Saturday, July 30, 2016

တန်းတက်မျက်နှာသစ်အသင်းတွေရဲ့ ပြင်ဆင်မှုနဲ့ လီဂူး-၁

မိုးမြင့်လင်းလက်

၂ဝ၁၆- ၂ဝ၁၇ ဘောလုံးရာသီကို လာမယ့် သြဂုတ်လလယ်မှာ စတင်တော့မှာဖြစ် တဲ့အတွက် ရက်သတ္တ နှစ်ပတ်ခန့်သာလိုတော့တယ်။ ပရီမီယာလိဂ်၊ လာလီဂါ၊ ဘွန်ဒက်လီဂါ၊ စီးရီးအေစတဲ့ ပရိသတ်အကြိုက် ဥရောပ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေ အတွက် ရာသီအကြို ပြင်ဆင်မှု၊ ခြေစမ်းပွဲတွေကစားနေမှု၊ ကစားသမားအသစ်တွေ ဝယ်ယူဖြည့်ဆည်းမှုတွေနဲ့ လှုပ်လှုပ်ရှားရှားရှိနေချိန်မှာ ပြင်သစ်လိဂ် လီဂူး-၁ ဘက် ကို မျှော်ကြည့်လိုက်ရင် တန်းတက်အသင်းသစ်သုံးသင်းရဲ့ ပြင်ဆင်မှုတွေကိုလည်း မြင်တွေ့နေရပါတယ်။ 

ဒါကြောင့် တန်းတက်အသစ်သုံးသင်းရဲ့ အခြေနေကိုကြည့် ရင်တော့...
ပြင်သစ်လီဂူး-၁ကို တန်းတက်လာတဲ့ အသင်းဖြစ်တဲ့ မက်ဇ်အသင်းဟာ ခြေစွမ်း ကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်။ ပြင်သစ်လီဂူး-၁ မှာလည်း အကြိမ်ကြိမ်တက် ရောက်ကစားဖူးတဲ့အသင်းဖြစ်ပြီး အတွေ့အကြုံများစွာရရှိထားတဲ့ ကစားသမားတွေ နဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ နည်းပြ ဟင့်ရှ်ဘာဂါ ကိုင်တွယ်နေတဲ့ မက်ဇ်အသင်း ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက လီဂူး-၂ မှာ တတိယရရှိခဲ့တာမို့ အခုလို လီဂူး-၁ ကို တန်းတက်လာတာဖြစ်ပါတယ်။ မက်ဇ်အသင်းမှာ ဝီလ်တော့၊ ရစ်ဘာရီ၊ ပီရက်စ်၊ အဒီဘာယော၊ ဆာဟာ၊ ရီဂိုဘတ်ဆောင်း စတဲ့ နာမည်ကြီး ကစားသမားတွေ ကစား ခဲ့ဖူးတဲ့အသင်းဖြစ်လို့ အစဉ်အလာကောင်းလည်း ရှိပါတယ်။ မက်ဇ်အသင်းအနေနဲ့ ဒီနှစ် လီဂူး-၁ အတွက် ပြင်ဆင်တဲ့နေရာမှာ တိုက်စစ်အတွက် တူရကီလက်ရွေးစင် ဟောင်း အာဒင်းကို ပေါင် ၂ ဒသမ ၅ သန်းနဲ့ ခေါ်ယူအားဖြည့်ထားပါတယ်။ ပြီးခဲ့ တဲ့နှစ်က လီဂူး-၂မှာ ၃၈ ပွဲ ကစားခဲ့ရာမှာ ၁၉ ပွဲနိုင်၊ ၈ ပွဲ သရေ၊ ၁၁ ပွဲရှုံးရလဒ်နဲ့ စုစု ပေါင်း ၆၅ မှတ်ရရှိခဲ့ပြီး တတိယနေရာက တန်းတက်ခဲ့တဲ့ မက်ဇ်အသင်းရဲ့ မကြာခင် ကြုံတွေ့ရတော့မယ့် လီဂူး-၁ ကို ဘယ်လိုဖြတ်ကျော်သွားမယ်ဆိုတာ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ 

လီဂူး-၁ ကို တန်းတက်လာတဲ့ မျက်နှာသစ်အသင်းကတော့ နန်စီပဲဖြစ်ပါတယ်။ လီဂူး-၂ ကနေပြီး ချန်ပီယံအဖြစ် တက်ရောက်လာခဲ့တာဖြစ်ပြီး အသင်းလိုက်စွမ်း ဆောင်မှု မြင့်မားတဲ့အသင်းလည်းဖြစ်ပါတယ်။ နန်စီရဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုက ခံစစ်ပိုင်းကောင်းမွန်တာဖြစ်ပြီး ပေးဂိုးအနည်းဆုံးဖြစ်အောင် အားထုတ်နိုင်သူတွေ ဖြစ်တာမို့ ပြီးခဲ့တဲ့ရာသီက စုစုပေါင်း ၃၂ ဂိုးသာပေးနိုင်ခဲ့တာတွေ့ရပါတယ်။ နည်းပြ ဟော်ရီယာရဲ့ နန်စီအသင်းဟာ ပြီးခဲ့တဲ့နှစ်က လီဂူး-၂မှာ ၃၈ ပွဲကစားခဲ့ရာမှာ ၂၁ ပွဲ နိုင်၊ ၁၁ ပွဲသရေ၊ ခြောက်ပွဲရှုံးရလဒ်တွေနဲ့ စုစုပေါင်း ၇၄ မှတ်ရပြီး ချန်ပီယံဖြစ်ခဲ့ပါ တယ်။ ဒီနှစ်နွေရာသီ ဘောလုံးသမားအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူခြင်းမရှိသေးဘဲ လက်ရှိကစားသမား အင်အားနဲ့ပဲ လီဂူး-၁ ကို ရင်ဆိုင်ဖြတ် ကျော်ဖို့ ပြင်ဆင်ထားပါတယ်။ 

လီဂူး-၁ ကို တက်ရောက်လာတဲ့ နောက်အသင်းကတော့ ဒီဂျွန်အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက လီဂူး-၂ မှာ ဒုတိယရရှိခဲ့တဲ့အသင်း ဖြစ်ပါတယ်။ ဒီဂျွန် အသင်းဟာ ၁၉၉၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့အသင်းဖြစ်ပြီး လီဂူး-၁ ကို တစ် ရာသီ တက်ရောက်ယှဉ်ပြိုင်ခဲ့ဖူးခဲ့တာမို့ အခုအကြိမ်ဟာ ဒုတိယအကြိမ် တက်ရောက် လာခြင်းဖြစ်ပါတယ်။ နည်းပြ အိုဂလီယိုဟာ ဒီဂျွန်အသင်းကို ၂ဝ၁၂ ခုနှစ်က စတင် ကိုင်တွယ်ခဲ့သူဖြစ်လို့ အသင်းရဲ့ အားသာချက် အားနည်းချက်တွေကို ကောင်းကောင်း သိနေသူဖြစ်ပါတယ်။ ဒါကြောင့် ဒီဂျွန်အသင်းဟာ တိုက်စစ်စွမ်းရည်မြင့်မားပြီး နိုင်ပွဲ တွေရရှိခဲ့တာဖြစ်ပါတယ်။ ဒီဂျွန်ရဲ့ ပြီးခဲ့တဲ့နှစ်က သွင်းဂိုးဟာ လီဂူး-၂ မှာ စုစုပေါင်း ၆၂ ဂိုးရှိပြီး ကောင်းမွန်တဲ့ အနေအထားရှိခဲ့ပါတယ်။ ဒီနှစ်မှာ ကစားသမားသစ် မာတင်ကို အငှားနဲ့ ခေါ်ယူထားပါတယ်။ ဒါ့အပြင် ဗဟိုကွင်းလယ်ကစားသမားဘဲလ်မွန့်ကိုလည်း ခေါ်ယူအားဖြည့်ထားတာကြောင့် ဒီဂျွန်ရဲ့ ကွင်းလယ်က တောင့်တင်း နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် မကြာမီမှာ ရင်ဆိုင်ဆင်နွှဲရတော့မယ့် လီဂူး-၁မှာ ဒီဂျွန် တို့ရဲ့ ခြေစွမ်းက တောက်ပနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ။

No comments:

Post a Comment