမေးအဖြေပြုလုပ်ခြင်းဆိုသည်မှာ ပွင့်လင်းမြင်သာမှုရှိသော လူထုအကျိုးအတွက် စဉ်းစားမှုများကို ခေါင်းထဲ တွင် အချိန်ပြည့်ထည့်ထားသော နိုင်ငံ့ခေါင်းဆောင်များသာ လုပ်နိုင်စွမ်း ရှိသည်။ မြန်မာနိုင်ငံအတွက်ဆိုလျှင်မူ ထိုတွေ့ဆုံမှုမျိုးမှသည် တိုင်းရင်းသားချစ်ကြည်ရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံထူထောင်ရေးတို့အထိ ယုံကြည်မှုရရှိသွားစေနိုင်ကြောင်း ရေးသားဖော်ပြရပေသည်။ ။

No comments:

Post a Comment