Sunday, July 31, 2016

''ဝ'' အထူးဒေသ(၂)ဟာ နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာထားရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်နှင့် ''ဝ'' အထူးဒေသ(၂) ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံရာတွင် ပြောကြား




The Mirror Daily's photo.


နေပြည်တော် ဇူလိုင် ၃ဝ

ဒေါက်တာတင်မျိုးဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါလစ်ဗျူရိုအမြဲတမ်းကော်မတီ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူယိ ဦးဆောင်သည့် 
''ဝ'' အထူးဒေသ(၂) ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ တွေ့ဆုံကြသည်။

ထိုသို့တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ဇော်ဦးက '' ''ဝ''အထူးဒေသ(၂)ကိုယ်စားလှယ်တွေအနေနဲ့ မနေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံမှုတွေမှာ ပွင့်ပွင့်လင်းလင်း၊ တန်းတူရည်တူမှုရှိရှိ ဆွေးနွေးနိုင်ခဲ့တဲ့အတွက် သူတို့အနေနဲ့ များစွာဝမ်းသာတဲ့အကြောင်းပြောပါတယ်။ ''ဝ''အထူး ဒေသ(၂)ဟာ အရင်အစိုးရ၊ တပ်မတော်တို့နဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ စိတ်ရောကိုယ်ရော ပူးပေါင်းဆောင်ရွက်ခဲ့သလို အခုလက်ရှိအစိုးရ၊ တပ်မတော်တို့နဲ့လည်း ငြိမ်းချမ်း ရေးအတွက် ဆက်လက်ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးကို မျှော်လင့်ချက်ကြီးစွာထားရှိပြီး လေးလေးနက်နက်လည်းထားကြောင်း၊ ဒါပေမယ့် နိုင်ငံရဲ့အခြေအနေအရ အခက်အခဲတွေရှိနိုင်တဲ့အကြောင်း၊ အဲဒီအခက် အခဲတွေကို အခုလိုမကြာခဏတွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းနဲ့သွားမယ်ဆိုရင် ပြေလည်သွား နိုင်မယ့်အကြောင်း၊ မိမိတို့ ညီအစ်ကိုတွေ ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို တည်ဆောက်သွားနိုင်မယ်လို့ ယုံကြည် ပါကြောင်း'' နှစ်ဖက်တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်သုံးသပ်သည့်ဆွေးနွေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်းနှင့် ပတ်သက်၍လည်း မေးမြန်းမှုများကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း ဖြည့်စွက်ပြောကြားသည်။

''သူတို့မေးတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ဆွေးနွေးမယ့် ကိစ္စတွေဟာ NCA ကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ NCA ဆိုတာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လို့ ခေါင်းစဉ်တပ် ထားပေမယ့်လည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး တစ်ခုတည်းသာမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုတွေပါ ပါဝင်ပါတယ်။ ဒါကြောင့် နိုင်ငံရေးဆွေးနွေးမှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို ရေးဆွဲရပါတယ်။ ညီလာခံကို ဘယ်လိုကျင်းပမယ်၊ ကိုယ်စားလှယ်အချိုးအစားတွေကို ဘယ်လိုခွဲဝေကြမယ်၊ ဘယ်လိုခေါင်းစဉ်တွေဆွေးနွေးကြမယ် စသည်ဖြင့် ဒီလိုအချက်တွေကို မူဘောင်မှာ အသေးစိတ်ရေးဆွဲထားပါတယ်။

အရင်ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်ကို မူတည်ပြီးတော့ ပထမအကြိမ်ညီလာခံကို အရင်အစိုးရလက်ထက်က ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီရေးဆွဲထားတဲ့မူဘောင်မှာ ပြင်ဆင်ခွင့်ရှိတယ်လို့ ပါရှိပါတယ်။ အရင်အခြေအနေနဲ့ လက်ရှိအခြေအနေက ပြောင်းလဲလာပြီဖြစ်တဲ့အတွက်ကြောင့် မူဘောင်ကို ပြင်ဆင်ပြောင်းလဲဖို့လည်း လိုအပ်လာပါတယ်။ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်လာသလို ပြင်ဆင်ပြောင်းလဲနိုင်ခွင့်လည်းရှိတဲ့အတွက်ကြောင့် ဒါကို တိုင်းရင်းသားညီအစ်ကိုတွေနဲ့ ပြန်လည်ဆွေးနွေညှိနှိုင်းပြီး မူဘောင်ကိုသုံးသပ်မယ်။ ပြီးရင် ပြင်ဆင်သင့်တာတွေကို ပြင်ဆင်မယ်။ ပြီးရင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကို ကျင်းပမှာဖြစ်ပါတယ်။

ဒီငြိမ်းချမ်းရေးညီလာခံကို ကျွန်တော်တို့ တိုင်းရင်းသားညီအစ်ကိုတွေ ပူးပေါင်းပြီး လုပ်ထားတယ်ဆိုတာမျိုးပေါ်လွင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်၊ သူတို့တွေကိုလည်း ဒီထဲမှာ ပါဝင်လာခြင်းအားဖြင့် တို့လည်းပိုင်ဆိုင်တယ်။ တို့တွေအတူတကွ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ခံစားမှုမျိုးရနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်''ဟု ''ဝ''အထူးဒေသ(၂)အဖွဲ့အား ရှင်းပြခဲ့မှုနှင့် စပ်လျဉ်း၍ ဦးခင်ဇော်ဦးက ပြောသည်။

''ဝ''အထူးဒေသ(၂)အဖွဲ့အနေဖြင့် ၎င်းတို့၏ ခေါင်းဆောင်များကို ဆက်လက်တင်ပြပြီး ယခုမူဘောင်ဆွေးနွေးပွဲတွင် ပါဝင်လာနိုင်အောင် ကြိုးစားမည်ဟု ပြောကြားခဲ့ကြောင်းလည်း ဦးခင်ဇော်ဦးက မီဒီယာများကို ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့်လည်း မကြာမီကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံတွင် တိုင်းရင်းသားညီအစ်ကိုများ တတ်နိုင်သမျှ အများဆုံး ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်အောင် ဆောင်ရွက်သွားမှာဖြစ်သည်ဟု ''ဝ''အထူးဒေသ(၂)အဖွဲ့အား ပြောကြားခဲ့ကြောင်း ဦးခင်ဇော်ဦးက ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်သည် အထူးဒေသ(၄)(မိုင်းလား)အဖွဲ့နှင့်လည်း ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ သြဂုတ် ၂ ရက် မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ချမှတ်ပေးသော လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးကော်မရှင်ကို ၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်က ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် (Nationwide Ceasefire Agreement- NCA)ကိုအခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ၂ဝ၁၆ခုနှစ် သြဂုတ်လ စတုတ္ထပတ် နောက်ဆုံးထား၍ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးအတွက် အကြိုပြင်ဆင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကျော်သူထက်)

No comments:

Post a Comment